
ဂျာမနီနိုင်ငံအခြေစိုက် အစားအသောက်လက်ကားဖြန့်ချိရေးကုမ္ပဏီကြီးဖြစ်သည့် မက်ထရို(Metro)က မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို လာမည့်အောက်တိုဘာအကုန်တွင် အပြီးရပ်ဆိုင်းမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၁) တွင် သတင်းထုတ်ပြန်လိုက်သည်။
စစ်အာဏာသိမ်းမှုကို ရည်ညွှန်းခြင်းမရှိသော်လည်း အခြေအနေအရပ်ရပ်နှင့် လုပ်ဆောင်နိုင်မည့်အချက်များကို သေချာသုံးသပ်ရာတွင် လတ်တလောအခြေအနေများသည် မက်ထရို၏ စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယာယီမဟုတ်ဘဲ အပြီးတိုင်ရပ်ဆိုင်းခြင်းဖြစ်မည်ဟု မက်ထရို၏ ဝယ်ယူသုံးစွဲသူဝန်ဆောင်မှုဌာနက အတည်ပြုပြောဆိုသည်။
ဝယ်ယူသုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်များနှင့် ကုန်ပစ္စည်းပံ့ပိုးသူများကို ကျေးဇူးတင်ကြောင်း၊ ဝန်ထမ်းများကို အကူးအပြောင်းကာလတွင် လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မက်ထရိုသည် ၎င်း၏ ၃၆ ခုမြောက် ရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံတွင် ၂၀၁၉ ၌ တရားဝင် စတင်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ ခေတ်မီကုန်သိုလှောင်ရုံမှတစ်ဆင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အကျွေးအမွေးဝန်ဆောင်မှုများ၊ လက်ကားလုပ်ငန်းငယ်များနှင့်ရုံးများအတွက် အစားအသောက် ဖြန့်ချိပေးနေခြင်းဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးရာတွင် အစားအသောက်နှင့် အစားအသောက်မဟုတ်သော ထုတ်ကုန် ၃,၀၀၀ ကျော်ကို ဖြန့်ဖြူးရောင်းပေးနေကြောင်း ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
မက်ထရိုသည် လယ်သမားများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန်စီစဉ်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ၂၀၁၉ တွင် အမေရိကန်ဒေါ်လာ ၂၀ သန်း ထောက်ပံ့ပေးခဲ့သည်။
မက်ထရိုမြန်မာကို ဂျာမနီအခြေစိုက် မက်ထရိုအုပ်စုနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် Yoma Strategic Holding(YSH) တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့်အခြေအနေကြောင့် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိ ရှိကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျအခြေစိုက် Myanmar Metals Limited (MYL) ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချကာ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာမည်ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p