(ရန်ကုန်) – ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသတစ်ခုတွင် ဈေးဝယ်ထွက်ပြီးပြန်လာသော ဆယ်တန်းကျောင်းသူသည် သူ၏ အိမ်ရှေ့တွင်ပင် ဆိုင်ကယ်တစ်စီးပေါ်သို့ အတင်းအကျပ် ခေါ်ဆောင်သွားခံလိုက်ရသည်။
ထိုနေ့သည် ဇူလိုင် ၂ ရက်နေ့ ဖြစ်ပြီး ထိုမိန်းကလေးအတွက်မူ ၁၁ ရက်ကြာ ခိုးယူပေါင်းသင်းခံရမှု၏ ပထမနေ့ ဖြစ်လာသည်။
“ဆိုင်ကယ်ပေါ် ရှေ့တစ်ယောက်နဲ့ နောက်တစ်ယောက် ညှပ်ခေါ်သွားတာ။ ကျွန်မ ကျောကုန်းကိုလည်း ချွန်တဲ့အရာနဲ့ ထောက်ပြီး အော်တာနဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ခေါ်သွားတာ” ဟု မိန်းကလေးက လက်ဆစ်များကို ချိုးနေရင်း Myanmar Now ကို ပြောပြသည်။
သူ့ကို တန်းတပင်နှင့် ကပ်လျက်တည်ရှိသည့် ရွှေပြည်သာမြို့နယ်ထဲမှ တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး ကြက်ဖ (ခေါ်) စိုးမင်းသန်းဆိုသူက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
တည်းခိုခန်းရောက်ပြီး သူ့ကိုတိုက်သည့် အချိုရည်ထဲတွင်လည်း ဆေးခတ်ထားဟန် ရှိသည်ဟု သူက ရှင်းပြသည်။ အသိစိတ်ပြန်ဝင်ပြီးနောက် တည်းခိုခန်းတာဝန်ရှိသူကို အကူအညီတောင်းရာ “နင်တို့ကိစ္စ နင်တို့ရှင်း။ ငါဘာမှ မလုပ်ပေးနိုင်ဘူး” ဟူသော တုံ့ပြန်ချက်သာ ရခဲ့သည်ဟု သူက ပြောပြသည်။
တည်းခိုခန်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အိမ်တစ်အိမ်တွင်လည်း အခန်းတွင်း ပိတ်လှောင်ပြီး မတရားကျင့်ခဲ့သည်ဟု ဆိုသည်။
“ကျွန်မကို ပိတ်ထားတဲ့ ၁၁ ရက်လုံးလုံး အချိုရည်ချည်း တိုက်တာ။ မသောက်ရင် ကျွန်မကို ပါးရိုက်တယ်။ နယ်စပ်ကို သွားရောင်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု ၁၇ နှစ်အရွယ် မိန်းကလေးက ပြောပြသည်။
မိဘ ပြန်ခေါ်
မိန်းကလေး ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး မိဘတို့က လိုက်လံစုံစမ်းသည့်အခါ ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာမှ ကြက်ဖ(ခ) စိုးမင်းသန်းဆိုသူက ခိုးယူပေါင်းသင်းသွားကြောင်း သတင်းရခဲ့ကြသည်။
အခင်းမဖြစ်ပွားမီ ကြက်ဖသည် မိမိတို့ခြံရှေ့သို့ သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးကြောင်း အိမ်နီးချင်းတို့ထံမှ သိရသည်ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။
ခိုးယူခံရသည်ဟု သိရှိပြီးနောက်တွင် မိန်းကလေး၏ မိဘများက လက်ထပ်ပေးမည်ဟူသော စကားကို ကြက်ဖ၏ အသိုင်းအဝိုင်းထံ ရောက်အောင် ပို့လိုက်ရာ ကြက်ဖက လာရောက်အပ်နှံသည်ဟု ဆိုသည်။
