စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများအတွင်း လှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီတပ် ယနေ့ (စက်တင်ဘာ ၁၅) မနက်တွင် ချုံခိုတိုက်ခိုက်ခဲ့ရသဖြင့် စစ်သား ၆ ဦး သေပြီး ၁ ဦး ဒဏ်ရာရသွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ထံမှ သိရသည်။
စက်တင်ဘာ ၁၃ ကတည်းက စစ်တပ်သည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ထိစပ်နေသော ထိုရွာများတွင် တပ်စွဲထားခြင်းဖြစ်သည်။
ယနေ့ မနက် ၈ နာရီတွင် YDF နှင့် ကလေးမြို့အခြေစိုက်ပြောက်ကျားအဖွဲ့ ပူးပေါင်းပြီး အိမ်ခြေ ၃၀၀ ခန့် ရှိသည့် ကျောက်ပြုတ်ရွာတွင် ရောက်နေသော စစ်တပ်ကို နာရီဝက်ကြာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်ကတော့ အကုန်လုံးတော့ ဘေးကင်းပါတယ်။ (စစ်တပ်က) ကျေးရွာထဲမှာ ကင်းလှည့်၊ ကင်းပုန်းယူထားတာတွေ လုပ်နေတာပေါ့။ ကျွန်တော်တို့ အလစ်ဝင်တိုက်လိုက်တာ။ ရွာအရှေ့ပိုင်းအခြမ်းကနေ စတိုက်တာ။ အခု သိရသလောက် သူတို့ ၆ ဦး ကျတယ်”ဟု YDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီက ယနေ့တိုက်ပွဲသတင်းကို ထုတ်ပြန်ခြင်း မရှိသေးသလို ယခင်ရက်ပိုင်း တိုက်ပွဲအခြေအနေကိုလည်း သတင်းအမှောင်ချထားသည်။
စက်တင်ဘာ ၁၃ မွန်းလွဲ ၁ နာရီတွင် ဂန့်ဂေါ – ကလေး မေတ္တာမြစ်ကူးကြိုးတံတားအနီး စစ်ယာဉ်တန်းကို ကလေးမြို့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ရာ စစ်သား၂ ဦး သေဆုံးခဲ့ပြီးနောက် ကျောက်ပြုတ်ရွာနှင့် ကျောက်ဆည်ရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။
ထိုနေ့ ညနေ ၆ နာရီတွင် ကျောက်ဆည်ရွာဘုန်းကြီးကျောင်း၌ ခိုလှုံနေသည့် ရွာသား ၄ ဦးကို PDF များကို သတင်းပေးကူညီနေသည်ဟု စွပ်စွဲ၍ စစ်သားများက ပစ်သတ်ခဲ့ပြီး သက်ကြီးပိုင်းရွာသား ၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့နောက် ထိန်းသိမ်းခံရသည့် သက်ကြီးပိုင်းများကို ယမန်နေ့ (စက်တင်ဘာ ၁၄) ညနေပိုင်းတွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့သည်။
အသတ်ခံရသူ ၄ ဦးမှာ အသက် ၅၅ နှစ်အရွယ် ဦးသောင်းမြင့်၊ အသက် ၅၀ ဝန်းကျင် ဒေါ်ချောလှနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦးတို့ဖြစ်ကြောင်း ပြန်လွတ်လာသူများကို ကိုးကား၍ YDF ပြောရေးဆိုခွင့်ရှိသူ ထိုအမျိုးသားက ဆက်ပြောသည်။
“PDF ဘက်က သတင်းပေးလုပ်ပေးတယ်။ PDF လာရင် ကြိုဆိုတယ်ဆိုပြီး ပထမတော့ မေးမြန်းတာတွေ လုပ်တယ်။ ရိုက်နှက်တာတွေ လုပ်တယ်။ နောက်ပိုင်းတော့ သတ်သွားတာပါဗျ။ သူတို့က အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့လာရင်လည်း ရွာထဲမှာ မရှိဘူး။ ကူညီတာလည်း မဟုတ်ပါဘူး။ ဒေသခံတွေအချင်းချင်း နှုတ်ဆက်တာတွေတော့ ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။
ယမန်နေ့ မနက်တွင် စစ်တပ်သည် ကျောက်ဆည်ရွာမှ နေအိမ် ၂ လုံးကို မီးရှို့ခဲ့သည့်အပြင် ယနေ့ မနက်တွင်လည်း နေအိမ်တစ်လုံးကို မီးထပ်ရှို့ခဲ့သည်ဟု လှမ်းမြင်တွေ့ရသည့် ရွာသားများကို ကိုးကား၍ YDF က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် ယောဒေသမြောက်ပိုင်းဖြစ်သော ဂန့်ဂေါတွင်သာမက ယောတောင်ပိုင်းနယ်ဖြစ်သည့် ဆောမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ယနေ့ မနက်ပိုင်းက ဆောမြို့နယ်မှ ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကား ၄ စီးကို ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိတ်ဖြူ-ဆောလမ်းပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးပျက်စီးသွားသည်။
“မိုင်တိုင် အမှတ် ၄၄ မှာ မိုင်းဆွဲတာ စစ်ကား နှစ်စီးမိတယ်။ ၂ စီး နောက်ကြောင်းပြန်ဆုတ်သွားတယ်။ စစ်ကားတွေက ကန်ပက်လက်ကို တက်ဖို့ ခဲယဉ်းလာတော့ ဆောကို ပြန်လာကြပြီ။ ကျောက်ထုက အမြောက်တပ်ကို ပြန်ဆုတ်လာမယ်ဆိုလို့ ကျွန်တော်တို့ ပြန်ပြင်နေတယ်။ သူတို့က အမြောက်တပ်ကို အားကိုးကြတယ်။ အဲဒီထဲမှာ အင်အားဖြည့်ပြီး ပြန်ပြန်ထွက်လာကြတာ”ဟု ဆော PDF ခေါင်းဆောင် ယောပဒူက ပြောသည်။
လက်ရှိတွင် ဆောမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်သည် ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ ကပစ စက်ရုံ၊ ကျောက်ထုမြို့ရှိ အမြောက်တပ်တို့တွင် အင်အားဖြည့်တင်းနေကြသည်ဟု သတင်းရကြောင်း ၎င်းက ပြောသည်။
ယနေ့ မနက်ပိုင်းတွင် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အကြား ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF Kanpetlet) နှင့် ဆော PDF တို့ ပူးပေါင်း၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည်မှာ နှစ်ရက်ဆက် ရှိနေပြီ ဖြစ်သည်။