မေးမြန်းခန်း

“ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ကို တပ်က မလိုလားဘူး”

ပြီးခဲ့သည့် ၅ နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများကို စစ်ခေါင်းဆောင်တို့ နှောင့်ယှက်ခဲ့သော်လည်း အောင့်အည်းသည်းခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏  ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

ပါတီ၏ အစောပိုင်းနှစ်များတွင် ပါတီတွင်း ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သော၊ ၁၉၉၉ ခုနှစ်တွင် ထောင်မှလွတ်ပြီးနောက် ထိုင်း၊ ဗြိတိန်တို့တွင် ပညာသင်ခဲ့သော ဦးမိုးဇော်ဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးအဖွဲ့မှူး၊  ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။  

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သည့် NLD ပါတီ တည်ထောင်သည့် ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးမိုးဇော်ဦးက ပါတီတွင်း ဆုံးဖြတ်ချက်ခက်ခဲခဲ့သော ကာလများ၊ အခြေခံဥပဒေကြောင့် ကန့်သတ်ခံရသည့် အစိုးရလုပ်ပိုင်ခွင့်တို့အကြောင်း ပြောပြထားသည်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံထားရတဲ့ ကာလတွေမှာ ပါတီတွင်း ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲချမှတ်ခဲ့ရတာ တွေ့ရပါတယ်။  ဒီကာလတွေမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာ ပါတီတွင်း ဘယ်လိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါသလဲ။ 

ဖြေ။    ။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။ ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချရတာပေါ့။ ၁၉၈၈ အပြီးမှာလည်း အဲဒီအတိုင်းပဲ (စစ်ဗိုလ်ချုပ်တွေနဲ့) တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ရတယ်။ အဲဒီမှာ တွေ့ဆုံဆွေးနွေးဖို့ကို အမျိုးမျိုးပြောတာပေါ့လေ။ အဲဒီတုန်းက နဝတ (ယခင် အာဏာသိမ်းစစ်အစိုးရ) က သူတို့က ပါတီတစ်ခုတည်းနဲ့ တွေ့ဖို့မဟုတ်ဘူး၊ ပါတီတွေက အများကြီးဆိုတော့ ကျွန်တော်တို့က ပါတီ ၁၀၀ ကျော် နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပါတီ ၁၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ပါတီအများစုရဲ့ ထောက်ခံမှုရှိတယ်ဆိုပြီးတော့ တွေ့ဆုံဆွေးနွေးဖို့အတွက်ကို ကြိုးစားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း နဝတက ဆက်ပြီးတော့ လျစ်လျူရှုထားခဲ့တယ်။ ကျွန်တော်တို့ ဘယ်လိုဆုံးဖြတ်ရလဲဆိုတော့ ဒီလိုမျိုး အသာတကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုကို လက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့တွေ လှုပ်ရှားမှုတွေလုပ်မှဖြစ်မယ်။ Pressure (ဖိအား) ပေးမှရမယ်၊ “မတရားတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အာဏာဖီဆန်မှုတွေလုပ်မှဖြစ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကာလတုန်းကလည်း အဖွဲ့ထဲမှာ တော်တော်လေးကို အကြိတ်အနယ်ဆုံးဖြတ်ခဲ့ရတယ်၊ ကျွန်တော်တို့မှာ အဲဒီလို အစဉ်အလာတော့ ရှိပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို အားလုံးဝိုင်းပြီးတော့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးရင်တော့ အဲဒီဆုံးဖြတ်ချက်အတိုင်း တာဝန်ခံပြီးတော့ လုပ်ကြရတာပေါ့နော်။ 

၁၉၉၀ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့လည်း အဲဒီအတိုင်းပဲ ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ ကိစ္စက ဗဟိုကော်မတီအစည်းအဝေးမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။  

ဒီလိုမျိုး ၂၀၁၀ မတိုင်ခင်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ ရွှေဂုံတိုင်ကြေညာချက်ဆိုတာ ထုတ်ခဲ့တယ်။ ရွေးကောက်ပွဲ မဝင်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေတွေရောက်မှ စဉ်းစားမယ်ဆိုတဲ့ သဘောထားတွေ ရှိခဲ့တယ်ပေါ့လေ။ နောက်ပိုင်းကျတော့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့ ဆုံးဖြတ်တဲ့အခါကျတော့ တချို့လည်း သဘောမတူတဲ့ သူတွေက ဒီအဖွဲ့ကနေပြီးတော့ နုတ်ထွက်သွားခဲ့တာတွေရှိတယ်။

