
ဇူလိုင်လက မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်ရှိ အကျဉ်းသားများကို ကျောက်ထုတ်ရဲဘက်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားရာတွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးလည်း ပါရှိခဲ့ကြောင်း သိရှိရသည်။
ထောင်မှ ကားလမ်းခရီး တစ်နာရီခန့်ရှိသည့် ပြင်ဦးလွင်မြို့နယ် ၂၄ မိုင် ရဲဘက်အကျဉ်းစခန်းသို့ ပို့ဆောင်ခံရသူ ၂၀၀ ခန့် ရှိပြီး ထိုနှစ်ဦးမှာ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ချခံထားရသူများဖြစ်ကြသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“အဲဒီနှစ်ယောက်ကို တစ်ခါတည်း နာမည်စာရင်းနဲ့ တန်းထုတ်သွားတာ။ ရဲဘက်ထုတ်ရင် တစ်ယောက်၊ နှစ်ယောက်တော့ နိုင်ကျဉ်းတွေလည်း ပါတတ်တယ်။ နိုင်ကျဉ်းသီးသန့် ခေါ်တာမျိုးတော့ မဟုတ်ဘူး” ဟု သြဂုတ်လအတွင်း အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာသူ အထက်ပါအမျိုးသားက ပြောကြားသည်။
ရဲဘက်စခန်းပို့ခံရသည့် နိုင်ကျဉ်းအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးသော်လည်း သွားရမည့်စာရင်းထဲတွင် ပါဝင်ခဲ့ဖူးသည့် နိုင်ကျဉ်းတချို့သည် ခြေ၊ လက် ကျိုးဖူးသူ၊ ဗိုက်ခွဲထားသူများပါသဖြင့် အလုပ်ကြမ်းမလုပ်နိုင်ကြောင်း အိုးဘိုအကျဉ်းထောင်အာဏာပိုင်ကို စာရေး တင်ပြရကြောင်းလည်း သိရှိရသည်။
ရဲဘက်စခန်းပို့ခံရသူနှစ်ဦးအနက် တစ်ဦးမှာ ၂၀၂၂ နှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရသော၊ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသော အသက် ၂၀ အရွယ် အမျိုးသားဖြစ်သည်။ ထိုလူငယ်သည် ကျောက်ထုတ်ရေးလုပ်ငန်းခွင်တွင် ရရှိသည့် ဒဏ်ရာများကြောင့် ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွားခံစားနေရကြောင်းလည်း သိရှိရသည်။
၂၄ မိုင်ရဲဘက်စခန်း၌ သံခြေချင်းတန်းလန်းဖြင့် အလုပ်လုပ်ကိုင်ရသည့် အဆိုပါ အမျိုးသားသည် ခွဲပြီးသားကျောက်များကို သယ်ယူရသည့်အလုပ်ကို လုပ်ရင်း ခြေချင်းဝတ်တွင် အနာဖြစ်လာကြောင်း၊ ဆေးကုသမှု မပေးသဖြင့် အနာသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
ခြေချင်းဝတ်တွင် ရလာသော အနာကြောင့် ကျောက်ကပ်တွင် ပိုးဝင်ကာ ၎င်း၏ခန္ဓာတစ်ကိုယ်လုံး ရောင်ကိုင်းလာရာ အကျဉ်းစခန်းအာဏာပိုင်များက ၎င်းကို ဆေးရုံတစ်ခုသို့ မကြာသေးမီရက်ပိုင်းက ပို့ဆောင်ခဲ့ကြောင်းလည်း သိရှိရသည်။
