၁၉၈၈ မှ ၂ဝ၁ဝ ကာလ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေးကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံး အနည်းနှင့်အများဆိုသလို သိရှိကြသည်။
သို့သော် ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက်စခန်းများတွင် သေဆုံးမှုဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းခြင်းတို့ကြောင့် အကျဉ်းသားအများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။
သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းမှုများပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊ ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့သော အကျဉ်းသားအချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
ထိုစုံစမ်းမှုအတွင်း ၎င်းတို့က အကျဉ်းသားသေဆုံးမှုများနှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်တချို့ကို ပထမဦးဆုံးအကြိမ် တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။
အကျဉ်းအသားအများအပြားသေဆုံးခဲ့သော အကျဉ်းစခန်းများတွင် မြန်မာပြည်အနောက်ဘက် တောတောင်လျှိုမြောင် ထူထပ်လှသော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ “ဘဝသစ်” အမည်ရ စိုက်ပျိုးရေးအကျဉ်းသားရဲဘက်စခန်းများမှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်သည်။
“အကျဉ်းသားနှစ်ယောက်လောက်တော့ နေ့တိုင်းသေတယ်။ သေတိုင်း ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ရတယ်။ ဝမ်းလျှောလို့ သေတယ်၊ ဝမ်းကိုက်လို့ သေတယ်၊ ဝမ်းနာလို့ သေတယ်၊ ဒီလိုရောဂါတွေနဲ့ သေကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေအတွက် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိ ရာဇဂြိုဟ် (၁) စိုက်ပျိုးရေးအကျဉ်းစခန်းအနီးရှိ ရာဇဂြိုဟ်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးစံဗလက Myanmar Now ကို ပြောသည်။
လူဦးရေတိုးပွားရန် မဟာအကြံ
၁၉၉၁ မေလတွင် စစ်ကိုင်းတိုင်း မုံရွာထောင်မှ အကျဉ်းသား ၃ဝဝ၊ အကျဉ်းဦးစီးဌာနဝန်ထမ်း ၂၅ ယောက်ပါသည့် သင်္ဘောတစ်စင်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။
ကလေးဝရောက်လျှင် ကားများဖြင့် တမူးမြို့ဘက်သို့ ခရီးဆက်ခဲ့ကြပြီး၊ တမူးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် စခန်းချခဲ့ကြသည်။
ဝက်ရှုရွာအနီး တည်ရှိသောကြောင့် မူလက ဝက်ရှုစခန်းဟု အမည်တွင်ပြီး နောင်တွင် အုတ်ဖိုကန်ဘောင်စခန်းဟု ခေါ်ဆိုသော ထိုစခန်းသည် အကျဉ်းဦးစီးဌာန၏ ပထမဦးဆုံးသော ကဘော်ချိုင့်ဝှမ်း “ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း” ဖြစ်သည်။
ရဲဘက်အကျဉ်းသားများဖြင့် လည်ပတ်ရသော ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း (သို့မဟုတ်) ဘဝသစ်စခန်းဆိုသည်မှာ ထိုအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ပထဝီနိုင်ငံရေးစီမံကိန်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။
အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာပိုင်နယ်မြေများသို့ တစ်ဖက်အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ လူများစိမ့်ဝင်လာခြင်းကို ကြိုတင်ကာကွယ်ရန် လိုအပ်သည်ဟု သူက ယူဆခဲ့သည်။
