သတင်း

ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို ကလေး PDF ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒေသခံများကို နိုင်ထက်စီးနင်းပြုနေသော ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့တစ်ခုကို ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က စက်တင်ဘာ ၂၆ တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သား၊ ဒိုးနွယ်၊ ကျောက်ပြုတ်၊ အင်းကျွန်း၊ ကုက္ကိုလ် စသည့် ကျေးရွာအုပ်စုများတွင် ရှိုင်းသာဆိုသူ ဦးဆောင်သည့် ဒလန်ရှင်းလင်းရေးအမည်ခံထားသောအဖွဲ့က ဒေသခံများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည်ဟု တိုင်ကြားမှုရှိလာပြီးနောက် နှစ်ကြိမ်တိုင် သတိပေးခဲ့သော်လည်း မလိုက်နာသဖြင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ကလေး PDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

အဆိုပါအဖွဲ့၏ စခန်းကို ဝင်ရောက်စီးနင်းစဉ် ပြန်လည်ခုခံခဲ့သည့် ခေါင်းဆောင်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့ကာ အဖွဲ့ဝင် ၂၀ ကျော်ကိုလည်း ယာယီထိန်းသိမ်းခဲ့သည်ဟု အထက်ပါ PDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“အဖွဲ့ဝင်တွေအားလုံးကို မနေ့ (စက်တင်ဘာ ၂၉) ကစပြီး ဖုန်းတွေလည်း ပြန်ပေးပြီ။ သူတို့ တက်ချင်တဲ့ (PDF) သင်တန်းတွေလည်း ပို့ပေးဖို့ တာဝန်ယူထားတယ်။ သူတို့ကတော့ PDF အောက်ကို သွားချင်ကြောင်းပဲ ပြောတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့၏ စခန်းကို ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းရမိသည့် ငွေသား ၁၀ သိန်းကျော်၊ ဆိုင်ကယ် ၁၀ စီး၊ ရွှေငွေ လက်ဝတ်ရတနာများကို ရပ်ရွာကိုယ်စားလှယ်များမှတစ်ဆင့် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်သွားမည်ဟု ကလေး PDF အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့သည် ရွှေငွေပစ္စည်းများသိမ်းယူခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်း၊ အမျိုးသမီးငယ်တချို့ကို အဓမ္မပြုကျင့်ခြင်း၊ စစ်ကောင်စီသတင်းပေး (ဒလန်) ဟု အလွယ်တကူ စွပ်စွဲသတ်ဖြတ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု လိုက်နာရန် စည်းကမ်းများထုတ်ပြန်ကာ မလိုက်နာပါက ပစ်သတ်သည်အထိ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။  

“(မူးယစ်ဆေးသုံးလို့) ပထမ မိရင် ငါးသောင်း၊ ဒုတိယအကြိမ်မိရင် သတ်ပစ်လိုက်တာ။ (မိတဲ့သူတွေက) မူးယစ်ဆေးဝါးမှောင်ခိုကူးနေတဲ့သူတွေ မဟုတ်ဘူး။ အဓိက သုံးစွဲသူတွေကို ရှင်းပစ်လိုက်တာတွေ ကြားနေရတယ်။ မူးယစ်ဆေးဝါးဆိုတာ လွယ်လွယ်လေးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ ကြာလာရင် အဲဒီကိစ္စတွေက ကြီးထွားလာနိုင်တယ်” ဟု PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသည့် ဆိုင်ကယ်များကို စက်တင်ဘာ ၂၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-PDF -Kalay) 

အဆိုပါအဖွဲ့၏ ကျူးလွန်မှုများနှင့် ပတ်သက်ပြီး ပြည်သူများထံမှ အထောက်အထားအခိုင်အလုံဖြင့် တိုင်ကြားချက်များရရှိထားကာ လုံခြုံရေးအခြေအနေအရ တိုင်ကြားခံရသည့် အမှုအရေအတွက်၊ အသေးစိတ်အချက်အလက်များ ဖြေကြားလိုခြင်းမရှိဟု ဆိုသည်။ 

ဒေသခံများကလည်း ၎င်းဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့သည် ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် မေလကုန်ပိုင်းမှ စတင်လှုပ်ရှားခဲ့ပြီး ကနဦးတွင် ဒလန်ရှင်းလင်းရေးသာ လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု အမည်ခံကာ သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့သည်ဟု ပြောသည်။

“ကျွန်တော်တို့ ရွာက တစ်ယောက်က ဆေးသမားလေ။ သူတို့ သတ်လိုက်တယ်။ ဆေးသမားတွေ ဆေးသုံးရုံပဲလေ။ တင်သားဘက်မှာ မိတာ။ ရွာကို အသိမပေးဘဲနဲ့ လုပ်လိုက်တာ။ ဘေးရွာမှာ မိတာဆိုတော့ ကိုယ့်ရွာက ဘာမှမတတ်နိုင်လိုက်ဘူး” ဟု ကလေးမြို့နယ် ဒိုးနွယ်ရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button