အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ချင်းတောင်တန်းပေါ်က ဆေးတပ်သား ဗန်ဒေါ့ပါရ်

ဗန်ဒေါ့ပါရ်ဟာ ရှေ့တန်းက ဒဏ်ရာရရဲဘော်တွေအပြင် နောက်တန်းက နေမကောင်းတဲ့ တပ်ဖွဲ့ဝင်တွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးတပ်သားတစ်ယောက် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲကို အင်အားရာနဲ့ချီပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရတော်လှန်ရေးရဲဘော်တွေ အသက်ရှင်သန်ဖို့ ဗန်ဒေါ့ပါရ်တို့လို ဆေးတပ်သားတွေက အတတ်နိုင်ဆုံး ကယ်ဆယ်ရတာလည်း ဖြစ်ပါတယ်။

မဗန်ဒေါ့ပါရ်ဟာ တီးတိန်မြို့နယ်၊ စီးယင်းဒေသအခြေစိုက်တော်လှန်ရေးတပ်ထဲကို စတင်ဝင်ရောက်ချိန်မှာ အသက် ၁၈နှစ် မပြည့်သေးပါဘူး။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ကျောင်းတွေပိတ်လိုက်ရချိန်မှာ ၉တန်းကျောင်းသူ မဗန်ဒေါ့ပါရ်ရဲ့အသက်က ၁၅နှစ်ပဲ ရှိပါသေးတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ စုပေါင်းရုံးရှေ့မှာ စစ်တပ်က ပစ်ခတ်လို့ ငယ်သူငယ်ချင်းဖြစ်သူ မဆွေ့ညမ်ပါရ် သေဆုံးခဲ့ရပြီးတဲ့နောက်မှာတော့ ဗန်ဒေါ့ပါရ်ဟာ အာဏာရှင်စစ်တပ်ကို တော်လှန်ဖို့ စိတ်ဆန္ဒ ပိုပြင်းပြခဲ့တာလို့ ဆိုပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးတပ်ထဲဝင်ဖို့ မဗန်ဒေါ့ပါရ် ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရဲ့မိဘတွေကတော့ သူတို့ရဲ့တစ်ဦးထဲသောသမီးဖြစ်တဲ့ မဗန်ဒေါ့ပါရ်ကို အသက်အန္တရာယ်နဲ့နီးတဲ့ တော်လှန်ရေးတပ်ထဲဝင်ဖို့ ခွင့်မပြုခဲ့ပါဘူး။

 ဒါပေမယ့် မိဘတွေမသိအောင် ခိုးထွက်ပြီး တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့တာလို့ မဗန်ဒေါ့ပါရ်က ပြောပြပါတယ်။ တော်လှန်ရေးတပ်ထဲကို ရောက်သွားချိန်မှာတော့ မိဘတွေရဲ့ အားပေး၊ ကူညီမှုကို ရခဲ့ပါတယ်။ အခြေခံစစ်သင်တန်းနဲ့ ဆေးသင်တန်း တက်ရောက်ခဲ့ပြီး CDF CDM Siyin တပ်ဖွဲ့မှာ လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ်။

မူကြိုကနေ ရှစ်တန်းအထိ အတူတူကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်းကို စစ်တပ်က ပစ်သတ်ခဲ့တာကြောင့် တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ ဗန်ဒေါ့ပါရ်ဟာ မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ပါတယ်။

သတင်းနှင့်ရိုက်ကူး – ဆလိုင်း ကေတီဟောက်ခိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button