သတင်း

မူးယစ်အမှုမှလွတ်လျှင် ရဲထံသတင်းပေးခဲ့သူများကို ကျန်းမာရေးဆရာမက ပြန်တရားစွဲမည်

စီးနင်းလာသည့် ဆိုင်ကယ်ပေါ် မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကျန်းမာရေးဆရာမက ထိုအမှုသည် လုပ်ကြံဖန်တီးထားသော အမှုဖြစ်သည်ဟု ဆိုထားပြီး အမှုမှကွင်းလုံးကျွတ် လာပါက ၎င်းအား ဖမ်းဆီးခံရအောင် ရဲသတင်းပေးလုပ်ခဲ့သူနှစ်ဦးကို ပြန်တရားစွဲမည်ဟု Myanmar Now ကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်သည် ၎င်းက အမျိုးသားတစ်ဦးအပေါ် တရားစွဲထားသည့် အမှုအတွက် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဂန့်ဂေါတရားရုံးသို့ တရားရင်ဆိုင်အပြီး အပြန် လမ်းတွင် ၎င်း၏ဆိုင်ကယ်ရှေ့အံခွက်အတွင်းမှ စိတ်ကြွမူးယစ် ဆေးဝါးများ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်သန်းသန်းမြင့်သည် ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ၌ တာဝန်ကျစဉ်က ၎င်းနှင့်သိကျွမ်းခဲ့သည့် နေပြည်တော်တိုင်း(မ်) ဂျာနယ် အယ်ဒီတာချုပ် ဝရိန်မိုး ဆိုသူအား ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် ဂန့်ဂေါမြို့နယ် တရားရုံး၌ တရားစွဲထားသူဖြစ်ပြီး အဆိုပါ ဂျာနယ်၏မှုခင်းနှင့် သတင်းစုဆောင်းရေးအဖွဲ့မှ ဒေသတာဝန်ခံနှစ်ဦး က ၎င်းတွင် မူးယစ်ဆေးဝါးပါရှိသည်ဟု ရဲအား သတင်းလှမ်းပေးခဲ့သည့်အတွက် ရဲက စောင့်ဖမ်းခဲ့ခြင်းဖြစ်သည်။

ဒေါ်သန်းသန်းမြင့်ကမူ ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ကြောင်း ငြင်းဆိုထားပြီး ၎င်းကို သက်သက် လုပ်ကြံခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက် ရမန်ယူရန်ရုံးထုတ်စဉ်က ပြောသည်။ ၎င်းကို အာမခံပေး ခဲ့သဖြင့် ၎င်းသည် အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်နေရသည်။

မူးယစ်အမှုဖြင့် တရားရုံးချိန်း ရှစ်ကြိမ်ရှိပြီဖြစ်ပြီး လက်ရှိမူးယစ်အမှုပြီးပါက ရဲထံ သတင်းပေးပြီး ၎င်းကို ဖမ်းဆီးခိုင်းခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းသမား နှစ်ဦးကို ကလေးဝ မြို့နယ် တရားရုံးတွင် အမှုဖွင့်မည်ဟု ပြောသည်။

“သတင်းပေးလုပ်ကြံတဲ့သူလေ၊ နေပြည်တော်တိုင်း(မ်) က မကွေးတိုင်းတာဝန်ခံ (ဦး) အောင်ထိုက်နဲ့ စစ်ကိုင်းတိုင်း တာဝန်ခံ ဦးကျော်ဆင့်တို့ကို စွဲမှာရှင့်။ သူတို့က သတင်းပေးတာလို့ပြောတယ်။ ဂန့်ဂေါက သတင်း စုဆောင်းရေး ရဲအုပ် ဗိုလ်သာအေးက တရားရုံးမှာထွက်ထားတယ်။ ကျွန်မဆီမှာဆေးတွေပါတယ်လို့ ဦးကျော်ဆင့်က သတင်းပေးတယ်ပေါ့”ဟု ၎င်းက Myanmar Now ကို ယမန်နေ့က ပြောသည်။

ပုံမှန်အားဖြင့် မူးယစ်မှုကို အာမခံမပေးသော်လည်း ဒေါ်သန်းသန်းမြင့်၏ မျက်စိကျန်းမာရေး အားနည်းခြင်း၊ မူးယစ်ဖြင့် ကျော်စောသတင်းမရှိခြင်း၊ မြို့မိ မြို့ဖ အဖွဲ့များ၏ ထောက်ခံချက်များရှိခြင်းတို့ကြောင့် အာမခံ ရခဲ့ကြောင်း ဒေါ်သန်းသန်းမြင့်၏ ရှေ့နေ ဦးချစ်ထွန်းကပြောသည်။