ထိုကဲ့သို့ကာကွယ်ရန် အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ ဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းသည် လူဦးရေနေထိုင်မှုနည်းပါးသည့်အတွက် ထိုဒေသများတွင် လူဦးရေတိုးပွားစေရန် ရဲဘက်အကျဉ်းသားစိုက်ပျိုးရေးစခန်းများဖွင့်လှစ်ရမည်၊ အကျဉ်းသားများလုပ်အားဖြင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးလယ်ယာမြေများအဖြစ် ဖော်ထုတ်ရမည်၊ အကျဉ်းသားများ လွတ်ရက်စေ့လျှင် ဆန္ဒရှိသူများကို လယ်ကွက်များ၊ ကျွဲနွားများပေးပြီး ၎င်းတို့၏ မိသားစုများကို ခေါ်ဆောင်စေကာ ရွာသစ်များတည်ပေးမည်။ ထိုကဲ့သို့ ရွာသစ်များတည်ပေးခြင်းဖြင့် လူဦးရေတိုးပွားစေကာ တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ လူဦးရေစိမ့်ဝင်အခြေချခြင်းကို ကာကွယ်စေနိုင်မည်ဟု သူက ဆိုခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှတ်တမ်းအချို့တွင် ရေးသားထားသည်။
ပထဝီနိုင်ငံရေးရည်ရွယ်ချက်များအပြင် “အလဟဿ လေလွင့်ဆုံးရှုံးနေသော” အကျဉ်းထောင်များရှိ အကျဉ်းသားလုပ်အားကို နိုင်ငံတော်စီမံကိန်းများအတွက် သုံးစွဲရန်၊ အကျဉ်းဦးစီးဌာနအတွက် နိုင်ငံတော်က ကုန်ကျရသော စရိတ်များကို ပြန်လည်ကာမိစေရန် အကျဉ်းသားများက ကျောက်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ပြီး ဝင်ငွေပြန်ရှာရန် ၁၉၈၈ မှ ၂ဝ၁ဝ အတွင်း အာဏာယူခဲ့သော စစ်ဗိုလ်ချုပ်ကြီးများက အမိန့်ပေးစီမံခဲ့ကြောင်း Myanmar Now က ဖတ်ရှုလေ့လာခွင့်ရသည့် အစိုးရအမိန့်ညွှန်ကြားချက်တချို့တွင် တွေ့ရှိရသည်။
၁၉၉၈ သြဂုတ် ၂၅ နေ့စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁/၉၈ တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် အကျဉ်းသားများ၏လုပ်အားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဝန်ဆောင်တပ်ရင်းလုပ်ငန်း (အကျဉ်းသားများကို ရှေ့တန်းစစ်ဆင်ရေးနေရာများတွင် လက်နက်ရိက္ခာများသယ်ခိုင်းခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်) နှင့် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းများကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် အောင်မြင်စွာအကောင်အထည်ဖော်ရန်ဟူသော စကားရပ်ပါရှိသည့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ထိုစာတွင် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းဆိုသည်မှာ “ပြစ်ဒဏ်ကျအကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့ကို တိုးတက်ပြောင်းလဲစေပြီး ဘဝသစ်ကို တည်ဆောက်ပေးသော စခန်း” ကို ဆိုလိုသည်ဟု အနက်ဖွင့်ထားသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ကြည်နူးစရာကောင်းလှသော်လည်း ပကတိဖြစ်ရပ်မှာမူ အကျဉ်းသားပေါင်းများစွာ တမလွန်ဘဝသစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်လေသည်။
ထိုအမိန့်မထွက်မီပင် စတင်ခဲ့သော ကဘော်စီမံကိန်းအရ တမူးမြို့ရှိ တောရိုင်းနေရာများတွင် သနန်၊ ဗန္ဓုလ၊ ဆရာစံ၊ မြို့သစ်၊ အုတ်ဖိုကန်ဘောင်နှင့် ကလေးမြို့ရှိ ရာဇဂြိုဟ် (၁) ၊ ရာဇဂြိုဟ် (၂) အစရှိသော “ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း” ခေါ် ရဲဘက်အကျဉ်းစခန်းများကို စခန်းတစ်ခုလျှင် အကျဉ်းသားပျမ်းမျှ ၃ဝဝ ခန့်ဖြင့် ၁၉၉၁မှ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းတို့က ထောင်နှင့်ချီသော လယ်ဧကများဖော်ထုတ်ရန်၊ နှစ်စဉ် စပါးတင်းပေါင်းများစွာ အကျဉ်းဦးစီးဌာနသို့ အပ်နှံရန် လျာထားချက်များချမှတ်ခဲ့သည်။
သောက်သောက်လဲ သေကြပြီ
ဘဝသစ်စခန်းများအနက် ဗွေဆော်ဦးစခန်းဖြစ်သည့် တမူးမြို့အနီးရှိ အုတ်ဖိုကန်ဘောင်စခန်းဖြစ်မြောက်စေရန် နောက်တန်းမှ စီမံပေးခဲ့ရသူတစ်ဦးမှာ ထိုအချိန်က မုံရွာထောင်တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဌာနအရာရှိ ထောင်မှူး ဦးတင်အောင်ဖြစ်သည်။
