သတင်း

မိတ္ထီလာမှ စာကြည့်တိုက်မှူး၊ အုပ်ချုပ်ရေးမှူးဟောင်းတို့ အဖမ်းခံရ 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် လူငယ်များ အဝင်အထွက်ရှိသည့် ရတနာဦးကျောင်းတိုက်အတွင်း အောက်တိုဘာ ၂၇ ၌ စစ်တပ်ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရသည့် စာကြည့်တိုက်မှူးနှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့ ယနေ့အထိ ပြန်မလွတ်သေးကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။ 

စာကြည့်တိုက်မှူး ကိုဇေယျာသင်းလှိုင်၊ အလည်အပတ်ရောက်ရှိနေသည့် ပြည်သာယာ (တောင်) ရပ်ကွက် အုပ်ချုပ်ရေး ဦးမင်းမင်း၊ စာကြည့်တိုက်လုပ်အားပေးလူငယ် ၅ ဦးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ် မိတ္ထီလာဘာသာရေးပဋိပက္ခတွင် ဒုက္ခရောက်ခဲ့သူများကို ကူညီစောင့်ရှောက်ပေးခဲ့သည့်၊  ဦးဇင်းပိန်ဟု လူသိများသည့် ​​ဆရာတော် ဦးဝိသုဒ္ဓက မိန့်သည်။

“ကိုယ်တော်က အဓိဋ္ဌာန်ဝင်နေတာ မထွက်သေးဘူး၊ အဲ့ဒီနေ့က စစ်တပ်က ကျောင်းထဲဝင်လာပြီး ကျောင်းစာကြည့်တိုက်မှာ ကူလုပ်ပေးနေတဲ့ Volunteer (လုပ်အားပေး) ကလေးတွေကို ဖမ်းသွားတာပေါ့။ သူတို့လေးတွေက ဘာအပြစ်မှတော့ မရှိပါဘူး။ ဘာမှ လုပ်နေကြသူတွေလည်း မဟုတ်ဘူး၊ ဘာလို့ ဖမ်းသွားမှန်းကို အခုထိ မသိရသေးဘူး”ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။

လူငယ် ၅ ဦးကို နောက်တစ်နေ့ (အောက်တိုဘာ ၂၈) တွင် ပြန်လွှတ်ပေးခဲ့သည်။

အသက် ၄၀ ကျော်အရွယ် ဦးမင်းမင်းမှာ ပြည်သာယာ (တောင်)ရပ်ကွက်တွင် နေထိုင်သူတို့၏ ဆန္ဒမဲပေးမှုဖြင့် အုပ်ချုပ်ရေးမှူးနေရာရခဲ့သူဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် ထိုတာဝန် ဆက်လက်ထမ်းဆောင်ခြင်း မရှိတော့ပေ။

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက မြင်တွေ့ရသည့် မိတ္ထီလာမြို့နာရီစင်အနီး မြင်ကွင်း။ (ဓာတ်ပုံ- Myanmar Now) 

ကိုဇေယျာသင်းလှိုင်သည် စာကြည့်တိုက်မှူးအဖြစ် လုပ်အားပေးလုပ်ကိုင်နေသူဖြစ်ပြီး ကိုဗစ်ကြောင့် ကာလကြာရှည် ပိတ်ထားရသည့် စာကြည့်တိုက်ကို ပြန်လည်ဖွင့်လှစ်ရန် လာရောက်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုသူ ၂ ဦးကို မိတ္ထီလာမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသာ သိရပြီး ၂ ရက်ကြာသည်အထိ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရသေးပေ။

ထိုနှစ်ဦးနှင့် ပတ်သက်ပြီး ယနေ့ နေ့လယ်ပိုင်းက ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အဆိုပါ ရတနာဦးကျောင်းတိုက်တွင် ဓမ္မစကူးလ်သင်တန်းများဖွင့်လှစ်ခြင်း၊ အင်တာနက်ဝိုင်ဖိုင်ရရှိခြင်း တို့ကြောင့် ကျောင်းတိုက်အနီး နေထိုင်သူများက လာရောက်လေ့ရှိပြီး လူဝင်လူထွက်အမြဲရှိတတ်သော နေရာဖြစ်သည်ဟု မိတ္ထီလာမြို့ခံများက ဆိုသည်။

ရတနာဦးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန်သည် ၂၀၁၃ မိတ္ထီလာအရေးအခင်းတွင် ဒုက္ခကြုံတွေ့ကြသည့် မြို့ခံများကို နေထိုင်ခွင့်ပေးခဲ့သည့်အပြင် အန္တရာယ်ပြုသူတို့ကို တားဆီးကာကွယ်ပေးခဲ့သည့် ဆရာတော်ဖြစ်သည်။

စစ်တပ် တပ်ရင်းများရှိပြီး လေတပ်ပါ အခြေစိုက်သော မိတ္ထီလာမြို့တွင် ​​အောက်တိုဘာ ၂၅ နံနက်က တပ်ထောက်ခံပွဲပြုလုပ်စဉ် လုံခြုံရေးလိုက်ပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့လယ်ရှိ အမှတ် ၂ ရဲစခန်းရှေ့ ပြန်ရောက်လာချိန်၌ ဗုံးပစ်တိုက်ခိုက်ခံရ၍ အနည်းဆုံး ရဲ ၃ ဦးနှင့် စစ်သား ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button