သမီးဖြစ်သူသည် ကြက်ဖနှင့် ယခင်က တွေ့ဆုံခဲ့ဖွယ်ရှိသည် သို့မဟုတ် အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အချိတ်အဆက် ရှိခဲ့ဖွယ် ရှိသည်ဟု ဖခင်ဖြစ်သူက ယူဆသည်။
အိမ်ပြန်ရောက်သည့်အခါ ကြက်ဖတွင် အိမ်ထောင်ရှိခဲ့ဖူးကြောင်း၊ သားသမီးလည်းရှိကြောင်း၊ မိမိအနေဖြင့် လက်မထပ်နိုင်ကြောင်း၊ ခိုးရာလိုက်ပြေးခြင်းလည်း မဟုတ်ကြောင်း မိန်းကလေးက မိဘများကို ပြောပြသည်ဟု ဆိုသည်။
ပဟေဠိ
ပိတ်လှောင်ထားသည့် ကာလတွင် ကြက်ဖက “နင်တို့မိဘတွေ အခု ပြန်ဝဋ်လည်နေပြီ” ဆိုသည့် စကားကို တွင်တွင်သုံးကာ ရယ်မောနေတတ်သည်ဟု ဆိုသည်။
ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေးက နားလည်နိုင်ခြင်း မရှိပေ။
လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏အစ်ကိုက အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ကြောင်း၊ ၎င်းတို့ ကလေးရပြီး ၇ လအကြာတွင် ထိုအမျိုးသမီးက ဧရာဝတီတိုင်းဒေသကြီးသို့ ပြန်သွားရာမှ လင်မယားကွဲသွားကြကြောင်း မိန်းကလေးက ရှင်းပြသည်။
“ကျွန်မအစ်ကိုရဲ့ ကွဲသွားတဲ့ မိန်းမနဲ့ အခု ကျွန်မကို ကျူးလွန်တဲ့သူက အမျိုးတော်မတော် ကျွန်မ မသိဘူး။ သူ အခုလိုလုပ်တာ ကျွန်မအစ်ကိုရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်သလားလို့ ယူဆရတာပဲ” ဟု သူက ဆိုသည်။
ကြက်ဖ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေး၏ ဖခင်ကလည်း နားမလည်ပေ။
ခိုးယူခံရခြင်းသည် သားဖြစ်သူ၏ ယခင်က အိမ်ထောင်ရေးအခြေအနေနှင့် သက်ဆိုင်ခြင်း ရှိမရှိကို ယတိပြတ်မပြောနိုင်ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။
လက်တုံ့ပြန်ခံရခြင်းဖြစ်သည် ဆိုပါကလည်း ၎င်းတို့သည် ချွေးမဖြစ်သူကို နှိပ်စက်ခဲ့ခြင်း မရှိကြောင်း၊ လင်မယားချင်း အဆင်မပြေခြင်းကြောင့်သာ ပြန်လည်မပေါင်းဖက်နိုင်ခြင်း ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။
မိန်းကလေး၏ မိဘများက ကြက်ဖကို ထန်းတပင်မြို့နယ်၊ တက်သစ်ရဲကင်းစခန်းတွင် လာရောက် တိုင်ကြားထားသဖြင့် လူခိုးမှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းမှ တာဝန်ခံဖြစ်သူ ရဲအုပ် သက်နောင်စိုးက ပြောသည်။