“ပြေးတဲ့သူတွေ ရှိသွားတဲ့အတွက်ကြောင့်မလို့ ကျောက်ခွဲတဲ့အထဲ သူ့ကို တစ်ခါတည်း တန်းထည့်လိုက်တာလို့ ပြောတယ်။ သေးပေါက် ချေးယိုကအစ မနားရတဲ့အတွက်ကြောင့်မလို့ သူ့ခြေချင်းဝတ်မှာ အနာဖြစ်လာတာ။ အဲဒီကနေ ကျောက်ကပ်ထိပြီး တစ်ကိုယ်လုံးရောင်လာတာ။ ခြေထောက်က အနာကလည်း ပိုကြီးလာတယ်” ဟု ထိုဖြစ်ရပ်အကြောင်း ထဲထဲဝင်ဝင်သိသူ တစ်ဦးက ပြောကြားသည်။
ရဲဘက်စခန်းထုတ်ခံရသည့် အခြားနိုင်ငံရေးအကျဉ်းသားတစ်ဦး၏ အခြေအနေကို စုံစမ်းနိုင်ခြင်း မရှိသေးပေ။

စစ်ဗိုလ်ချုပ်များ အာဏာချုပ်ကိုင်လေ့ရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိတတ်သော်လည်း အများအားဖြင့် ရဲဘက်အကျဉ်းစခန်းများသို့ ပို့ဆောင်လေ့မရှိပေ။
၁၉၉၆ ခုနှစ်က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အငြိမ့်ကပြမှုဖြင့် အဖမ်းခံရသော လူရွှင်တော် ဦးပါပါလေး၊ လူရွှင်တော် ဦးလူဇော်၊ ဦးထွေး၊ ဦးအောင်တို့ကို ထောင် ၇ နှစ်စီ ချပြီး ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်ဆောက်လုပ်ရေး၊ ဆွမ်ပရာဘွမ်လမ်းဖောက်လုပ်ရေးစခန်းများသို့ ပို့ဆောင်ကာ ရိုက်နှက် ခိုင်းစေခဲ့ဖူးသည်။
၁၉၉၇ တွင် ပဲခူးတိုင်းအတွင်း စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောင်းထိုးရာတွင် အထမ်းသမားအဖြစ် ခိုင်းစေခဲ့သည့် နိုင်ငံရေးသမား ၁၈ ဦးထဲမှ တချို့ သေဆုံးခဲ့သည်။
သတင်းလွတ်လပ်ခွင့်မရှိသည့် ကာလများတွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်ဆိုးများအနက် ထိုအမှုနှစ်ခုကိုသာ မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနက ထိန်းချုပ်ထားသော တရားဝင်အခေါ် ကုန်ထုတ်စခန်း သို့မဟုတ် ရဲဘက်အကျဉ်းစခန်းဆိုသည်မှာ အကျဉ်းသားများကို ရောမခေတ်က ကျွန်များကဲ့သို့ အတင်းအဓမ္မလုပ်အားအမြတ်ထုတ်သော ကျောက်ထုတ်စခန်းများနှင့် စိုက်ပျိုးရေးစခန်းများဖြစ်သည်။ ထိုလုပ်ငန်းများမှ အကျဉ်းဦးစီးဌာနသည် လစဉ် ကျပ်သိန်းထောင်နှင့်ချီ ဝင်ငွေရရှိနေသည်။
မြန်မာနိုင်ငံအနှံ့ ရဲဘက်အကျဉ်းစခန်း ဒါဇင်နှင့်ချီ၍ ရှိပြီး ထိုစခန်းများတွင် ထောင်သောင်းချီသော အကျဉ်းသားများ အတင်းအဓမ္မ ခိုင်းစေခံနေရသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် စစ်တပ်အတွင်း အကျဉ်းသားများဖြင့် ဝန်ဆောင်တပ်ရင်းဆိုသည်ကို ဖန်တီးပြီး ထိုတပ်ရင်းမှ အကျဉ်းသားများကို ရှေ့တန်းနေရာများတွင် စစ်တပ်အတွက် လက်နက်နှင့် ရိက္ခာများကို သယ်ဆောင်ရန်အတွက် အဓမ္မခိုင်းစေခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)