၂၀၁၂ မှာတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဝင်မလား၊ မဝင်ဘူးလားဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုကော်မတီဝင်တွေအားလုံး ဝိုင်းပြီးတော့စဉ်းစားတယ်။ အဲဒီမှာ သဘောမတူခဲ့တာတွေလည်းရှိတယ်။  ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးဆိုရင် ရွေးကောက်ပွဲဝင်ဖို့ကို သဘောမတူခဲ့ဘူး။ ဒါပေမယ့်လည်း ဗဟိုကော်မတီက ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို သူကိုယ်တိုင်လိုက်လုပ်ပေးတယ်။  

မေး။    ။ အဲဒီကာလက ရွေးကောက်ပွဲဝင်ခဲ့တဲ့ အပေါ်မှာရော အခုအချိန်မှာ ပြန်စဉ်းစားရင် ပါတီရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆပါသလား။ 

ဖြေ။    ။ နိုင်ငံရေးဆိုတာကလည်း Art Of Possibility ဖြစ်နိုင်တဲ့ဟာကို လုပ်ရတဲ့ အနုပညာသဘောလည်း ရှိတဲ့အခါကျတော့ ဖြစ်နိုင်ခြေ‌တွေအားလုံးကို ခန့်မှန်းပြီးတော့၊ တွက်ဆပြီးတော့၊ အကောင်းအဆိုး အကျိုးအပြစ်ကို အကုန်လုံးကို ချင့်ချိန်ပြီးတော့ မျှတအောင်ပေါ့ ခေါင်းဆောင်လုပ်တဲ့သူက ဆုံးဖြတ်ရတာဖြစ်ပါတယ်။ 

၁၉၈၉ မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲကို ဝင်ချင်မှဝင်မယ်လို့ အဲ့ဒီတုန်းက သဘောထားတယ်။ ဒါပေမယ့် ၁၉၉၀မှာ အခြေအနေတစ်မျိုးဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာရှိတယ်။ ဒါပေမဲ့ အဲ့ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း သဘောတူတာတွေ၊ မတူတာတွေလည်းရှိတယ်။ သဘောတူတဲ့သူတွေကတော့ သဘောတူတဲ့အတိုင်းပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဒီသဘောထားဟာ မှန်တယ်ဆိုတာမျိုး ရပ်တည်ကြမှာပဲ။ ဒါကတော့ သဘာဝလည်း ကျပါတယ်။  ဒါပေမဲ့ အခြေအနေဆိုတာက အမြဲတမ်း အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အဲ့ဒီပြောင်းလဲနေတဲ့ အခြေအနေတွေမှာ မူတည်ပြီးတော့ ဆုံးဖြတ်နိုင်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။ 

မေး။    ။ လွှတ်တော်ကိုယ်စားလှယ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း မိတ္ထီလာမွတ်စလင်တွေကိစ္စမှာ သူကိုယ်တိုင်ကို ထပြီး တက်တက်ကြွကြွနဲ့ ကန့်ကွက်ခဲ့တာပေါ့။ ၂၀၁၂ ကာလမှာလို့ ထင်ပါတယ်။ သို့ပေမဲ့ ကိုယ်တိုင် အစိုးရဖြစ်လာတဲ့ ၂၀၁၅ကာလမှာတော့ ဥပမာအားဖြင့် လူနည်းစုမွတ်စလင်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ၊ ယန်ဟီလီနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာ NLD ရဲ့ ရပ်တည်ချက်တွေက တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေကြားထဲမှာ ဝေဖန်စရာတွေဖြစ်လာခဲ့တာပေါ့။ ဒီဟာရဲ့ ရိုက်ခတ်မှုက ဒီဘက်တော်လှန်ရေးကာလအထိ ရိုက်ခတ်မှုတချို့ ရှိခဲ့တာကို ကျွန်တော်တို့တွေ့ရတယ်။ ဒီတော့ အဲ့ဒီအချိန်ကာလတုန်းက ပါတီရဲ့ ရပ်တည်ချက်အခြေအနေက အစိုးရအဖွဲ့ထဲမှာ ဘယ်လိုများ ပြောင်းလဲမှုရှိခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရော ဘာတွေပြောင်းလဲသွားခဲ့သလဲ။ 