ထိုစခန်းနှင့် နောက်တိုးဖွင့်လှစ်သည့် ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများတွင် အကျဉ်းသားအများအပြား နှစ်စဉ်သေဆုံးခဲ့ကြောင်း၊ အကြောင်းရင်းများမှာ ရာသီဥတုအလွန်ပြင်းထန်ခြင်း၊ အကျဉ်းသားများကို ကျွေးမွေးရန် နိုင်ငံတော်က လုံလောက်သော အသုံးစရိတ်မချပေးခြင်း၊ ဆေးဝါးလုံလောက်မှုမရှိခြင်းတို့ဖြစ်ကြောင်း ထောင်မှူးကြီးဘဝမှ အငြိမ်းစားယူပြီး ကလေးမြို့တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသော ဦးတင်အောင်က ပြောဆိုသည်။
“၁၉၉၁ ခုနှစ်လောက်တုန်းကဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲဆိုတာ မရှိဘူး။ တစ်ပိဿာ ၆ဝဝ ကျပ် ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိဿာကို ၄ဝဝ ကျပ်လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မကျွေးနိုင်ဘူး။ အပြင်မှာ ၃ဝဝ တန်တာဆို နိုင်ငံတော်ကချပေးတာ ၁ဝဝ လောက်ပဲရှိတယ်၊ အဲဒီအတွက်ကြောင့် အကျဉ်းသားတွေကို လောက်လောက်ငင မကျွေးနိုင်ဘူး။ မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အားပြတ်တယ် ၊ ရာသီဥတုဒဏ်ခံရတယ် ၊ ရေကောင်းကောင်းမရှိဘူး၊ ဆေးဝါးတွေ မလုံလောက်ဘူး” ဟု သူက ဆိုသည်။
အင်းစိန်၊ အိုးဘို၊ မြင်းခြံ၊ ဗန်းမော်ထောင်တို့အပါအဝင် နိုင်ငံအနှံ့ထောင်များရှိ အကျဉ်းသားတို့ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေး အကျဉ်းထောင်များသို့ ဦးစွာခေါ်ဆောင်လာပြီး ထိုထောင်များမှတစ်ဆင့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။
“စခန်းမှာသေတဲ့လူလည်း သေကြပေါ့။ တချို့အကျဉ်းသားတွေကိုလည်း အခြေအနေမကောင်းလို့ တို့မုံရွာထောင်ကို ပြန်ပို့လိုက်တယ်။ ပြန်လာတဲ့အကျဉ်းသားတွေ ကြည့်လိုက်တော့လည်း အရိုးနဲ့အရေပဲ ကျန်တယ်၊ တစ်ကိုယ်လုံး ဝဲတွေချည်းပဲ၊ ရောက်သေပဲ။ ဒီနေ့ရောက်၊ နက်ဖြန်သေပဲ” ဟု ဦးတင်အောင်က ဆိုသည်။
၂ဝဝ၁ ခုနှစ်တွင် သူကိုယ်တိုင် သွားရောက်တာဝန်ထမ်းဆောင်ရသည့် တမူးမြို့အနီးရှိ ဆရာစံစခန်းတွင် တစ်နှစ်လျှင် အကျဉ်းသား ၃ဝဝ ခန့် သေဆုံးခဲ့ကြောင်း၊ သေဆုံးအကျဉ်းသားများကြောင့် စခန်းတွင် လူလျော့သွားလျှင် လူအင်အား ထပ်မံဖြည့်ရန် မုံရွာထောင်၊ ကလေးထောင်တို့မှ အကျဉ်းသားအင်အား လှမ်းတောင်းခဲ့ရကြောင်း သူက ဆိုသည်။
“၂ဝဝ၁ လောက်မှာကို အဲဒီဆရာစံစခန်းမှာ အကျဉ်းသား တစ်နှစ်အတွင်း ၃၅၇ ယောက် သေတယ်။ ငါကိုယ်တိုင် စာရင်းပြုစုပြီး ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကို ပေးရတော့ မှတ်မိနေတယ်။ နောက်ပိုင်း ၂ဝဝ၉ လောက်ကျတော့ အသေအပျောက်နည်းလာတယ်။ ဘာကြောင့်မသေတော့ဘူးလဲဆိုရင် ကျန်းမာရေးမကောင်းရင် ကလေးထောင်ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်သေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလဲမနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။ အဲဒီအချိန်လောက်တုန်းကဆိုရင် ဆေးဖိုးဝါးခကလည်း ဟုတ်တိပတ်တိ မရဘူး” ဟု ဦးတင်အောင်က ဆိုသည်။
ကလေးထောင်တွင် ထောင်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား အကျဉ်းဦးစီးဌာနအရာရှိ ဦးခင်မောင်မြင့်က ၂ဝဝ၁ ခုနှစ်အတွင်း ကဘော်ဘဝသစ်စခန်းများမှ ကျန်းမာရေးမကောင်းသဖြင့် ကလေးထောင်သို့ ရောက်ရှိလာသော အကျဉ်းသား ၆ဝဝ ခန့်အနက် ၅ဝဝ ခန့်မှာ ထောင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောသည်။
“စခန်းကပြန်လာတဲ့ အကျဉ်းသားတွေက အရိုးကို အရေစွပ်ထားသလိုပဲ။ BMI (ခန္ဓာကိုယ် အလေးချိန်) တအားလျော့ကျနေပြီဆိုတော့ သေကြတာပဲ” ဟု သူက ဆိုသည်။
