လွန်ခဲ့သည့် နှစ်လကျော်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်ချိန် ထောင်ဘူးဝတွင်ပင် အဖမ်းခံရသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် မိတ္ထီလာ အမှတ် ၁ မဲဆန္ဒနယ်အမတ် ဦးလွင်မောင်မောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ယနေ့ (ဒီဇင်ဘာ ၂၁)တွင် ထောင်ဒဏ် သုံးနှစ် ထပ်ချလိုက်သည်ဟု ဆွေမျိုးနီးစပ်တော်သူက အတည်ပြုသည်။
ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ − က ဖြင့် ထောင် ၃နှစ်ချခံရပြီး ထိုအမှုအတွက် ထောင်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးထားလင့်ကစား စစ်ကောင်စီက လွှတ်မပေးဘဲ မိတ္ထီလာထောင်တွင်းတရားရုံးတွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ရွေးချယ်ခံခဲ့ရသည့် ၃၇ နှစ်အရွယ် ဦးလွင်မောင်မောင်ကို စစ်ကောင်စီက ဧပြီ ၂၈ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်။
ကနဦးစွပ်စွဲခံရသည့် ပုဒ်မ ၅၀၅ − က အမှုတွင် စုံစမ်းစစ်ဆေးခံရခြင်းပင်မရှိဘဲ ဖမ်းဆီးခံရပြီး ၁၄ ရက်အကြာတွင် ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ယခု ထပ်မံရင်ဆိုင်ရသည့် ပုဒ်မ ၁၇/၁ အမှုတွင် ရုံးချိန်းလေးချိန်းသာ အမှုစစ်ခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပါဝင်သည်ဟု စွပ်စွဲကာ တရားလိုဘက်မှ အုပ်ချုပ်ရေးမှူးနှင့် ရဲ ၃ ဦးကိုသာ စစ်၍ အမိန့်ချခြင်းဖြစ်သည်ဟု ၎င်းထံမှ သိရသည်။
“သူ့အတွက်လည်း နစ်နာတယ်။ မိသားစုအတွက်လည်း နစ်နာတယ်။ သက်သေကလည်း မခိုင်လုံဘူး။ အဲလောက်ကြီး ချလိမ့်မယ် မထင်ဘဲနဲ့ သုံးနှစ်ကြီးချတဲ့အတွက် အတော်လေးစိတ်မကောင်းဘူး”ဟု ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
ဦးလွင်မောင်မောင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဦးဆောင်ရဟန်းတစ်ပါးအဖြစ် ထင်ရှားခဲ့သူ အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်၏ ညီဖြစ်သည်။ ၎င်း၏ အစ်ကို အရှင်ဂမ္ဘီရသည် အဆိုပါလှုပ်ရှားမှုကြောင့် စစ်ကြောရေးတွင် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရပြီးနောက် န-အ-ဖ စစ်အစိုးရလက်ထက်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ဦးလွင်မောင်မောင်သည် တပ်စခန်းအများအပြားရှိသော မိတ္ထီလာခရိုင်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ လွန်ခဲ့သည့် ငါးနှစ်က ရွေးကောက်ပွဲရှုံးကြွေးကို NLD အတွက် ပြန်ဆပ်နိုင်ခဲ့သူဖြစ်သည်။
အစိုးရဖွဲ့နိုင်သည်အထိ NLD က အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ထင်ရှားကျော်ကြားသူများကိုသာမက ပါတီဝင်များကိုပါ စစ်ကောင်စီက ဖမ်းဆီး၍ ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ်များ ချမှတ်နေသည်။
ထို့အတူ နိုင်ငံအနှံ့ရှိ NLD ပါတီရုံး အများအပြားမှာလည်း အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဖျက်ဆီးခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)