အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးရဲဘက်စခန်းတိုက်ပွဲ၊ ထောင်ပိုင်အပါအဝင် ၁၁ ဦးခန့်သေမည်ဟု PDF ခန့်မှန်း

စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ် တမူးမြို့ရှိ ရဲဘက်အကျဉ်းစခန်းတစ်ခုကို ယမန်‌နေ့(ဇန်နဝါရီ ၁၀) က ဝင်ရောက်တိုက်ခိုက်ရာ ထောင်ပိုင်အပါအဝင် ၁၁ ဦးခန့်သေဆုံးသည်ဟု PDF (တမူး) တာဝန်ရှိသူက ပြောသည်။

တမူးမြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာ ဝက်ရှုရွာအနီးရှိ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို နံနက် ၅ နာရီခွဲခန့်တွင် စီးနင်းရာတွင် အသာတကြည် လက်နက်ချရန် ကမ်းလှမ်းခဲ့သော်လည်း ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း PDF (တမူး) တပ်ရင်း(၁)မှ ဗိုလ်ဘမာန်ဆိုသူက ပြောသည်။

မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ထောင်ပိုင်၊ ထောင်ပိုင်၏ ဇနီးနှင့် အကျဉ်းဦးစီးဝန်ထမ်းများ သေဆုံးသွားသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ စီးထားတဲ့အချိန်မှာ ထောင်ပိုင်က အမိန့်တွေပေးပြီး အော်လိုက်တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ပစ်ကြခတ်ကြလို့ ဟိုဘက်ကျ ဒီဘက်ကျ၊ အကျအဆုံးတွေဖြစ်ကုန်တာ” ဟု ဗိုလ်ဘမာန်က ပြောသည်။

နှစ်ဖက်ပစ်ခတ်ကြစဉ် အကျဉ်းစခန်းအတွင်းရှိ ဗဟိုကင်းစခန်းမှ အစောင့်က စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် PDF အဖွဲ့မှလည်း အသက် ၂၀ ဝန်းကျင် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုပြီးသည့်နောက် တမူး – PDF တပ်ရင်း(၁) မှာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ကျဆုံးတပ်ဖွဲ့ဝင်တစ်ဦးကို မြေပြင်အခြေအနေအရ ပြန်လည်သယ်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ဗိုလ်ဘမာန်က ပြောသည်။

“ဒဏ်ရာရတာက သူတို့ဘက်က ပိုတောင်များအုံးမှာ၊ ဘာကြောင့်လည်းဆိုတော့ ဖြစ်တဲ့အချိန်မှာ အပြင်က ကလေးတွေကလည်း ဝိုင်းပြီးပစ်ကြသေးတာကိုး၊ သူ့လူနဲ့သူ ထိတာရော ကျွန်တော်တို့ ဝိုင်းပြီးပစ်တာရောဆိုတော့ တော်တော်တော့များမယ်” ဟု ၎င်းက ပြောသည်။

တမူးမြို့ အုတ်ဖိုကန်ဘောင်ရဲဘက်အကျဉ်းစခန်း စီးနင်းတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းတွင် အကျဉ်းစခန်းနှင့် ၂ မိုင်ခန့်အကွာတွင် ရှိသည့် ဝက်ရှုရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ရွာဘောလုံးကွင်းအတွင်း စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု PDF ဘက်မှ သိရသည်။

တမူးမြို့နယ်သည် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအားကောင်းရာ မြို့နယ်ဖြစ်ပြီး CDM ပြုလုပ်သူလည်း နည်းပါးကြောင်း၊ စစ်ကောင်စီလက်ရုံးဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်များနှင့် ဒလန်များ များပြားလာသဖြင့် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ဘမာန်က ပြောသည်။

လတ်တလောတွင် တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ကင်းလှည့်သွားလာခြင်း၊ စစ်ကြောင်းထိုးခြင်းများမရှိဘဲ မြို့ပေါ်ရှိ စာသင်ကျောင်း၊ ရဲစခန်းနှင့် ဘာသာရေးအဆောက်အအုံများတွင်သာ တပ်စွဲထားသည့်အတွက် တိုက်ပွဲဖြစ်ပွားမှုနည်းပါးသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် တမူးမြို့အပါအဝင် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့သည်။

၂၀၂၁၊ ဧပြီလအတွင်းက တမူးမြို့ရှိ နန်းဖာလုံမီးသတ်စခန်းကို တမူးမြို့နယ် PDF အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button