ဖြေ။ ။ အစိုးရဖြစ်ပြီးတဲ့ကာလမှာတော့ ပြဿနာက ဘာလဲဆိုတော့ အခြေခံဥပဒေရဲ့ ပြဿနာကလည်း ကြီးကြီးမားမားရှိနေတာပေါ့လေ၊ ဥပမာအားဖြင့် အစိုးရအဖွဲ့ကို တာဝန်ယူသွားပြီဆိုရင် ပါတီမှာ တာဝန်ယူလို့မရတော့ဘူး။ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သွားပြီဆိုရင်လည်း ပါတီနဲ့ အဆက်အသွယ်ဖြတ်ရတာ ရှိတယ်ပေါ့လေ။ ဒါက NLD အစိုးရလက်ထက်မှာမှ မဟုတ်ဘူး။ ဒီမတိုင်ခင် ကြံ့ခိုင်ရေးအစိုးရလက်ထက်တုန်းကလည်း အဲ့ဒီအတိုင်းပဲ သူတို့ခေါင်းဆောင်ပိုင်းတွေကြားထဲမှာလည်း တော်တော်လေး သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တယ်။ ပါတီနဲ့ အစိုးရရဲ့သဘောက အခြေခံဥပဒေအရ သက်သက်စီဖြစ်သွားတယ်ပေါ့နော်။ အဲ့ဒီတော့ NLD အစိုးရလက်ထက်မှာလည်း ဒီလိုမျိုးပြဿနာလေးတွေပေါ့။ ပြဿနာဆိုတာထက် အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ကျွန်တော် သတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ အစိုးရတာဝန်ယူလိုက်တဲ့အခါကျတော့ ဦးဝင်းမြင့်ဆိုလည်း အဲ့ဒီအတိုင်းပဲ။ ပါတီရဲ့ တာဝန်တွေကို ယူလို့မရတော့ဘူး။ အဲ့ဒီတော့ ပါတီမှာက နေ့စဉ်ဆွေးနွေးဆုံးဖြတ်မှုတွေက တော်တော်လေး အားနည်းသွားတယ်လို့ ပြောရမလား မသိဘူး။ တကယ်တမ်း အရေးကြီးတဲ့ အစိုးရအဖွဲ့ထဲမှာ တချို့ဆိုလို့ရှိရင်လည်း ဥပမာ- ဒေါက်တာဇော်မြင့်မောင်ဆိုရင်လည်း မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ်အနေနဲ့ သူတာဝန်ယူရတာရှိတယ် စသဖြင့်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရမှာပဲဖြစ်ဖြစ်၊ ပြည်နယ်၊ တိုင်း အစိုးရမှာပဲဖြစ်ဖြစ် တာဝန်တွေယူတဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ တော်တော်လေး အားနည်းသွားတယ်လို့ ကျွန်တော်တော့ မြင်တယ်။  

အားလုံးသိတဲ့အတိုင်းပဲ ၂၀၁၇ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်တဲ့ ပြဿနာမျိုးတွေလေ။ နောက်တစ်ခါ ကိုဗစ်နိုင်တင်းဖြစ်တယ်။ ဒီလိုမျိုး စသဖြင့် ကြီးမားတဲ့ ကိစ္စရပ်တွေကို ရင်ဆိုင်ခဲ့ရတာတွေ ရှိတယ်။ တစ်ဖက်ကကျတော့လည်း ပြည်သူလူထုကနေ ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကိုယ့်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ပါတီတစ်ရပ်ဖြစ်တဲ့အခါကျတော့ NLD အစိုးရဖြစ်ပြီဆိုရင် အပြောင်းအလဲတွေက အများကြီးဖြစ်မယ်ဆိုပြီး မျှော်လင့်ချက်တွေက သိပ်ကြီးခဲ့တယ်။ တကယ်တမ်း လက်တွေ့မှာကျတော့ NLD အစိုးရအနေနဲ့ကလည်း ကျွန်တော်နားလည်သလောက်ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောကပြောတဲ့ အခြေခံဥပဒေအရ နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ်တွေရှိသလိုမျိုးပဲ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အကန့်အသတ်တွေက အများကြီးရှိတယ်။ ဒီအကန့်အသတ်တွေ ကြားထဲကမှ အကောင်းဆုံးဖြစ်အောင် လုပ်နေရတဲ့ အနေအထားပေါ့။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မပြီးခဲ့ဘူးပေါ့။ ပြည်သူလူထုက တကယ့်ကို အများကြီးမျှော်လင့်ခဲ့တဲ့ဟာမှာ NLD က လက်တွေ့လုပ်ရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းဆောင်ရွက်မှုက ပြည်သူလူထုမျှော်လင့်သလောက် မလုပ်နိုင်ခဲ့ဘူးပေါ့။ ပြည်သူလူထုလို့ပြောတဲ့အခါမှာ တိုင်းရင်းသားတွေလည်း ပါတယ်၊ တက်ကြွလှုပ်ရှားသူတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေလည်း ပါတယ်။  