ထိုကာလက ဝေးလံသော ရဲဘက်အကျဉ်းစခန်းများတွင် ဆရာဝန်၊ ဆေးမှူးများ မရှိခဲ့ခြင်း၊ ကဘော်ချိုင့်ဝှမ်းကဲ့သို့ ရေခံမြေခံမကောင်းသည့် ဒေသတွင် စပါးတင်း မည်မျှထွက်ရမည်ဟု စိုက်ပျိုးရေးစီမံကိန်းများ လျာထားချက်သတ်မှတ်ပြီး ဖိအားပေးစေခိုင်းခဲ့ခြင်းများသည်လည်း အကျဉ်းသားများသေဆုံးရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် အကျဉ်းဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းက ဆိုသည်။
“ကိုယ်တို့ရတဲ့လယ်တွေက စနယ်လယ်တွေ၊ ရေနက်ကွင်းတွေ၊ စနယ်လယ်တွေဆိုတာက သဲဆပ်ပြာလိုဟာ သဘောပြောရရင်ပေါ့နော်၊ ဘယ်လိုမှ မြေသြဇာ အဆီအနှစ်မရှိတဲ့ဟာတွေ။
ဒါပေမယ့် ဘာပြောထားလဲဆိုတော့ စပါးမထွက် လူထွက်တဲ့၊ ထောင်ပိုင်ထွက် ဒါပဲ။ ဖိအားကို ကြောက်လန့်နေအောင် ပေးထားတာပဲ။ ဒါပေမယ့် တကယ်လုပ်သလားဆိုတော့လည်း အဲလိုလုပ်ခဲ့တာ မဟုတ်ဘူး။ စပါးမဖြစ်တဲ့နေရာ၊ တောထဲကို အကျဉ်းသားတွေလွှတ်ပြီး ကြိမ်ခုတ်ပြီး ရောင်းတယ်။ စပါးသိပ်မဖြစ်တဲ့ သနန်လိုစခန်းမျိုးမှာ ပဲစိုက်တယ်။ ပဲကရတဲ့ပိုက်ဆံနဲ့ စပါးပြန်ဝယ်ပြီး ထည့်ထားလိုက်တယ်။ ဝန်ကြီးဌာနအားလုံး အဲဒီအချိန်က ဒီလိုပဲ နှစ်ပေါက်တစ်ပေါက်တွေချည်း လုပ်နေကြရတာပဲ” ဟု သူက ဆိုသည်။
အကျဉ်းဦးစီးညွှန်ချုပ်ဟောင်းဖြစ်ပြီး၊ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်လာသည့် ဦးဇော်ဝင်းကို ၂ဝ၁၆ ခုနှစ်က Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ကဘော်ချိုင့်ဝှမ်း အကျဉ်းဦးစီးစီမံကိန်းအကြောင်း ပြောဆိုခဲ့သည်။
“ကဘော်စခန်းတွေက ခွက်ခွက်လန်အောင် ရှုံးတယ်။ ရေ၊ မြေ မကောင်းဘူး။ အဲဒီဒေသမှာ ရဲဘက်အကျဉ်းသားတွေကလည်း ဒေသခံမဟုတ်တော့ ဒေသဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သောက်သောက်လဲ သေခဲ့တာ အမှန်ပဲ” ဟု သူက ဆိုသည်။
ဖားစိမ်း စားကြတယ်
ကဘော်ဘဝသစ်စခန်းများတွင် အမြောက်အမြားသေဆုံးနေချိန်တွင် ကံမကောင်းအကြောင်းမလှဘဲ ထိုစခန်းတစ်ခုသို့ ရောက်ရှိခဲ့သော မန္တလေးမြို့မှ အကျဉ်းသားတစ်ဦးမှာ ကိုရဲထွန်းဖြစ်သည်။
၁၉၉၉ ခုနှစ် အသက် ၃ဝ အရွယ်တွင် သူသည် လျှပ်စစ်မီတာပုံးအရောင်းအဝယ်လုပ်ရာမှ အစိုးရလျှပ်စစ်ဌာနက သူ့အား ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲသဖြင့် ထောင် ၆ လ ကျခဲ့သူဖြစ်သည်။ ထောင်ကျပြီးမကြာမီ မန္တလေးထောင်၊ မုံရွာထောင်တို့မှတစ်ဆင့် ကလေးမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသော ရာဇဂြိုဟ် (၂) စခန်းသို့ သူရောက်ရှိသွားသည်။
သူရောက်သွားချိန်သည် ခိုက်ခိုက်တုန်အောင် အေးသော ဒီဇင်ဘာလဖြစ်သည်။ အကျဉ်းသား ၁ဝ ဦးပါသော အစုတစ်စုက တောင်ပေါ်တက်၍ ထောင်စခန်းအတွက် နေ့စဉ် ထင်းတန်နှင့်ချီ ခုတ်ရကြောင်း၊ သတ်မှတ်ချက်အတိုင်း မပြည့်လျှင် ရိုက်နှက်နှိပ်စက်ခံရကြောင်း သူက ဆိုသည်။
“ထင်း ၅ တန်ဆို ၅ တန် ခုတ်ရတယ်၊ စခန်းမီးဖိုဖို့အတွက်။ မရရင် ကျောက်လမ်းပေါ်မှာ ရိုက်ခံရတယ်။ ရောက်ခါစက အချက် ၂ဝ ၊ ၃ဝ လောက် ရိုက်ခံရတယ်။ မဝရေစာ စားရတယ်။ ခု ထမင်းဆိုင်တွေမှာ ကျွေးတဲ့ လိုက်ပွဲသာသာပဲ။ ဘယ်လိုလုပ်ဝမလဲ” ဟု သူက ဆိုသည်။
နှစ်စဉ်အကျဉ်းသား ၂ဝဝ မှ ၃ဝဝ ခန့် ရှိသည့် ကလေး-တမူးလမ်းမကြီးအနီးရှိ ထိုစခန်းသည် သစ်မာပင်ကြီးများနှင့် ညို့မှိုင်းနေသည့် တောင်တန်းများအောက်တွင် တည်ရှိသည်။ စခန်းပတ်ပတ်လည်တွင် အစိမ်းရောင်စိုက်ခင်းများ၊ အဝါရောင်တောက်နေသော ရွှံ့မြေများနှင့် အတိပြီးသည့် လယ်ကွင်းကျယ်ကြီးများရှိသည်။
ထိုစခန်းတွင် နေ့စဉ်အကျဉ်းသားများ အစာရေစာ မဝခြင်းကြောင့်လည်းကောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့်လည်းကောင်း သေဆုံးနေသည်ကို ကိုရဲထွန်း တွေ့မြင်ခဲ့ရသည်။