“အခုချိန်ထိတော့ ကျွန်တော်တို့ စွပ်စွဲခံရသူ ကြက်ဖကို မမိသေးပါဘူး။ သတင်းစုံစမ်းနေတုန်းပါပဲ။ နောက်ပြီး ဆေးစာလည်း ကျွန်တော်တို့ မရသေးဘူး။ ဓာတုဗေဒစစ်ဆေးချက်တွေလည်း မရသေးဘူး။ ရတာနဲ့ ကျွန်တော်တို့က ဥပဒေအကြံတောင်းမယ်၊ တရားရုံးကို အမှုတွဲတင်မယ်။ ကျူးလွန်သူကို မမိသေးဘူးဆိုရင်တောင် တရားခံပြေးအနေနဲ့ တင်မယ်” ဟု သူက ဆိုသည်။
ပွဲလမ်းသဘင်ကျင်းပရာတွင် ဘောလီဘောပွဲ ထည့်သွင်းလေ့ရှိသည့် ထိုဒေသတွင် ဘောလီဘော ကြေးစားကစားသူ ကြက်ဖနှင့် မိန်းကလေး ယခင်က သိကျွမ်းခဲ့ဟန် ရှိသည်ဟု တချို့က ယူဆကြသည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူကို ထိန်းသိမ်းနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်သည်ဟု တက်သစ်ရဲကင်းစခန်းမှ တပ်ကြပ်ကြီး ညီညီအောင်က ဆိုသည်။
“အခုချိန်က ဒီကလေးမလေး ပြောစကား တစ်ခုတည်းပဲရှိသေးတော့ အဖြစ်အပျက်ကို ယတိပြတ်ပြောလို့တော့ မရသေးဘူး။ ကျူးလွန်သူရဲ့သတင်းကို စုံစမ်းနေပါတယ်။ သူ့ကို ဖမ်းမိဖို့လည်း လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ခိုးယူပေါင်းသင်းမှုများ
ပြီးခဲ့သည့် ၂ နှစ်အတွင်း ထန်းတပင်မြို့နယ်တွင် ခိုးယူပေါင်းသင်းမှု ၇ မှုအထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအမှုများထဲတွင် အသက်မပြည့်သေးသော အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ပြစ်မှုကျူးလွန်သူ ဖမ်းမိနိုင်ရေး ပိုမိုအားထုတ် ကြိုးပမ်းစေလိုသည်ဟု မိန်းကလေး၏ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်ပြည့်ပြည့်စန္ဒရှင်က ပြောသည်။
“၁၈ နှစ်လည်း မပြည့်သေးဘူး။ သူ့ကို ဆေးခတ်ခိုးယူပေါင်းသင်းချိန်ကလည်း ၁၁ ရက်တာကာလမှာ ပိတ်လှောင်ထားတယ်။ ဒါဟာ အလိုမတူဘဲနဲ့ ကာမလိမ်လည်မှုမြောက်နေပြီ။ တည်းခိုခန်းကလူတွေရော၊ သူ့ကို ပိတ်လှောင်ထားတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကြက်ဖရဲ့ မွေးစားအဖေဆိုသူကိုရော ရဲတပ်ဖွဲ့ဘက်က ခေါ်မစစ်သေးတာ အားမရဘူး” ဟု သူက ဆိုသည်။
ယခုအခါ အိမ်အပြင်ထွက်ရန်ပင် မဝံ့မရဲဖြစ်နေသည်၊ တချို့က နှစ်သိမ့်အားပေးကြသော်လည်း တချို့က အထင်သေးဟန်ဖြင့် ကြည့်ကြသည်ဟု မိန်းကလေးက Myanmar Now ကို ပြောသည်။
“ကျွန်မလည်း ဘာမှ သူများအပေါ်မှာ မကျူးလွန်ဖူးဘဲနဲ့ ကျွန်မကို ဘာလို့ အဲ့ဒီလိုလုပ်ရသလဲ။ ကျွန်မအနေနဲ့ ကျောင်းပဲ ပြန်တက်ချင်တယ်။ ဒီအဖြစ်အပျက်ကို ကျွန်မ သူငယ်ချင်းတချို့လည်း သိသွားကြတော့ ကျောင်းပြန်တက်ရမှာလည်း စိုးရိမ်မိတယ်။ ကျွန်မကို ကျူးလွန်သူအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပြန်ခံစားစေချင်တယ်” ဟု သူက ဆိုသည်။