မေး။    ။ NLD က အစိုးရဖွဲ့နိုင်တဲ့ကာလမှာ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပပြီးတော့ ဖက်ဒရယ်အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာမဲ့ မူဘောင်တွေအထိ အခြေခံမူတွေချနိုင်ဖို့ ကြိုးစားခဲ့တာတွေ့ရတယ်။ အဲ့ဒီအထဲမှာ စစ်တပ်ပါဝင်အောင်လည်း လုပ်တာတွေ့တယ်။ ဒီလမ်းကြောင်းက ဘာကြောင့် ပျက်စီးသွားခဲ့ရတာလဲ။

ဖြေ။ ။   ဒေါ်အောင်ဆန်းစုကြည်လည်း အကောင်းဆုံးကြိုးစားခဲ့တာတွေ ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၂၁ရာစုပင်လုံဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့တာ ရှိတယ်။ သို့ပေမဲ့ သူအမြဲတမ်းပြောတာရှိတယ်၊ သူဆိုလို့ရှိရင်လည်း သက်တမ်းက အငြိမ်းစားယူရမယ့်ကာလ ရောက်နေပြီပေါ့လေ၊ အဲ့ဒီတော့ တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေ ကြည့်မယ်ဆိုရင်လည်း နှစ်ပေါင်းများစွာ သူတို့ရဲ့ တန်းတူညီမျှမှုနဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲဝင်ခဲ့တာ လွတ်လပ်ရေးရပြီးကတည်းကနေ စခဲ့တယ်လို့တောင် ပြောလို့ရတယ်။ နှစ်ပေါင်းတော်တော်ကြာပြီဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေဆိုရင်လည်း အသက်တွေ တော်တော်ရနေကြပြီ။ ဆိုတော့ ဒီအချိန်မှာ အကောင်းဆုံးအချိန်လို့ ယူဆလို့ရတာပေါ့လေ။ အတွေ့အကြုံတွေလည်း ရနေပြီ။ အသက်အရွယ်တွေလည်း ရနေကြပြီ။ ဝိုင်းပြီးတော့ ဖြေရှင်းမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတစ်ခုပေါ့ တည်ဆောက်မယ်။ အားလုံးသဘောတူနိုင်မဲ့ အခြေခံဥပဒေတစ်ခုကို ရေးဆွဲပြီးတော့ အားလုံးလက်ခံနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရသွားတဲ့သဘောပေါ့။ ဒါ ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် ကြိုးစားခဲ့တာပဲ ဖြစ်တယ်ပေါ့လေ။ ဒါပေမဲ့လို့လည်း ခုတော့ ပြောလို့ရတာက ဘာလဲဆိုတော့ အထူးသဖြင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့တာတွေ ရှိတယ်။ အသေးစိတ်တော့ မပြောတော့ဘူး။ ဒါပေမယ့် အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့တဲ့အတွက်ကြောင့် ဘယ်တော့မှ ရှေ့ကိုမတိုးနိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အယူအဆ သဘောထားတစ်ခုနဲ့ပေါ့လေ။ အားလုံး ပြေပြေလည်လည်ဖြစ်အောင် သူကြိုးစားခဲ့တာရှိတယ်။ အဲ့ဒီတော့ တပ်က ကဖျက်ယဖျက်လုပ်တိုင်း ကျွန်တော်တို့က အပြင်မှာ ထုတ်ပြောလို့မရဘူး။ ထုတ်ပြောရင် ဘာပဲဖြစ်ဖြစ်က အချင်းချင်းကြားမှာ ရှိထားတဲ့ နားလည်မှုလေးပြိုကွဲသွားမလား၊ စည်းလုံးမှုလေး ပြိုကွဲသွားမလား စသဖြင့် စိုးရိမ်ချက်တွေနဲ့ စိတ်ရှည်ရှည်ထားပြီးတာ့ ဆောင်ရွက်ခဲ့ရတာပေါ့လေ။ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့က ငါးနှစ်တာကာလမှာ ကြိုးစားဖို့ အခွင့်အလမ်းတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို အများကြီး လက်လွှတ်ဆုံးရှုံးခဲ့ရတာ ရှိတယ်။ 