ထိုအခြေအနေမှ လွတ်မြောက်လိုပါက မိသားစုနှင့် ဆက်သွယ်ပြီး ထောင်အာဏာပိုင်များကို ပိုက်ဆံပေးကာ စခန်းမှ အလွယ်တကူ လွတ်မြောက်နိုင်ကြောင်း၊ သို့ရာတွင် သူ့အဖို့မူ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် ထင်းခုတ်သည့်အလုပ်ကို လုပ်ကိုင်ရကြောင်း သူက ဆိုသည်။
စခန်းသို့ သူရောက်ပြီးမကြာမီ ကလေးမြို့ရှိ စစ်တပ်မှ အရာရှိတစ်ဦး၏ကား လမ်းတွင် ပျက်နေရာ ထောင်က စေခိုင်းသဖြင့် သွားရောက်၍ ပြုပြင်ပေးခဲ့ရသည်။ ကားကောင်းသွားသဖြင့် ထိုအရာရှိက ထောင်ပိုင်အား ကိုရဲထွန်းကို ထောင်တွင် ကောင်းမွန်စွာ စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပေးခဲ့သည်။ အကျဉ်းစခန်းတွင် အသေအပျောက်များဖြစ်ပေါ်နေသည်ကို သိ၍ ထိုစစ်တပ်အရာရှိက သူ့အား နှုတ်ဖြင့် ကယ်ဆယ်လိုက်ခြင်းဟု ကိုရဲထွန်း မှတ်ယူလိုက်သည်။
သူသည် ထောင်ဘူးဝတွင် စည်းကမ်းထိန်းဆိုသည့် ရာထူးရရှိခဲ့သည်။ သူလွတ်မြောက်သည်အထိ စခန်းတွင် ထိုရာထူးဖြင့် နေခဲ့ရသည်။ ထောင်ဘူးဝတွင် သူလုပ်ရသည့် အလုပ်တစ်ခုမှာ သေဆုံးအကျဉ်းသားစာရင်း နေ့စဉ် ပြုစုပေးရခြင်းဖြစ်သည်။
“အနည်းဆုံး လူ ၅ဝ၊ ၆ဝ လောက် သေသွားရင် အင်အားဖြည့်ဖို့ ထောင်တွေကနေပြီး ထပ်တောင်းရတယ်။ အလောင်းတွေကို လမ်းဘေးမှာပဲ မြှုပ်ပစ်တယ်။ ရိုက်နှက်တာကြောင့် ဒဏ်ဖြစ်တာရော၊ ရာသီဥတုဒဏ်ရော။ အစာမဝတာရော။ ဆိုးချက်က အနွေးဓာတ်ကိုမရတာ။ ဘယ်လောက်ခြုံခြုံ မရဘူး။ ဒီနေ့လို ဂိသွားပြီဆို၊ နက်ဖြန်သေပြီ။ ရုတ်တရက်သေတာက စိတ်ကျတာကောလည်းပါမယ်။ မသေတဲ့နေ့ဆို ၂ ယောက်၊ ၃ ယောက်ပဲ” ဟု သူက ဆိုသည်။
သတ်မှတ်စပါးတင်းပမာဏ ပြည့်မီရန် ထောင်ပိုင်က အကျဉ်းသားတို့ကို ဆလိုက်မီးကြီးများထိုးထားသည့် လယ်ကွက်များတွင် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း၊ စည်းကမ်းထိန်းတာဝန်ယူထားသူ အကျဉ်းသားတို့က အလုပ်ပြီးမြောက်စေရန် အခြားအကျဉ်းသားများကို ရိုက်နှက်၍ ခိုင်းစေခဲ့ကြောင်း သူက ဆိုသည်။
“စပါးစိုက်ရတယ်၊ ပဲစင်းငုံစိုက်ရတယ်။ ရေဝါတွေကို ချိုးရတယ်။ သောက်တာက တောင်ကျရေကို ကျိုသောက်တယ်။ ရေငတ်တော့ အစိမ်းအတိုင်းသောက်ကြတာပဲ။ သေတဲ့သူအတော်များများက အဲဒီမှာလုပ်တဲ့သူတွေပဲ။ အဲဒီက တာလပေါအရွက်ရှည်တွေကို ဟင်းချိုရည်ကျဲလုပ်ပြီး တိုက်တယ်။ ငါးပိစိမ်းတောင်မှ ဆီးဖြူသီးတစ်လုံးစာလောက်ပဲ ရတယ်။ မသေချင်လို့ ထွက်ပြေးလည်း တောတောင်ထဲမှာ အစာရေစာပြတ်သေတာပဲ။ အနားက ရွာက လူတွေက ထွက်ပြေးပြီး သေနေတဲ့လူတွေ့ရင် ထောင်ကိုလာ သတင်းပို့တယ်” ဟု သူက ဆိုသည်။
ကိုရဲထွန်းအကျဉ်းကျနေသော ရာဇဂြိုဟ် (၂) ဘဝသစ်စခန်းနှင့် မလှမ်းမကမ်းတွင် ရာဇဂြိုဟ်ဟု အမည်ရသော၊ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးသော ရွာကြီးတစ်ရွာ ရှိသည်။
ထိုရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ မှ ၂ဝဝ၃ အထိ လုပ်ကိုင်ခဲ့သူ အသက် ၇ဝ အရွယ် ဦးစံဗလက အကျဉ်းသားများသေဆုံးလျှင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရကြောင်း ပြောဆိုသည်။
“၁၉၉၉ တစ်နှစ်လုံး မသေတဲ့နေ့ တစ်နေ့မှ မရှိဘူး၊ ခြောက်လောင်းထက် မနည်းဘူး။ ဘာကြောင့်သေတယ်ဆိုတာတော့ ဝမ်းလျှောသေတယ်၊ ဖျားနာပြီး သေတယ်၊ ဝမ်းကိုက် သေတယ်။ ဒါတွေနဲ့ အကြောင်းပြတာပါပဲ။ ရိုက်နှက်နှိပ်စက်ပြီးသေတာပဲ များတယ်။ ရှေ့မှာတန်းစီပြီးတော့မှ ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းလို့ အကျဉ်းသားက နောက်ကျနေရင် တုတ်အကြီးကြီးနဲ့ ဖောင်းဆို နှစ်ဖက်ပိတ်ရိုက်တာပဲ” ဟု သူက ဆိုသည်။
သူက Myanmar Now သတင်းထောက်များကို မြက်ပင်ရှည်ကြီးများ ဖုံးလွှမ်းနေသော ရွာအနောက်ဘက်သို့ ခေါ်ဆောင်ပြီး အကျဉ်းသားတို့၏ ရုပ်အလောင်းများ မြှုပ်နှံခဲ့သည်ဆိုသည့် နေရာကို လိုက်လံပြသခဲ့သည်။
