သတင်း

မြန်မာတိုင်း(မ်) ဂျာနယ်၏ ယခင် CEO ရော့စ် ဒန်ကလေကို မူးယစ်မှုဖြင့် ထောင် ၁၃ နှစ်ချ

မြန်မာတိုင်း(မ်)ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဟောင်း၊ စာတည်းမှူးချုပ်ဟောင်းဖြစ်သူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ (Ross Dunkley) အား မူးယစ်ဆေးဝါးရောင်းဝယ်ရန် အလို့ငှာ လက်ဝယ်ထားမှုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်သည်။

အမှုတွဲအဖြစ်ပါဝင်သည့် ဗြိတိန်နိုင်ငံသား ဂျွန်မက္ကင်ဇီအားလည်း ရော့စ်ဒန်ကလေနည်းတူ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံသား အမျိုးသမီးငါးဦးကို အားပေးကူညီမှု ၁၉(က)/၂၁ ဖြင့် အလုပ်နှင့် ထောင်ဒဏ်  ၁၁ နှစ် ချမှတ်ခဲ့သည်။

ရော့စ်ဒန်ကလေနှင့် ဗြိတိန်နိုင်ငံသား ဂျွန်မက္ကင်ဇီတို့သည် ၎င်းတို့၏ အိပ်ခန်း၊ မြေအောက်ခန်းတို့ ၌ မူးယစ်ဆေးဝါးတွေ့ရှိခြင်း၊ ဆေးစာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ပေါ်ပေါက်ခြင်းတို့ကြောင့် ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ကျခံရခြင်းဖြစ်ကြောင်း တရားရုံးပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ရှင်းပြသည်။

ပစ္စည်းတွေ့ရှိတာ ပေါ်ပေါက် ထင်ရှားသွားတယ်။ ဝရမ်းမပါလို့ဆိုတဲ့ နည်းလမ်းမကျရုံ သက်သက်နဲ့ ပစ္စည်းတွေ့တယ်ဆိုတဲ့ အချက်ကြီးက ပျက်မသွားဘူး။ ဟု ဦးမင်းသန့်က ဆိုသည်။

ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု ပုဒ်မ ၁၉ (က)/၂၁ ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရသည့်  မြန်မာနိုင်ငံသား အမျိုးသမီးငါးဦးသည် ရော့စ်ဒန်ကလေအိမ်ရှိ အိမ်အကူတစ်ဦးကြောင့် ထိုအိမ်သို့ ရောက်ရှိနေကြောင်း တရားခွင်တွင် ထုချေခဲ့သော်လည်း အကြောင်းပြချက် မခိုင်လုံသည့်အပြင် မူးယစ်ဆေးဝါးများတွေ့ရှိသည့် အခန်းတွင် ၅ ဦးလုံး ရောက်ရှိနေခြင်း၊ ၎င်းတို့အနက် ၄ ဦးကို ဆေးစစ်ရာတွင် မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိရခြင်းတို့ကြောင့် ယင်းကဲ့သို့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ဆိုသည်။

မစ္စတာ ရော့စ်ဒန်ကလေ (Ross Dunkley) နှင့် အမှုတွဲ ၆ ဦးသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက သူနေထိုင်ရာ ဗဟန်းမြို့နယ်၊ စမ်းရေတွင်းလမ်းနေအိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (WY) တို့အပြင် ရေခဲ(Ice) ဟု လူသိများသည့် ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး (crystal methamphetamine)တို့ကို တွေ့ရှိခဲ့ကြောင်း ထိုစဉ်က ရဲက ထုတ်ပြန်ခဲ့သည်။

၎င်းသည် ၂ဝ၁၁ ခုနှစ်အတွင်းကလည်း အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် နာကျင်စေမှုဖြင့် အဖမ်းခံရကာ ထောင်ဒဏ် တစ်လ ချမှတ်ခံခဲ့ရဖူးသည်။

ရော့စ်ဒန်ကလေသည် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တပ်မတော်ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်(ဟောင်း)သိန်းဆွေ၏သားဖြစ်သူ ကိုဆန်နီဆွေနှင့် ပူးပေါင်းကာ မြန်မာတိုင်း(မ်) အင်္ဂလိပ်နှင့် မြန်မာတိုင်း(မ်) မြန်မာ အပတ်စဉ်ထုတ် သတင်းစာနှစ်စောင်ကို ၂ဝဝဝ ပြည့်နှစ်ကာလများမှစ၍ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ထုတ်ဝေခဲ့သည်။

၂ဝဝ၄ ခုနှစ်အတွင်း ကိုဆန်နီဆွေသားအဖ တပ်မတော်ထောက်လှမ်းရေးအရာရှိများ ဖမ်းဆီးခံရသည့်နောက်တွင် ဒန်ကလေသည် ပြည်မြန်မာဂျာနယ်ထုတ်ဝေသည့် ဒေါက်တာတင်ထွန်းဦးနှင့် ဆက်လက် လက်တွဲလုပ်ကိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာတိုင်း(မ်) ဂျာနယ်၏ မိခင်ကုမ္ပဏီဖြစ်သည့် Myanmar Consolidated Mediaကို ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းက အပြီးတိုင် ဝယ်ယူပြီးနောက်တွင် မီဒီယာလောက ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။

Show More

Related Articles

Back to top button