သတင်း

ချိပ်ပိတ်ထားသည့် မိတ္ထီလာမှ ထမင်းဆိုင် ဘူဒိုဇာဖြင့် ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် စစ်ကောင်စီက ချိပ်ပိတ်ထားသော ရွှေအုန်းပင်ထမင်းဆိုင်ကို မည်သူမည်ဝါ မသိရသူများက ယမန်နေ့ (စက်တင်ဘာ ၂) တွင် ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့သည်။

​​မိတ္ထီလာ – မလှိုင် − မြင်းခြံ ကားလမ်း၊ မိုင်တိုင် ၂၉၃ မိုင်အနီးရှိ ရွှေအုန်းပင်ထမင်းဆိုင်တွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ အလုပ်သမား ၁၉ ဦး အပါအဝင် ဆိုင်ပိုင်ရှင်မိသားစု၏ ဆွေမျိုးသားချင်းများကို ဖမ်းခဲ့သည်။ 

အဆိုပါပေါက်ကွဲမှုတွင် မိတ္ထီလာမြို့မှ ၂၇ နှစ်အရွယ် ကိုစိုးရန်နိုင်သေဆုံးခဲ့ပြီး ဆိုင်လည်း ချိပ်ပိတ်ခံခဲ့ရကာ ဆိုင်ပိုင်ရှင်မိသားစု ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

ဆိုင်ကို စစ်တပ်ထောက်ခံသည့် အင်အားစုတချို့က ဖျက်ဆီးခဲ့ကြောင်း Facebook တွင် ကြားသိရသည်ဟု ရွှေအုန်းပင်မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဘက်က မဟုတ်ဘဲနဲ့ ဒလန်အင်အားစုတွေက ဖျက်တယ်လို့ပဲ ကျွန်တော်တို့ကြားတယ်ပေါ့။ ညနေပိုင်းမှ သိရတာ။ ညနေပိုင်းမှ Facebook သုံးရင်းနဲ့ တွေ့ရတာ။ မြို့ကလူတွေကို လှမ်းမေးတော့ သူတို့ သွားကြည့်တော့ ဟုတ်တယ်လို့ပြောတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

လူမှုကွန်ရက်တွင် တွေ့ရသော ရုပ်သံဖိုင်များတွင် ရွှေအုန်းပင်ထမင်းဆိုင်အဆောက်အအုံကို ဘူဒိုဇာဖြင့် (မြေကော်စက်) ဖြိုချနေပုံ၊ ထမင်းဆိုင်ဆိုင်းဘုတ်ကို လူတစ်စုက ဆွဲချနေပုံတို့ကို တွေ့ရသည်။ 

ထမင်းဆိုင်ဆိုင်းဘုတ်ကို လူတစ်စုက ဆွဲချနေပုံကို တွေ့မြင်ရစဉ်။ 

အဆိုပါအရပ်သားများ၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်းရှိသည်ကို မသိရကြောင်း အထက်ပါ ရွှေအုန်းပင်မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

“အမိန့်ကြေညာချက်နဲ့ မဟုတ်ဘူး။ သူတို့ဘာသူတို့ လုပ်ချလိုက်တာ။ အမိန့်ကြေညာချက်နဲ့ဆို ဘာပဲဖြစ်ဖြစ် လုပ်တဲ့အချိန် ကျွန်တော်တို့ တန်းသိနိုင်တယ်။ ကျွန်တော်တို့လည်း ဒွိဟဖြစ်တဲ့ကိစ္စက စစ်ကောင်စီပဲ လုပ်တာလား။ အခုဟာက စစ်သားမပါဘူးလေ” ဟု ၎င်းက ဆိုသည်။

စစ်တပ်ထောက်ခံသည့် အမျိုးသားရေးအစွန်းရောက်သမားများက ၎င်းတို့၏ လုပ်ဆောင်ချက်ကို အများပြည်သူမြင်သာစေလိုသည့် ရည်ရွယ်ချက်ဟု ယူဆရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

ချိပ်ပိတ်ခံထားရသည့် ထမင်းဆိုင်ဖျက်ဆီးခံမှုနှင့် ပတ်သက်၍ အတည်ပြုချက်ရရန် မိတ္ထီလာမြို့နယ်ရဲစခန်းသို့ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ဇွန် ၆ ရက်ပေါက်ကွဲဖြစ်စဉ်ကြောင့် ရွှေအုန်းပင်မိသားစုပိုင်ဆိုင်သည့် မိတ္ထီလာမြို့ထဲရှိ ထမင်းဆိုင်၊ ဟိုတယ်နှင့် အလတ်စားဈေးဝယ်စင်တာတစ်ခုကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။  

ဇွန်လကုန်ခန့်တွင် ဖမ်းဆီးထားသူများကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ချိပ်ပိတ်ထားသည့် လုပ်ငန်းများကို ပြန်ဖွင့်ပေးသော်လည်း ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိသည့် အမြန်လမ်းဘေးရှိ ရွှေအုန်းပင်ထမင်းဆိုင်ကိုမူ ဆက်လက်ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button