
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုတစ်ခုကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ ယနေ့ (အောက်တိုဘာ ၁) စတင်ကြားနာစဉ် စစ်ကောင်စီ၏ အဓိကသက်သေအဖြစ် ဦးဖြိုးမင်းသိန်းရောက်လာကာ ကိုယ်တိုင်လာဘ်ပေးခဲ့ရသည်ဟု ထွက်ဆိုသွားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်း၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နေအိမ်၌ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာကို သုံးကြိမ်ခွဲပေးခဲ့ရကြောင်း ထွက်ဆိုသည်ဟု သိရသည်။
ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုချက်နှင့် ပတ်သက်၍ “(စစ်ကောင်စီက) ဗီဒီယိုနဲ့ ပြတုန်းက ပြောတဲ့အတိုင်းပဲဗျ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။
စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့ရုပ်မြင်သံကြားတွင် မတ်လအတွင်း ဦးဖြိုးမင်းသိန်း ထိုသို့ပြောထားသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ဖူးသည်။
ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အဂတိကော်မရှင်အရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုတရားခွင်ကို နေပြည်တော်တွင် ၎င်းအတွက် သီးသန့်ဖွင့်ထားသည့် တရားရုံး၌ ယနေ့ စစ်ဆေးသည်။
လာရောက်ရုံးထိုင်စစ်ဆေးသည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက ထိုအမှုအတွက် တရားလို ကော်မရှင်အရာရှိနှင့် ဦးဖြိုးမင်းသိန်းတို့ကို စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တစ်ခါတည်း ပြန်လည်မေးခွန်းထုတ်ရန် ညွှန်ကြားသော်လည်း ၎င်းတို့ဘက်မှ ငြင်းဆိုခဲ့သည်ဟု ဦးခင်မောင်ဇော်က ပြောသည်။
တရားသူကြီးက သက်သေ ဦးဖြိုးမင်းသိန်းမှာ ရန်ကုန်တွင် နေထိုင်သူဖြစ်၍ နေပြည်တော်သို့ လာရောက်ရန် ခက်ခဲသည်ဟု အကြောင်းပြခဲ့သေးကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏ သဘောထားမေးရာတွင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လာရောက်ရခြင်း မဟုတ်ကြောင်း၊ နှလုံးမကောင်းသလို ကိုဗစ်နိုင်တင်း နှစ်ကြိမ်ကူးစက်ခံထားရသည်ဟု ပြောကြောင်း၊ ၎င်းပြောသည့် အကြောင်းပြချက်အသေးစိတ်ကိုမူ မသိရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။
သို့သော် အမှုတွဲဖိုင်မှာ ယနေ့တရားခွင်မစမီမှသာ ဒေါ်အောင်ဆန်းစုကြည်က ရရှိ၍ မည်သည့်အကြောင်းအရာမျှ မသိသေးသလို ရှေ့နေအဖွဲ့နှင့်လည်း တိုင်ပင်ရခြင်းမရှိသေးကြောင်း၊ ဦးဖြိုးမင်းသိန်းကို ရှေ့တစ်ပတ်ရုံးချိန်း အောက်တိုဘာ ၈ တွင် ထပ်မံလာရောက်ရန် တရားသူကြီးက ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းဆိုင်တောင် မကြည့်ဘူး။ (သက်သေထွက်မည့် နေရာသို့) ခေါင်းငုံ့ပြီးတော့ သွားတာပဲဗျ။ တရားခွင်မှာ အသံမထွက်လို့ ဝိုင်းပြောရတယ်ဗျ။ ကျယ်ကျယ်ပြောဖို့”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ဦးဖြိုးမင်းသိန်းပေးခဲ့ရသည်ဆိုသော ငွေ၊ ရွှေတို့နှင့် ပတ်သက်၍ “ဘုရား(ထာဝရငြိမ်းချမ်းရေးစေတီ) တည်ဖို့ လှူတဲ့ကိစ္စတွေပါ။ ဒါကို မတော်မတရားအမှုတပ်၊ အများအမြင်လွဲအောင်လုပ်နေပေမဲ့ ဘယ်သူက ဘာလဲဆိုတာ လူထုက ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ ပြောနေစရာကို မလိုဘူး”ဟု NLD ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မတ်လအတွင်း Myanmar Now ကို မှတ်ချက်ပြုဖူးသည်။
စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ဦးဖြိုးမင်းသိန်းတွင် မည်သည့်ဖိအားကြုံနေရသည်ကို မခန့်မှန်းနိုင်သော်လည်း ထိုအမှုအတွက် ၎င်း၏ ပြောဆိုချက်များမှာ လွန်စွာအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။
“တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ ထွက်ဆိုနိုင်တဲ့ အနေအထားဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ အရေးကြီးပါတယ်။ တရားရုံးတွေမှာ မမှန်သက်သေခံမှုတွေက တအားများတယ်။ ဒီခေတ်ကြီးထဲမှာဆိုရင် ပိုပြီး သိသာနိုင်တယ်။ အတင်းအဓမ္မနှိပ်စက်ပြီးတော့ သက်သေခံခိုင်းတဲ့ဟာတွေ၊ ခြိမ်းခြောက်နှိပ်စက်ပြီး သက်သေခံခိုင်းတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားသည့် NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပြီးချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်စဉ်နှင့် ထိုတာဝန်ကို ၎င်းထမ်းဆောင်ခဲ့သည့် ငါးနှစ်သက်တမ်း (၂၀၁၆-၂၀၂၁ ဇန်နဝါရီ) အတွင်း ဦးဖြိုးမင်းသိန်းမှာ ပါတီတွင်း၊ ပါတီပြင်ပ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းလွှတ်တော်၊ လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံရသူ ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးမှာ ညွှန်ကြားရေးမှူးချုပ်အဆင့်သာရှိသည်ဟု ၂၀၁၇ ခုနှစ်အတွင်း အခမ်းအနားတစ်ခုတွင် ပြောသဖြင့် အရေးယူပေးရန် တပ်က တောင်းဆိုသည်အထိ ကြုံခဲ့ရသည်။
ဝန်ကြီးချုပ်ဖြစ်ပြီးမကြာမီ NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်လာသည့် ဦးဖြိုးမင်းသိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသည့် လှုပ်ရှားမှုများတွင်လည်း တက်တက်ကြွကြွပါဝင်ဖူးသည်။
စစ်တပ်က ပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး၌ တရားစွဲခံရမှုကို သွားရောက်ဖြေရှင်းသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၂၀၁၉ က ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ဦးဖြိုးမင်းသိန်းက အောက်ပါအတိုင်းပြောဖူးသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံး မြန်မာ့နိုင်ငံအရေးအတွက် ဖြေရှင်းဆောင်ရွက်နေတဲ့အတွက် အတူရပ်တည်ဆောင်ရွက်ကြဖို့ပါပဲ” ဟု မာန်ပါပါဖြင့် လက်သီးဆုပ်ကို ထောင်ပြလျက် ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ NLD က ထပ်မံအနိုင်ရပြီးချိန် ယခုနှစ် ဖေဖော်ဝါရီ ၁ တွင် ရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရသည့် NLD ပါတီဝင်များထဲတွင် ဦးဖြိုးမင်းသိန်းမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ၎င်းက ဝင်မပြိုင်ခဲ့ပါ။
သို့သော် အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဟု ဦးဖြိုးမင်းသိန်းက စစ်ကောင်စီထံမှတစ်ဆင့် အများသိပြောဆိုခဲ့ပြီးနောက် ထိုအမှုအတွက် အဓိကသက်သေအဖြစ် တရားခွင်သို့ ရောက်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ တပ်ပိုင်ဧရိယာတစ်ခုတွင် ရှိနေသည်ဟု ယူဆရသည့် ဦးဖြိုးမင်းသိန်းမှာ ယခင်ကတည်းက ခံစားနေရသည့် နှလုံးရောဂါအပြင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ခံရ၍ အထူးကြပ်မတ်ဆောင်သို့ပင် ပို့ဆောင်ကာ ဆေးကုသခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
ဦးဖြိုးမင်းသိန်းသည် သန္ဓေပါတီဝင်မဟုတ်ခဲ့ဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်သည့်အချိန်မှသာ NLD သို့ ရောက်လာပြီး လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် နိုင်ငံရေးလှုပ်ရှားမှုစတင်ခဲ့သည့် ဦးဖြိုးမင်းသိန်းမှာ နိုင်ငံရေးပုဒ်မဖြင့် ၁၉၉၁ တွင် ထောင်ကျခဲ့သည်။ ၂၀၀၅ ခုနှစ် ပြန်လည်လွတ်မြောက်လာချိန်တွင် ပြည်သူ့ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ တို့တွင် ပါဝင်ခဲ့ပြီးမှ NLD သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းစွပ်စွဲသည့် ကိစ္စအပါအဝင် အဂတိအမှုပေါင်း ငါးမှုဖြင့် စစ်ကောင်စီက တရားစွဲထားသည်။

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကိစ္စများ ကူညီနေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်၊ နေပြည်တော်၌ မြေရယူမှုများ၊ အဆောက်အအုံဆောက်လုပ်မှုများနှင့် ပတ်သက်၍ နိုင်ငံရေးရာထူးရှိစဉ် အဂတိမကင်းဆောင်ရွက်သည်ဟု ဆိုကာ စွပ်စွဲခြင်းဖြစ်သည်။
ထိုအထဲမှ မန္တလေးတိုင်းတရားလွှတ်တော်တွင် စွဲဆိုထားသည့် ဦးဖြိုးမင်းသိန်းအပါအဝင် အမှုလေးမှုကို နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် နေပြည်တော်ရှိ သီးသန့်တရားရုံး၌ စစ်ဆေးရန်ရှိသည်။
ရန်ကုန်တွင် စွဲဆိုထားသည့် တစ်မှုကို မည်သို့စီမံမည်ကို မသိရသေးပါ။
စစ်ကောင်စီက တရားစွဲထားသည့် အမှုပေါင်း ၁၁ မှုကို ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p