“အဲဒီတုန်းက တာဝန်ကျနေတဲ့ ထောင်ပိုင်ကြီးက ခပ်ကြမ်းကြမ်းဆက်ဆံတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်လို့သေတယ်ဆိုတာ မှန်ကန်ကြောင်း လတ်မှတ်ထိုးထိုးပေးရတာ။ ကျွန်တော်တို့ရွာမှာ ဒီလောက်ထိတော့ မဖြစ်ဘူးလို့ပြောတော့ သူတို့ကတော့ ထုံးစံအတိုင်းပဲတဲ့။ တစ်နှစ်ကျော်လောက်ရှိမယ်။ တစ်နေ့ကို နှစ်လောင်း၊ သုံးလောင်း၊ အများဆုံးခြောက်လောင်းထိ ရှိခဲ့တယ်” ဟု သူက ဆိုသည်။
အကျဉ်းစခန်းတွင် အကျဉ်းသားများငတ်နေသည်ကို သိရသဖြင့် တောင်သူအလုပ်ဖြင့် အသက်မွေးကြသော ရွာရှိရွာသားများက စုစည်းပြီး ထမင်းဟင်းချက်ပြုတ်ကာ စခန်းရှိရာ ပို့ဆောင်ခဲ့ရကြောင်း၊ ထွက်ပြေးလာသည့် အကျဉ်းသားများအား ကျွေးမွေး၊ ခရီးစရိတ်ပေးကာ ကူညီခဲ့ရသည်လည်းရှိကြောင်း ဦးစံဗလက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။
အစာရေစာ ဝလင်စွာ မစားရဘဲ အလုပ်လုပ်ရသောကြောင့် လယ်ကွင်းအတွင်း တွေ့ရှိသည့် အကောင်ငယ်များကိုပင် အစိမ်းစားသောက်ကြသည်ဟု သူက ပြောဆိုသည်။
“စပါးကွင်းထဲမှာ အလုပ်လုပ်နေရင်း အကျဉ်းသားတချို့က ဖားအစိမ်းမြင်ရင် ဒီအတိုင်း ကောက်စားကြတယ်။ စားတာမြင်ရင်လည်း (အကျဉ်းသားတွေ) ရိုက်ခံရတာပဲ။ ကျွန်တော်တို့ဆို အဲဒီစခန်းဘက်ကို မသွားမိအောင် နေကြရတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ” ဟု သူက ဆိုသည်။
စားဝတ်နေရေးနှင့် အခြား အထွေထွေလိုအပ်မှုများကြောင့် အကျဉ်းသားတို့ သေဆုံးကြသည်ကို အကျဉ်းဦးစီးအရာရှိဟောင်းများက ထုတ်ဖော်ပြောဆိုသော်လည်း ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေသည်ဆိုသောအချက်ကိုမူ အများစုက သဘောမတူကြ။
ထောင်မှူးကြီးဟောင်း ဦးတင်အောင်ကမူ ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသားအချို့ သူ့ရှေ့တွင်ပင် သေခဲ့သည်ဟု ဆိုသည်။
ဆရာစံစခန်းတွင် သူတာဝန်ထမ်းဆောင်နေချိန်က အကျဉ်းသား ၈ ဦး ထွက်ပြေးသွားကြောင်း၊ ပြန်ဖမ်းမိသည့် ၄ ဦးမှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း သူက ဆိုသည်။
“ဖမ်းခံရပြီး ရိုက်နှက်ထားတဲ့ ဒဏ်ကလည်း များတယ်။ သံခြေချင်းနှစ်ကွင်းစီကလည်း ခတ်ထားသေးတယ်။ ပြီးတော့ အလုပ်လည်း ခိုင်းတော့ မလုပ်နိုင်ဘူး။ အလုပ်မလုပ်နိုင်တဲ့အခါကျတော့ ထပ်ရိုက်ကြတယ်။ သူတို့က ပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း သတ်လိုက်ပါတော့၊ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့်ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်းမဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်” ဟု သူက ဆိုသည်။
အနေအထိုင်မှား၍ သေခြင်း
၂ဝဝ၉ ခန့်သို့ ရောက်သောအခါ ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသားသေဆုံးနှုန်း လျော့ကျလာသည်ဟု ထောင်အငြိမ်းစားအရာရှိများက ဆိုသည်။
အကျဉ်းသားများအတွက် ရိက္ခာရန်ပုံငွေကို အစိုးရက တိုးမြှင့်ချထားပေးခြင်း၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကျဉ်းသားတို့၏ လိုအပ်ချက်များကို ဝင်ရောက်ဖြည့်ဆည်းပေးခြင်း၊ ထိုကာလများတွင် အကျဉ်းဦးစီးဌာနအကြီးအကဲတို့ကလည်း ဌာနကရရှိသည့် ရန်ပုံငွေများဖြင့် အကျဉ်းသားများ ဝလင်စွာ စားသောက်နိုင်ရန် အသေးစိတ် ညွှန်ကြားစီမံခြင်းတို့ကြောင့် သေနှုန်းကျခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
သေဆုံးရန်အလားအလာရှိသော အကျဉ်းသားဆိုလျှင် ထောင် သို့မဟုတ် အစိုးရဆေးရုံများသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း စခန်းတွင်းသေဆုံးနှုန်းကို လျော့ပါးအောင် ထိန်းချုပ်သည့် နည်းတစ်ခုဖြစ်လာသည်။
