အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလထိပ်တန်းတာဝန်ရှိသူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့

ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး (UN-OCHA) လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ramesh Rajasingham သည် ပြီးခဲ့သည့် တနင်္လာနေ့ (စက်တင်ဘာ ၁၃) မှ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၅) အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလအကြီးအကဲသည် ၎င်း၏ သုံးရက်တာခရီးစဉ် ပထမနေ့တွင် မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်တို့နှင့် တွေ့ဆုံခဲ့သည်ဟု ကုလသတင်းရင်းမြစ်တစ်ခုက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါအခြေအနေနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်အလို့ငှာ ခွင့်ပြုချက်ရရှိရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ညွှန်ကြားမှုဖြင့် OCHA ဒုတိယအကြီးအကဲ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ကုလသတင်းရင်းမြစ်က ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

“ကျန်းမာရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်ငြိမ်နေပါပြီ၊ ထိန်းချုပ်ထားနိုင်ပါပြီလို့ Ramesh Rajasingham ကိုခရီးစဉ်အတွင်းပြောလို့ သူတောင် စိတ်ပျက်သွားတဲ့အနေအထားရှိပါတယ်” ဟု အမည်မဖော်လိုသူ ကုလအရာရှိတစ်ဦးက Myanmar Now ကို ပြောကြားသည်။

ထိုကုလအကြီးအကဲသည် စစ်ကောင်စီတာဝန်ရှိသူများနှင့် တနင်္လာနေ့တွင် တွေ့ဆုံပြီးနောက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံရှိ ကုလအဖွဲ့အစည်းတာဝန်ရှိသူများ၊ နိုင်ငံတကာ NGO အဖွဲ့ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသံတမန်များကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ကုလအကြီးအကဲ၏ ခရီးစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

UNOCHA ဒုတိယအကြီးအကဲဖြစ်သူ Ramesh Rajasingham သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် အာဆီယံနှင့်ပါ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလအကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ NUG တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံ OCHA ရုံးမှ သတင်းအချက်အလက်ဌာနခေါင်းဆောင် Valijon Ranoev က ကုလအကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်ကို အတည်ပြုပြီး ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကပ်ရောဂါတုံ့ပြန်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို “နိုင်ငံရေးသဘောသက်ဝင်မှု မရှိအောင်” ဆောင်ရွက်ရန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အထောက်အပံ့ပေးလိုသော အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများ တည်ဆောက်နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။

NUG ၊ အာဆီယံအဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံမည့် အကြောင်းအရာနှင့် ပတ်သက်၍မူ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်မပေးပေ။ သို့သော် ကုလသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ အထူးသဖြင့် ကပ်ရောဂါပြန့်ပွားမှု တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ကာကွယ်ဆေးထိုးနှံမှု အကူအညီပေးနိုင်ရန် “တွေ့ဆုံရန် လိုအပ်သည့် မည်သူနှင့်မဆို” ချိတ်ဆက်ဆောင်ရွက်သွားရန် လိုလားကြောင်း ပြောသည်။ 

မြန်မာနိုင်ငံအတွက် ကုလဆိုင်ရာ ကျွမ်းကျင်သူများစုဖွဲ့ထားသည့် အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် Chris Sidoti ကမူ စစ်အုပ်စုမှတဆင့် အကူအညီအထောက်အပံ့များ ဖြန့်ဝေရန် ကြိုးပမ်းမှုကို ချင့်ချိန်ရန် သတိပေးသည်။ 

“ကုလအနေနဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ ကောင်းပါတယ်။ ဒါပေမဲ့ စစ်အုပ်စုကနေတစ်ဆင့် သွားမဲ့ ဘယ်လိုလူသားချင်းစာနာထောက်ထားကူညီမှုမဆို အကျင့်ပျက်ခြစားတာမျိုးနဲ့ ကြုံရနိုင်ပါတယ်” ဟု Chris Sidoti က Myanmar Now ကို ပြောသည်။ 

ကုလအနေဖြင့် မြန်မာပြည်အား အရေးပေါ်လူသားချင်းစာနာထောက်ထားသည့်အကူအညီများ အလျင်အမြန်ပေးသင့်ကြောင်း၊ သို့သော် ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီပေးရာတွင် အကျင့်ပျက်စစ်တပ်အစား NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် အခြားအရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ပြောသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ခဲ့သော ဧပြီ ၂၄ က အာဆီယံထိပ်သီးအစည်းအဝေး၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသို့ သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်ခေါင်းဆောင်များဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိဟု အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof က ယခုလဆန်းပိုင်းတွင် ထုတ်ဖော်ပြောကြားထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button