ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရေသိုးကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေး ၄ ဦးကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုဖြင့် လွန်ခဲ့သည့်နှစ်လက အမှုဖွင့်ခံထားရ သည့် ကျောင်းထိုင်ဘုန်းကြီးကို မဖမ်းမိသေးဘဲ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကပြောသည်။
ရဲက သက်ငယ်မုဒိမ်းမှုဖြင့် အလိုရှိနေသည့် အသက် ၅၆ နှစ်အရွယ် ဦးနန္ဒာသီရိသည် အမှုဖွင့်ခံခဲ့ရသည့် ယခုနှစ်ဧပြီ ၂၅ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။
“မိနိုင်ပါတယ်။ ကျွန်တော်တို့လည်း နည်းနည်းပူးပေါင်းပြီးတော့ ရှာနေတာဆိုတော့ တွေ့နိုင်ပါတယ်။ သူ့ကိုမမိနိုင်ဘူးဆို ကြာသွားတဲ့အနေအထားမျိုးရောက်မှ တရားရုံးမှာ တရားခံပြေးနဲ့ တရားစွဲပြီး ဝရမ်းထုတ်မှာပါ။ သဲလွန်စမျိုးတော့ ရရင် တောက်လျှောက်လိုက်မှာပါ၊ အခုကတော့ အဲ့သတင်းကို ဘာမှမရသေးတဲ့အတွက် စုံစမ်းနေဆဲပါပဲ။” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က Myanmar Now သို့ ဖုန်းဖြင့်ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသူ ဦးနန္ဒသီရိ အား ပုသိမ်၊ ရန်ကုန်နှင့် ပဲခူးအစရှိသည့် နီးစပ်ရာမြို့နယ်မှ ရဲစခန်းများသို့ ဖမ်းဆီးနိုင်ရေး ချိတ်ဆက်ထားသည် ဟု ၎င်းက ပြောသည်။
ဦးနန္ဒသီရိသည် သူကျောင်းထိုင်ရာ ရေသိုးကျေးရွာရှိ စိတ္တသုခ ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ကျောင်းတက်နေမိန်းကလေးငယ်များကို တစ်နှစ်ဝန်းကျင်ခန့် အကြိမ်ကြိမ် အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံနေရခြင်းဖြစ်သည်။
အသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်မှ ဦးနန္ဒသီရိ၏ ဘုန်းကြီးကျောင်းသို့ မသွားချင်ကြောင်း ငြင်းဆန်ငိုယိုသဖြင့် မိဘများ မေးမြန်းရာမှ တဆင့် ကလေးငယ်များ လိင်မတော်မတရား ပြုကျင့်ခံရမှုကို မိဘများကသိရှိခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု ဆိုသော်လည်း ကလေးမိဘများက ဦးနန္ဒသီရိ လွတ်မြောက်သွားပြီး အခြားတစ်နေရာတွင် ယင်းကဲ့သို့ ထပ်မံကျူးလွန်မည်ကို စိုးရိမ်နေကြသည်။
“ရဲတပ်ဖွဲ့ကို တိုက်တွန်းလည်း ခဏပဲလိုက်တာ။ သူတို့က အေးအေးဆေးဆေးပဲ လုပ်နေတာလား မသိဘူး။ သူ(ဘုန်းကြီး)လည်း ဘယ်ရောက်နေမှန်းမသိဘူး အမြန်မိအမြန်အသတ်ခံ ရတာပေါ့” ဟု ကလေးတစ်ဦး၏ မိခင် ဒေါ်နုနုဝင်းက Myanmar Now သို့ ဇွန်လ ၂၈ ရက်နေ့က ဖုန်းဖြင့်ပြောသည်။