၁၉၇၈ မှ ၂ဝ၁၄ ထိ အကျဉ်းသားလုပ်အားဖြင့်လည်ပတ်သော ကျောက်ထုတ်ရေးစခန်းများနှင့် စိုက်ပျိုးရေးရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသား ၄၁၈၇ ဦး သေဆုံးခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှ ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးက ပြည်သူ့လွှတ်တော်၏ ၂ဝ၁၄ ခုနှစ် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။
ရိုက်နှက်နှိပ်စက်ခံရမှု၊ ဆေးဝါးကုသခွင့်မရမှုနှင့် အစာရေစာမဝမှုတို့ကြောင့် မဟုတ်ဘဲ “စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေစွာ မနေထိုင်နိုင်ခြင်း၊ အစားအသောက်အနေအထိုင် လွဲမှားခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း” စသည့် အကြောင်းများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု သူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
၁၉၈၈ မှ ယခုအချိန်ထိ ရဲဘက်စခန်းတစ်ခုချင်းအလိုက် သေဆုံးခဲ့သော အကျဉ်းသားစာရင်း အသေးစိတ်၊ သေဆုံးအကျဉ်းသားတို့၏ အမည်များရရှိရန် Myanmar Now က အကျဉ်းဦးစီးဌာနအား အကြိမ်ကြိမ် စာရေးသားခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ လူကိုယ်တိုင်သွားရောက် မေးမြန်းခြင်းများပြုလုပ်ပြီး တောင်းခံခဲ့သော်လည်း ထိုအချက်အလက်များပေးခွင့်မရှိကြောင်းသာ တုံ့ပြန်မှုရရှိခဲ့သည်။
ကဘော်စခန်းများနှင့် ပတ်သက်၍ တရားဝင်အချက်အလက်များမပေးသော်လည်း ထိုကဲ့သို့ သေဆုံးခဲ့ရမှုများသည် အစစအရာရာ မပြည့်စုံခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ စခန်းစိုက်ခင်းများအတွင်း ထယ်ထိုး၊ လယ်ထွန်ရာတွင် လူကိုပါ ကျွဲနွားများနေရာတွင် အသုံးပြုခဲ့ရကြောင်း အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဝန်ခံသည်။
“ဝန်ထမ်း၊ ရဲဘက်၊ ဆေးဝါး မပြည့်စုံခဲ့ဘူး။ ကလေးမြို့ဆို တိုက်နယ်ဆေးရုံပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ခိုင်းထားတဲ့ လျာထားချက်တွေအတိုင်း လုပ်ရတာ။ အခု အဲဒီလိုလျာထားချက်ဆိုတာလည်း မရှိတော့ပါဘူး” ဟု သူက ဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ဆဲ
ရာဇဂြိုဟ် (၂) နှင့် အခြားသော ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများမှ လွတ်မြောက်လာသော အကျဉ်းသားအချို့အား Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အကျဉ်းသားသေဆုံးမှုများ မရှိသလောက်ဖြစ်သွားပြီဖြစ်သော်လည်း၊ အကျဉ်းသားများသည် ငွေကြေးတတ်နိုင်ပြီး ရာထူးရရှိထားသည့် အကျဉ်းသားအရာရှိတို့၏ ရိုက်နှက်ခိုင်းစေမှုများကို ခံနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ရာဇဂြိုဟ် (၂) အကျဉ်းစခန်းအနီး လယ်ကွင်းများ၊ မြက်ရိုင်းတောများထဲတွင် တုတ်ကိုင် အကျဉ်းသားအရာရှိများ၊ သေနတ်ကိုင် အကျဉ်းဦးစီးဝန်ထမ်းများ၏ စောင့်ကြည့်မှုအောက်တွင် မွဲညစ်ညစ် အပြာရောင်ထောင်ဝတ်စုံ ဝတ်ဆင်ပြီး ပေါက်တူးကိုင်၊ ဂေါ်ပြားကိုင် အလုပ်လုပ်နေသော အကျဉ်းသားများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်တို့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေမင်းတမန်ရထားလမ်းဖောက်လုပ်ရသော စစ်သုံ့ပန်းများနှင့် ဆင်တူလှသည်။
တစ်နိုင်ငံလုံးတွင် ကျောက်ထုတ်အကျဉ်းစခန်း ၁၈ ခု၊ စိုက်ပျိုးရေးအကျဉ်းစခန်း ၃ဝ ရှိရာ ၎င်းစခန်းများတွင် အကျဉ်းသားများ သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြရသည်။ ယခင်ကထက် စားသောက်နေထိုင်ရမှုအခြေအနေများ တိုးတက်လာသော်လည်း ရိုက်နှက်ခံရမှု၊ ထောင်အရာရှိများက အကျဉ်းသား၏ လုပ်အားကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နေ့စားပုတ်ပြတ်နှုန်းဖြင့် ရောင်းစားခြင်းများလည်း စခန်းအချို့တွင် ဆက်လက်ဖြစ်ပေါ်နေကြောင်း Myanmar Now က ငရဲဘုံအလား အကျဉ်းစခန်းများ အမည်ဖြင့် ၂၀၁၆ တွင် ဆောင်းပါးရေးသားခဲ့သည်။
