ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၆ ဦးကို ယမန်နေ့ (စက်တင်ဘာ ၁၄) ညပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းစစ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ဒဂုံတက္ကသိုလ်မှ မဝတ်ရည်အောင်(သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ မောင်စည်သူအောင်တင် (ဥပဒေ)၊ မောင်ရဲလင်းဦး (ရှေး/သု)၊ မောင်မြင့်သိန်းနိုင် (ပထဝီဝင်)၊ မောင်နေထက်လင်း (သမိုင်းဌာန) တို့ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးပေ။
ယမန်နေ့ည ၁၀ နာရီခန့်က ကျောက်တံတားမြို့နယ် ၃၉ လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သတင်းပေး တိုင်ကြားခံရခြင်းဖြစ်နိုင်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က Myanmar Now ကို ပြောသည်။
“စစ်သားအင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်တယ်လို့ သိရတယ်။ သူတို့နေတာက အပေါ်ဆုံးထပ်လို့ ပြောတယ်။ အပေါ်ဆုံးထပ်ကိုပဲ ဧည့်စာရင်းဝင်စစ်ပြီးတော့ ဖမ်းဆီးလိုက်တယ်လို့ သိရတယ်။ နေရာအတိ အကျနဲ့ လာတယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ထိုကျောင်းသား၊ကျောင်သူ ခြောက်ဦးကို ဖမ်းဆီးပြီးနောက် ကျောက်တံတားရဲစခန်းသို့ ခေါ်ဆောင်သွား သည်ဟု သိရရှိရသော်လည်း ယနေ့တွင် စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်ဟု ယူဆရကြောင်း ကိုမင်းဟန်ထက်က ဆက်ပြောသည်။
စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂများ၊ အဖွဲ့ဝင်များနှင့် ကျောင်းသားများကို ပစ်မှတ်ထားဖမ်းဆီးကာ ဖိနှိပ်အရေးယူလျက်ရှိသည်။
လွန်ခဲ့သည့် သုံးလခန့်ကတည်းက ဖမ်းဆီးထားပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ထားသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို စက်တင်ဘာ ၆ တွင် စစ်ခုံရုံးဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။
ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ အသက် ၂၂ နှစ် အရွယ် ကိုထက်အောင်ကို စက်တင်ဘာ ၆ ၌ ပဲခူးတိုင်း၊ ပေါင်းတည်မြို့ရှိ ရှောင်တိမ်းနေသည့် အိမ်သို့ အရပ်ဝတ် ၁၀ ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု ဗကသအဖွဲ့ချုပ်မှ ကျောင်းသား တစ်ဦးက ပြောသည်။
“စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းသွားတာ ။ ဘာကြောင့်ဆိုတာ မသိရဘူး။ သူက ထောင်က ထွက်လာတာ မကြာသေးဘူး”ဟု ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုညီညီဇင်က ပြောသည်။
ကိုထက်အောင်သည် ရခိုင်ပြည်နယ် ပြည်တွင်းစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် ၂၀၂၀ အောက်တိုဘာ၌ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၁၈ ၌ ပေါင်းတည်မြို့နယ်တရားရုံးမှ ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။
၎င်းသည် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ တွင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
ကိုထက်အောင်ကို ယနေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း အဆက်အသွယ် မရသော ကြောင့် မိသားစုက စိုးရိမ်ပူပန်နေသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ နှင့် ၂၂ တို့တွင် လက်ပံတန်းအစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်အဝေယံ အပါအဝင် ၉ ဦး၊ ဇူလိုင်၂၄ ည၌ ပြည်တက္ကသိုလ်ကျောင်းသားများသဂ္ဂ အမှုဆောင် ကိုရန်နိုင်အောင်နှင့် တက်ကြွလှုပ်ရှားသူ ကိုရွှေဖြိုး၊ ဇူလိုင် ၂၈ တွင် တောင်ငူတက္ကသိုလ် ကျောင်းသား အသက် ၂၀ အရွယ် ကိုဇင်ကိုကိုခန့် တို့ ဖမ်းဆီးခံခဲ့ရသည်။
မတ်လ ၃ တွင် ရန်ကုန်မြို့၊ တာမွေရဲစခန်းအနီး လမ်းဆုံတွင် ကျောင်းသားသမဂ္ဂများ ဆန္ဒပြနေစဉ် ဖြိုခွင်းခံရပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဖုန်းမောင်၊ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုးတို့ အပါအဝင် ကျောင်းသား ၃၀၀ ခန့် ဖမ်းဆီးခံရပြီး အများစုမှာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရပြီး ဖြစ်သည်။
စစ်ကောင်စီကို ဆန့်ကျင်သောကြောင့် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံရသူများအား ဇွန် ၃၀ တွင် ပြန်လွှတ်ပေးခဲ့ရာ ကျောင်းသားများထဲမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပညာရေး တာဝန်ခံ ကိုဘုန်းထက်နောင်တစ်ဦးသာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p