ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် နိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းမှ ထားဝယ်ထောင်ပိုင်နှင့် ဒုထောင်ပိုင်တို့သည် အများဆုံးထောင်ဒဏ် ၂၃ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည့် မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
စစ်ကောင်စီ၏ မူးယစ်ရဲများက သြဂုတ် ၁၄ တွင် ထားဝယ်ထောင်အတွင်းရှိ ဝန်ထမ်းအိမ်ရာမှ ဒုထောင်ပိုင် ဦးသူရိန်ထွန်း၏ နေအိမ်ကို ဝင်ရှာရာတွင် ဆေးခြောက်၊ ICE နှင့် စိတ်ကြွဆေးပြားများ၊ ကျည်ဆန်များနှင့် ဖုန်းအလုံး ၈၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထောင်ပိုင် ဦးအောင်နိုင်ဖေနှင့် ဒုထောင်ပိုင် ဦးသူရိန်ထွန်းတို့ကို ထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများတပ်ကာ ဖမ်းဆီးထားခြင်းဖြစ်သည်။
ထားဝယ်ထောင်ပိုင်နှင့် ဒုထောင်ပိုင်တို့သည် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်စီ ချနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေမှ မူးယစ်ဆေးဝါးကို ဥပဒေနှင့်မညီဘဲ လက်ခံရယူခြင်း၊ ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲ ထိမ်ချန်ခြင်း (သို့) အစားထိုးခြင်း စသည့် ပုဒ်မနှစ်ခု တပ်ခံထားရသည်။
ထို့ပြင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည့် လက်နက်ဥပဒေ ပုဒ်မ ၂၃ (က)၊ ခွင့်ပြုချက်မရှိဘဲ ခဲယမ်းများကို လက်ဝယ်ထားရှိသည့် ပုဒ်မလည်း တပ်ခံထားရသည်။
ထားဝယ်ထောင်တွင်း မူးယစ်အရှုပ်အထွေးသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီ၏ တနင်္သာရီနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက ထောင်အတွင်း ဝင်ရောက်စစ်ဆေးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးရေးအဖွဲ့သည် အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးနှင့် ဖုန်းများ ရှာတွေ့ခဲ့ပြီးနောက် ထောင်ဝန်ထမ်းများကိုပါ ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မီးခိုးကြွက်လျှောက်လိုက်ကာ ထောင်ပိုင်နှင့် ဒုထောင်ပိုင် အပါအဝင် ထောင်ဝန်ထမ်းများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထောင်တွင်းမူးယစ်မှုများနှင့် ပတ်သက်ပြီး ထောင်ဆေးမှူးကြီးအပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးခန့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဒေသတွင်းသတင်းဌာန The Tanintharyi Times က သြဂုတ်လ ၂၇ တွင် ရေးသားသည်။
အခြားသော ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနကလည်း အဆိုပါဖြစ်ရပ်များအပြီး စစ်ကောင်စီက ထားဝယ်ထောင်ဝန်ထမ်းအားလုံးနီးပါးကို လူသစ်များဖြင့် အစားထိုးပြီး ထောင်ဝင်စာပေးပို့မှုကိုလည်း တင်းကျပ်လိုက်ကြောင်း သြဂုတ်လ ၂၆ တွင် ရေးသားသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ၎င်းတို့ ဖမ်းဆီးထားသူ အကျဉ်းသားအားလုံးကို မိသားစုနှင့် ပုံမှန်တွေ့ခွင့် (ထောင်ဝင်စာ) ပိတ်ပင်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)