ဒီဘက် အာဏာသိမ်းဖို့ ကြိုးစားတဲ့ကာလနောက်ပိုင်းပေါ့။ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ Charter ဆိုတာကို ရေးဆွဲနိုင်ခဲ့တယ်။ ပြီးတော့ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အခြေခံမူတွေပေါ့။ ဒီမိုကရေစီ Charter ဆိုတာကို ပြဋ္ဌာန်းနိုင်ခဲ့တာ ရှိတယ်ပေါ့။ ဒီ Charter ဆိုလို့ရှိရင် ကျွန်တော်တို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရောပေါ့ ဆွေးနွေးတာ ဘာမှကို မကြာဘူး။ ဘာမှသိပ်မကြာဘဲနဲ့ Charter မှာပါတဲ့ အခြေခံမူတွေကို ရေးဆွဲပြီးတော့ ပြဋ္ဌာန်းနိုင်တာပေါ့လေ။ အဲ့ဒီတော့ ဒီဟာတွေက ၅ နှစ်တာကာလလုံး ပြီးခဲ့တဲ့ ပြည်ထောင်စုဆွေးနွေးပွဲတွေမှာ ဘယ်လိုမှမရခဲ့တဲ့ဟာက အချိန်ကာလ ဘာမှမကြာတဲ့ ကာလလေးမှာ ရခဲ့တယ်။ ဘာလို့လဲဆိုတော့ တပ်မပါလို့။ အဲ့ဒီတော့ တပ်က ကိုယ်စားလှယ်တွေ မပါဘဲနဲ့ ဆွေးနွေးတဲ့အခါကျတော့ အမြန်ဆုံး အခြေခံမူတွေကို ရရှိခဲ့တယ်။ အဲ့ဒါကို ကြည့်မယ်ဆိုလို့ရှိရင် ထင်ရှားနေတယ်၊ တကယ့်ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ကို တပ်က မလိုလားဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရသွားတာမျိုး သူတို့မဖြစ်စေချင်တာလည်း ပါမယ်လို့တော့ တွက်လို့ရတယ်။  

အဲ့ဒီ ၅ နှစ်တာကာလမှာ အောင်မြင်မှုကိုရဖို့ ကြိုးစားရင်း ကြိုးစားရင်း လွဲခဲ့တာ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်ဒီမိုကရေစီ Charter ကို ပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုတဲ့ဟာကလည်း ကျွန်တော်တို့ကြားထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲမှာ သဘောတူညီမှုတွေ၊ နားလည်မှုတွေ ရှိနေပြီဆိုတဲ့ဟာကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်တယ်လို့ ပြောလို့ရပါတယ်။ 

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၃နှစ်မြောက် ပါတီနှစ်ပတ်လည်အတွက် ဘာများပြောချင်ပါသလဲ။ 

ဖြေ။ ။ NLD ဟာ ဆက်ပြီးတော့ ရှိနေဦးမှာပဲ။ ဆက်ပြီးတော့ ရပ်တည်နေဦးမှာပဲ။ NLD က စပြီးတော့ တည်ထောင်စဉ်ကတည်းက သူ့ရဲ့ရပ်တည်ချက်တွေ ရှိပါတယ်။ အဲ့ဒီအထဲကမှ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ကိစ္စလည်း ပါပါတယ်။ အဲ့ဒီရည်ရွယ်ချက်ကို မပြည့်မြောက်သရွေ့ကတော့ NLD ဟာ ဆက်ပြီးတော့ လှုပ်ရှားဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။   

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button