တည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေနှင့် မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားသော နိုင်ငံတကာအလုပ်သမားအက်ဥပဒေများကို ချိုးဖောက်ပြီး အကျဉ်းသားလုပ်အားကို အသုံးပြုကာ စီးပွားဖြစ်လုပ်ငန်းမျိုးစုံကို အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး မေလ အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းသောင်းက ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် အကျဉ်းသားများအား ခိုင်းစေရာတွင် တရားရုံးက ချမှတ်လိုက်သော တရားမမှုအကျဉ်းသားများကို အလုပ်မဲ့ထောင်ဒဏ်၊ ရာဇဝတ်အကျဉ်းသားများကို အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဟူသော သတ်မှတ်ချက်များကို တည်ဆဲအကျဉ်းထောင်လက်စွဲနှင့်အညီ အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း ထိုအချက်များကို လုံးဝမလိုက်နာဘဲ အကျဉ်းသားတို့ကို ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်သာ ခိုင်းစေနေသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်နိုင်ငံသားကိုမှ လူ့ဂုဏ်သိက္ခာကင်းမဲ့စေသည့် အပြစ်ပေးမှုမျိုး မလုပ်ရဟု သတ်မှတ်ထားသော်လည်း အသက်အန္တရာယ်ဖြစ်စေသော ကျောက်မိုင်းများတွင် အကျဉ်းသားကို ခိုင်းစေခြင်းကြောင့် အသက်ဆုံးရှုံးမှုများ၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။
မူးယစ်ဆေးတစ်ပြားမိ၍ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင် ၆ နှစ်ကျနေသော အကျဉ်းသား ကိုမျိုးနိုင်သည် ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မာလာဖူးကျောက်ထုတ်စခန်းတွင် ကျောက်တုံးပြုတ်ကျမှုကြောင့် ဦးခေါင်းခွံကြေမွသွားကာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူခဲ့ရသည်။
လွန်ခဲ့သည်နှစ် သြဂုတ်လမှာပင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အင်းဗြောင်ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးနှင့်အသားများ ကြေမွသွားသည့် ဖြစ်စဉ်ကို တာဝန်ရှိသူထောင်ပိုင်က အထက်အာဏာပိုင်များသို့ အသိမပေးဘဲ ထိမ်ချိန်ထားခဲ့မှုကြောင့် ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ရသည်။
ယခုနှစ်ဆန်းပိုင်းတွင် ထိုအကျဉ်းစခန်းမှာပင် အကျဉ်းသားတစ်ဦး ကျောက်တောင်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့သောကြောင့် စခန်းရှိ အကျဉ်းသား ၂ဝဝ ခန့်က စခန်းပိတ်ပြီး သူတို့အား ထောင်ပြန်ပို့ရန် အော်ဟစ်တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ တောင်းဆိုအော်ဟစ်သည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မည်သို့ကိုင်တွယ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရပေ။
အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပထမဖြစ်စဉ်တွင် တာဝန်ရှိသော ထောင်ပိုင်ကို အခြားစခန်းတစ်ခုသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ဒုတိယဖြစ်စဉ်အတွက်မူ ထောင်ပိုင်ကို အရေးယူထားခြင်း မရှိကြောင်း ဖြေကြားသည်။ ။
ယခုဆောင်းပါးနှင့် ပတ်သက်သော ဓာတ်ပုံအက်ဆေးကို ကြည့်ရှုလိုပါက အောက်ပါလင့်ကို နှိပ်ပါ။
ဘဝသစ်စခန်းတွင် ဘဝပျက်ခြင်း (ဓာတ်ပုံအက်ဆေး)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p