
မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်အား ဂန့်ဂေါမြို့နယ် တရားရုံးမှ မူးယစ်ပုဒ်မ၁၆(ဂ)ဖြင့် ယနေ့တွင် စွဲချက်တင်လိုက်သည်။
ဒေါ်သန်းသန်းမြင့်သည် ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ၌ တာဝန်ကျစဉ်က ၎င်းနှင့်သိကျွမ်းခဲ့သည့် နေပြည်တော်တိုင်း(မ်) ဂျာနယ် အယ်ဒီတာချုပ် ဝရိန်မိုး ဆိုသူအား ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် ဂန့်ဂေါမြို့နယ် တရားရုံး၌ တရားစွဲထားသူဖြစ်ပြီး အဆိုပါ ဂျာနယ်၏မှုခင်းနှင့် သတင်းစုဆောင်းရေးအဖွဲ့မှ ဒေသတာဝန်ခံနှစ်ဦး က ၎င်းတွင် မူးယစ်ဆေးဝါးပါရှိသည်ဟု ရဲအား သတင်းလှမ်းပေးခဲ့သည့်အတွက် ရဲက စောင့်ဖမ်းခဲ့ခြင်းဖြစ်သည်။
ယင်းအမှုသည် ပြစ်မှုထင်ရှားပါက အနိမ့်ဆုံးထောင်ဒဏ် ၅ နှစ် မှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။
ပြီးခဲ့သည့်ရုံးချိန်းများတွင် သက်သေထွက်ဆိုချက်များအရ ဒေါ်သန်းသန်းမြင့်သည် မူးယစ်ဆေးဝါးသုံးစွဲ သူမဟုတ်ကြောင်းနှင့် မူးယစ်ဆေးဖြင့် ကျော်စောသတင်းရှိသူမဟုတ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး၊စီးနင်းသည့် ဆိုင်ကယ်အတွင်း မည်သို့မူးယစ်ဆေးဝါးရောက်ရှိနေကြောင်းကို ခိုင်မာသောသက်သေအထောက်အထား များဖြင့် ဖြေရှင်းရန်အတွက် ယခုကဲ့သို့ စွဲချက်တင်ခြင်းဖြစ်သည်ဟု သူ၏ရှေ့နေ ဒေါ်ဗန်နီဒင်း က Myanmar Nowကိုပြောသည်။
“ဖြေရှင်းဖို့ အချိန်ပေးတာပါ။သက်သေနဲ့တကွ ခိုင်ခိုင်လုံလုံချေပနိုင်ရင် အမှန်အတိုင်းဖြစ်မယ်လို့ ယုံပါတယ်”ဟု ၎င်းကပြောသည်။
ဒေါ်သန်းသန်းမြင့်ကမူ ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ကြောင်း ငြင်းဆိုထားပြီး ပုံမှန်အားဖြင့် မူးယစ်မှုကို အာမခံမပေးသော်လည်း ဒေါ်သန်းသန်းမြင့်၏ မျက်စိကျန်းမာရေး အားနည်းခြင်း၊ မူးယစ်ဖြင့် ကျော်စောသတင်းမရှိခြင်း၊ မြို့မိ မြို့ဖ အဖွဲ့များ၏ ထောက်ခံချက်များရှိခြင်းတို့ကြောင့် ဒေါ်သန်းသန်းမြင့်ကို အောက်တိုဘာလ ၂ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်တရားရုံးက အာမခံပေးခဲ့သည်။
၎င်းသည် လက်ရှိအချိန်တွင် အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်နေရသည်။
“စွဲချက်တင်ခြင်းက အပြစ်ပေးခြင်းမဟုတ်ဘူးဆိုတဲ့ စီရင်ထုံးတွေအများကြီးရှိပါတယ်။ကိုယ့်ဆိုင်ကယ်ဒူးကာ ထဲမှာ ဘာဖြစ်လို့ မူးယစ်ဆေးရောက်နေတာလဲဆိုတာကို ခိုင်ခိုင်လုံလုံရှင်းပြနိုင်ရင် တရားသေလွတ်မှာပါ။ စွဲချက်မတင်ပဲ လွှတ်လိုက်တယ်ဆိုရင်တော့ အရပ်ခေါ် “တရားရှင် လွတ်”တာပေါ့။အဲလိုလွှတ်ရင်က အချိန် မရွေး ပြန်ပြီးပြဿနာတက်နိုင်တယ်။ဒါကြောင့် ကျေနပ်လောက်အောင် ထုချေဖြေရှင်းနိုင်တယ်ဆိုရင်တော့ တရားသေလွတ်မှာပါ”ဟု ယင်းအမှုတွင် ဥပဒေအကြံပေးအဖြစ်ကူညီသူ ဦးအေးမြင့်က ပြောသည်။
ယခုကဲ့သို့ မူးယစ်မှုဖြင့် စွဲချက်တင်ခြင်းခံရသော်လည်း တရားသေလွတ်မြောက်ပေးနိုင်ရန်အတွက် အခွင့်အရေးပေးခြင်းဟုသာ နားလည်သည်ဟု ဒေါ်သန်းသန်းမြင့်က Myanmar Nowကိုပြောသည်။
“ကိုယ်အပြစ်မလုပ်ထားလို့ မပူပင်ဘူး။တရားသေလွှတ်ပေးချင်လို့ စွဲချက်တင်တယ်လို့ မြင်တယ်။ဆက်ရင်ဆိုင်သွားမှာပါ”ဟု ၎င်းကပြောသည်။
နောက်လာမည့် ရုံးချိန်အား ဖေဖော်ဝါရီ ၈ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေအား စစ်ဆေးမည်ဟု သိရသည်။
သူ့အားစွပ်စွဲထားသည့် အမှုသည် လုပ်ကြံဖန်တီးထားသော အမှုဖြစ်သည်ဟု ဆိုထားပြီး အမှုမှကွင်းလုံးကျွတ် လာပါက ၎င်းအား ဖမ်းဆီးခံရအောင် ရဲသတင်းပေးလုပ်ခဲ့သူနှစ်ဦးကို ပြန်တရားစွဲမည်ဟု ဒေါ်သန်းသန်းမြင့်က ဒီဇင်ဘာလအတွင်းက Myanmar Now ကို ပြောသည်။