“လိုပြသက်သေနောက်ဆုံးက အမှုစစ်လည်း ကျွန်တော်တို့ စစ်ဆေးပြီးပါပြီဗျ။ အကုန်လုံး လူရော သက်သေခံ ပစ္စည်းတွေရော အာမခံရထားပါပြီဗျ။ ဆိုင်ကယ်တစ်ခုပဲကျန်တယ်ဗျ။ ကျန်တဲ့အမှုနဲ့ သိမ်းဆည်းခံ ပစ္စည်းတွေ ကျွန်တော်တို့ ပြန်ရထားပါပြီဗျ”ဟု ၎င်းက ယမန်နေ့က ပြောသည်။

“လက်ရှိအနေအထားကတော့ ကောင်းတယ်ဗျ။ ပြောရရင်တော့ ဆရာမလေးအနေနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ကျော်စောသတင်းမရှိဘူးဗျာ။ ဆေးရုံမှာဆိုရင်(ဒေါ်သန်းသန်းမြင့်တာဝန်ကျသော) ဆရာဝန်ရဲ့ထွက်ချက်တွေ၊ နောက်ပြီး ဆီးနဲ့ပတ်သက်တဲ့ ထွက်ချက်တွေမှာလည်း ကင်းရှင်းတယ်ဗျာ”ဟု ဦးချစ်ထွန်းက ဆက်ပြောသည်။

ဤအမှုနှင့်ပတ်သက်ပြီး ဖြစ်ရပ်အမှန်အပေါ်ပေါက်လာရန် နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းပြန်ကြားရေးက တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုး လာရောက် စစ်ဆေးသွားကြောင်း ဂန့်ဂေါမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးမင်းဟန်ကလည်း အဆိုပါအမှုကို စုံစမ်စစ်ဆေးပြီးဖြစ်သဖြင့် တရားရုံးသို့ အားလုံးပြန်လည် လွှဲအပ်ထားသည်ဟု ယမန်နေ့က Myanmar Now ကို ပြောသည်။

ကာမလိမ်လည်မှုဖြင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုအတွက် ဂန့်ဂေါတရားရုံးသို့ သွားရောက်ရင်ဆိုင်အပြီး ပြန်လာသည့် ဒေါ်သန်းသန်းမြင့်အား ဂန့်ဂေါ –ကလေးလမ်း ၊ စိုင်ဒူးတံတား အနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရ ဟုဆိုကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ကျွန်မက လိုင်စင်စစ်တယ်မှတ်လို့ အုံနာဘုတ်တွေ ထုတ်ပေးတော့ ‘လိုင်စင်စစ်မှာ မဟုတ်ဘူးတဲ့ မူးယစ် သတင်းပေးတဲ့သူ ရှိလို့ ကျွန်တော်တို့က အဖွဲ့စုံဆင်းဖမ်းတာ’တဲ့။ အဲဒါပြီးတော့ ကျွန်မကို ဂိတ်တဲထဲကို ခေါ်သွား တာ။ ကျွန်မရဲ့ ကျောပိုးအိတ်တွေ၊ ဆိုင်ကယ် နောက်ခုံထဲတွေ အကုန်ရှာတယ်။ မတွေ့ဘူး။ အဲ့ဒီအချိန်မှာပဲ ဆိုင်ကယ် လက်ကိုင်အောက် အံခွက်ထဲကနေ ‘တွေ့ပြီ’ဆိုပြီး ထအော်တာ” ဟု ဒေါ်သန်းသန်းမြင့်က ပြောသည်။

ဒေါ်သန်းသန်းမြင့် သည် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ငါးနှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် ခုနစ်လကမှ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာသို့ ပြောင်းရွှေ့တာဝန်ထမ်းခဲ့ရခြင်းဖြစ်သည်။

ဒေါ်သန်းသန်းမြင့်ကို အောက်တိုဘာလ ၂ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်တရားရုံးက အာမခံပေးခဲ့သည်။

ကာမလိမ်လည်မှုဖြင့် အစွဲခံထားရသည့် နေပြည်တော်တိုင်း(မ်) အယ်ဒီတာချုပ် ဝရိန်မိုးသည်လည်း အာမခံဖြင့် အမှုရင်ဆိုင်နေရသည်။

ဇေယျာသီရိမြို့နယ် အခြေစိုက် နေပြည်တော်တိုင်း(မ်) မှုခင်းနှင့်သတင်းစုံအဖွဲ့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

 

Show More

Related Articles

Back to top button