
ယမန်နေ့ (စက်တင်ဘာ ၂၉) မနက် ၉ နာရီခွဲဝန်းကျင်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် တစ်နာရီနီးပါးကြာ ပစ်ခတ်ပြီးနောက် နေ့လယ်ပိုင်းတွင် ရွာထဲဝင်ကာ အိမ် ၈ လုံးကို မီးရှို့သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကျည်ဆန်ပေါသော စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ခြင်း ဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“လက်နက်ကြီးတွေနဲ့ပဲ လှမ်းလှမ်းထုတယ်။ ကျွန်တော်တို့အရင်က ခုခံစစ်အမြဲတမ်းတိုက်တိုက်နေတဲ့ နေရာတွေ၊ သူတို့ ထင်တဲ့ တောအုပ်ကောင်းတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ထုတယ်။ စက်သေနတ်တွေနဲ့ ပစ်တယ်”ဟု ထို PDF အမျိုးသားက ဆိုသည်။
PDF များက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိကြောင်း၊ ရွာမြောက်ဘက်မှ စစ်ကြောင်း ရွာတွင်းသို့ ရောက်မသွားမီ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးကြောင်း ၎င်းက ဆိုသည်။
မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တပ်က နှမ်းခါးကျေးရွာအတွင်း ဝင်ရောက်ကာ အိမ်တချို့ကို မီးရှို့ပြီး ရွာအရှေ့ဘက်ရှိ သာသနာပါလဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော သက်ကြီးရွယ်အို အရေအတွက် ၅၀ ကျော်ခန့်ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြုမူခဲ့သည်ဟု သိရသည်။
“သူတို့ (စစ်တပ်) အိမ်က ၈ လုံးလောက် မီးရှို့ခဲ့တယ်။ ၆ လုံးလောက်က အကုန်ပြာကျတယ်။ ရွာထဲက ဘုန်းကြီးကျောင်းမှာ အပြစ်မဲ့ပြည်သူတွေ မသွားနိုင်၊ မလာနိုင် အသက်ကြီးရွယ်အို အဲဒီလူတွေကို သူတို့ ခြိမ်းခြောက်တယ်။ ဖုန်းတွေဘာတွေသိမ်းပြီး ခွဲတာတွေ၊ ထုခွဲသွားခဲ့တယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။
မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်တပ်က နှမ်းခါးကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာစဉ် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားပြီး ရွာထဲမှ ဆိုင်ကယ် ၈ စီးခန့်ကိုလည်း ယူဆောင်သွားသည်ဟု သူက ဒေသခံများကို ကိုးကား၍ ပြောသည်။
နှမ်းခါးရွာတောင်ဘက်သို့ ပြန်လည်ထွက်ခွာလာသည့် စစ်တပ်ကို PDF များက ရွာမှ ၃ မိုင်ခန့်အကွာတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးသွားပြီး ဖမ်းဆီးခံထားသူလည်း လွတ်မြောက်လာသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မိုင်းဆွဲတိုက်ခိုက်တာ ခံလိုက်ရတော့ သူလည်း ထွက်ပြေးချိန်ရလိုက်တယ်ပေါ့။ သူလည်း ပြန်လာနိုင်ခဲ့တယ်”ဟု ဆိုသည်။
အိမ်မီးရှို့ခြင်း၊ မိုင်းထိပြီး စစ်သား၂၀ ခန့် သေဆုံးခြင်းနှင့် ပတ်သက်ပြီး Myanmar Now က စစ်တပ်ထံမှ တုံ့ပြန်ချက် မရရှိသေးပေ။
ကလေး-ဂန့်ဂေါလမ်းဘေးရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ နှမ်းခါးကျေးရွာကို ဇွန် နှင့် သြဂုတ်လတွင် တစ်ကြိမ်စီ၊ စက်တင်ဘာတွင် နှစ်ကြိမ် စစ်တပ်က ဝင်ရောက်စီးနင်းပြီးဖြစ်သည်။
စက်တင်ဘာ ၁၀ မနက်တွင် နှမ်းခါးရွာအတွင်း တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံးကာ နေအိမ် ၃၆ လုံး မီးရှို့ခံရသည်။ စက်တင်ဘာ ၁၃ တွင် စစ်တပ်က နှမ်းခါးရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး နေအိမ် ၁၄ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၎င်းကျေးရွာရှိ နေအိမ် စုစုပေါင်း ၅၈ လုံးအထိ မီးရှို့ခံရပြီးဖြစ်သည်။
သြဂုတ်လအတွင်း စီးနင်းမှုတွင် အသက် ၇၀ ကျော် ဦးကံထောက်ဆိုသူ အမျိုးသား စစ်သားများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်။
မေလကုန်ကတည်းက ဂန့်ဂေါနယ်ဝန်းကျင်ကို စစ်တပ် ဝင်ရောက်သွားခြင်း ဖြစ်သည်။ ဩဂုတ် ၁၈ တွင် ကလေး-ဂန့်ဂေါ ကားလမ်းတွင် စစ်ကား အစီး ၄၀ ကျော်ပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ထိုလမ်းတစ်လျှောက် ကျေးရွာများ ပစ်မှတ်ဖြစ်လာသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p