သတင်း

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ကယားပြည်နယ်အစိုးရ ဖျက်သိမ်း

(ရန်ကုန်) – လနှင့်ချီကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရပြီးနောက် ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထား ရှိရေးအတွက် ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ (ဇူလိုင်၂၃ရက်)တွင် သတင်းထောက်များအား ပြောကြားလိုက်သည်။

“အစိုးရဦးစီးပြီးမှမလုပ်တော့ဘူး။ ကော်မတီကိုအစိုးရအနေနဲ့ဖျက်သိမ်းလိုက်ပြီ” ဟု ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကယားပြည်နယ်တွင်း ပထမဆုံးဖြစ်လာမည့် ကျပ်သိန်း ၈၀၀ ကျော်တန် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်စိုက်ထူရေး အစီအစဉ်ကို ဦးစီးရန်ပြည်နယ်အစိုးရက စွန့်လွှတ်ခဲ့သော်လည်း ပြည်သူလူထု၏ အစီအစဉ်ဖြင့် လုပ်ဆောင်လိုပါက ပံံ့ပိုးပေးမည်ဟု လည်း ဝန်ကြီးချုပ်က တစ်နာရီခွဲနီးပါးကြသည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ပန်းခြံတွင်ထားရန် ပြည်နယ်အစိုးရက ဖေဖော်ဝါရီလဆန်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသခံအချို့နှင့် ပြည်နယ်အစိုးရအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လဆန်းတွင် ကယားပြည်နယ်သမိုင်းကြောင်းစာရွက်များ မျှဝေခြင်း၊ လမ်းလျှောက်ဆန္ဒပြခြင်း များကြောင့် ဒေသခံလေးဦးထက်မနည်းထိန်းသိမ်းခံခဲ့ရပြီး ၂၀ ခန့် တရားစွဲဆို ခံခဲ့ရပြီးနောက် နှစ်ဖက်အကြား တင်းမာမှု ပိုမို မြင့်တက်လာခဲ့သည်။

ကြေးရုပ်အကြောင်းပြမငြိမ်မသက်မှုများပိုမိုပြင်းထန်လာပါက ကိုင်တွယ်ရန် တပ်ကိုတာဝန်ပေးရမည်ဟု ဝန်ကြီးချုပ်က ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်းထွက်ခဲ့ပြီးနောက် နှစ်ဖက်အကြား တင်းမာမှုများအရှိန်သည် အမြင့်ဆုံးဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်၏ပြောကြားမှုကို လွိုင်ကော်အခြေစိုက် ဒေသခံအချို့က တပ်ကို အာဏာလွှဲပြောင်းမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပြီး ယင်းပြောဆိုမှုသည် ပြည်သူအားခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြန်လည်တောင်းပန်ရန်လည်း ကြေညာခဲ့ကြသည်။

သို့သော် ဝန်ကြီးချုပ်က ကန့် ကွက်လှုပ်ရှားမှုများ ထပ်မံဖြစ် ပေါ်လာလျှင် စစ်တပ်ကိုအာဏာ လွှဲကာ ကိုင်တွယ်ခိုင်းမည်ဟူ၍ ပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

ပြည်နယ်အတွင်း ရုန်းရင်းဆန်ခတ်မှုများကို ထိန်း သိမ်းနိုင်စွမ်းမရှိသည့်အခြေအနေ မျိုးဖြစ်ပေါ်လာပါက အရပ်သား အစိုးရအနေဖြင့် အဆိုပါအခြေ အနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးသဖြင့် လိုအပ်ပါက တပ်မတော်ကိုတာဝန်ပေးကြောင်း အမိန့်ပေးရလိမ့်မည်ဟုသာ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း ဦးအယ်လ်ဖောင်းရှိုက 7Day Daily သတင်း စာကို ဇူလိုင်၂၁ရက်တွင်ပြောကြားခဲ့သည်။

လူထုအကြားဂယက်ရိုက်ခဲ့သည့် အဆိုပါပြောစကားကို ဝန်ကြီးချုပ်ပြောကြားခြင်းရှိမရှိကို ယင်းနေ့အခမ်းအနားတွင် ရှိနေခဲ့သည့် ပြည်နယ်ဝန်ကြီးများအား သတင်းထောက်များက သတင်းစာရှင်းလင်းပွဲတွင်မေးမြန်းကြသော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။

ကန့်ကွက်မှုများအကြား ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ပြကာရွေးကောက်ပွဲ အနိုင်ရအောင်ကြိုးစားနေသည် ဆိုသည့် စွပ်စွဲချက်များအားလည်း ဝန်ကြီးချုပ်က “ရွေးကောက်ပွဲအတွက် ကျွန် တော်အလုပ်လုပ်နေတာ မဟုတ်ဘူး”ဟု တုံ့ပြန်လိုက်ပြီး ကြေးရုပ်အကြောင်းပြကာ မငြိမ်မသက်ဖြစ်လာမည်ဟုလည်း မထင်မြင်ကြောင်း ပြောဆိုခဲ့သည်။

“အကယ်၍ ဖြစ်လာခဲ့ရင်လည်း လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ် တာဝန်ပေးထားတဲ့နေရာမှာလည်း ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီတာဝန်ပေးအပ်သွား မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအားပြောကြားခဲ့သည်။

Show More

Related Articles

Back to top button