ဆလိုင်းနှင့် လူငယ် ၇၀ ခန့်သည် ချင်းပြည်နယ်၊ ထန်တလန်မြို့ပြင် လမ်းဘေးတွင် တူမီးသေနတ် ကိုယ်စီကိုင်ပြီး တစ်ညလုံး ကင်းပုန်းဝပ်နေကြသည်။
သူတို့အားလုံး ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ၏ တပ်ဖွဲ့ဝင်များဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန်အတွက် မြို့ပေါ်မှ သက်သောင့်သက်သာရှိသည့် အလုပ်အမျိုးမျိုးကို စွန့်လွှတ်ခဲ့ကြသူများဖြစ်သည်။
၂၄ နှစ်အရွယ် ချင်းတိုင်းရင်းသား ဆလိုင်းလည်း သူ၏ ရဲဘော်ရဲဘက်များနှင့်အတူ မိုးရေထဲတွင် ကျွတ်တွယ်၊ ဖြုတ်ကိုက်သည့် ဒဏ်ကို ကြိတ်မှိတ်သည်းခံပြီး မိုးစင်စင်လင်းသည်အထိ ရောက်မလာသေးသော ရန်သူတို့ကို ဆက်စောင့်နေရသည်။
မနက် ၉ နာရီခန့်တွင်မူ စစ်ကောင်စီတပ်သား ၂၇ ယောက် ၎င်းတို့၏ မြင်ကွင်းထဲ ဝင်လာသည်ကို မြင်ရလျှင် ဆလိုင်း စိတ်လှုပ်ရှားသွားသည်၊ အသင့်ထောင်ထားသည့်မိုင်းကို ဖောက်ခွဲလိုက်သည်နှင့် သူတို့အားလုံး ပစ်မှတ်များရှိရာဆီသို့ စုပြုံ ပစ်ခတ်ကြသည်။ ချေမှုန်းရေးရိုင်ဖယ်၊ စိန်ပြောင်း၊ စက်သေနတ်ကိုင်ပြီး ချီတက်လာသော စစ်သားများက အလစ်အငိုက် ခံလိုက်ရသော်လည်း ဆလိုင်းတို့ ရှိနိုင်မည့် နေရာဘက်ကို ချက်ချင်းတုံ့ပြန်ပစ်ခတ်ကြသည်။
“လက်နက်ကြီးကျည်တစ်ခုဆိုရင် ကျွန်တော့်ဘေးမှာတင် ကျတာ၊ မပေါက်ကွဲလို့ ဘာမှဖြစ်လိုက်ဘူး၊ တော်သေးတယ်ပြောရမယ်” ဟု ဆလိုင်းက ပြောသည်။
အငိုက်မိသွားသူများဘက်မှ ၂၄ ဦး သေဆုံးပြီး ၃ ဦး ထွက်ပြေးလွတ်မြောက်သွားသည်။ လေ့ကျင့်အား၊ လက်နက်အင်အား ပိုကောင်းသော စစ်သားတစ်စုကို အရပ်သားတစ်ပိုင်း တူမီးကိုင်လူငယ်များ ချေမှုန်းလိုက်နိုင်သဖြင့် ဆလိုင်းကျေနပ်မိသည်။
သို့သော်လည်း အသက်လုပြီး ပြေးခဲ့ရသည့် ဖြစ်စဉ်တချို့ ဆလိုင်းတွင် ရှိနေသည်။
သတင်းသမားဖြစ်ချင်ခဲ့သူ
“ဆလိုင်း” ဆိုသည်မှာ ချင်းလူငယ်အမျိုးသားတို့၏ အမည်ရှေ့တွင် ထည့်လေ့ရှိသော ဝေါဟာရဖြစ်သည်။ ဗမာသူငယ်ချင်းများက သူ၏ ချင်းအမည်အပြည့်အစုံကို မခေါ်ဘဲ ကိုဆလိုင်းဟုသာ ခေါ်တတ်ကြသည်။
ဆလိုင်း အခြေခံပညာရေးပြီးဆုံးသည့်အခါ ခရစ်ယာန်ဘာသာရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ သတင်းလွတ်လပ်ခွင့် ပိုမို အားကောင်းလာသည့်အခါ သတင်းမီဒီယာလုပ်ငန်းကို ပိုမို အာရုံကျလာသည်။
“သတင်းထောက်အလုပ်ကိုတော့ ငယ်ငယ်ကတည်းကကို စိတ်ဝင်စားပြီးသား၊ ၂၀၁၅ လောက်ကနေ ကျောင်းတက်ရင်းနဲ့ သတင်းရေးခဲ့တာ” ဟု ဆလိုင်းက ဂုဏ်ယူနေသည့်လေသံဖြင့် ပြောသည်။
ထိုစဉ်က သတင်းများကို ချင်းဘာသာပြန်သလို ကိုယ်တိုင်လိုက်သည့် သတင်းများကိုလည်း ချင်းဘာသာဖြင့် အွန်လိုင်းတင်ခဲ့သည်။
ချင်းပြည်နယ်တွင် လူဦးရေ နည်းပါးသလောက် မြို့တိုင်းလိုလိုတွင် သတင်းသမား အများအပြားရှိနေသည်၊ ပြီးခဲ့သည့်နှစ်များအတွင်း အင်တာနက်ဆက်သွယ်ရေး ပိုမို အားကောင်းလာသလို ဒေသတွင်း အွန်လိုင်းသတင်းဌာနများ ပေါ်ပေါက်လာရာ သတင်းလုပ်ငန်းကို စိတ်ဝင်စားပြီး သတင်းစာပညာနှင့် တစ်သက်လုံး အသက်မွေးလိုသည့် ဆလိုင်းအတွက် ရွှေရောင်နေ့ရက်များပင်ဖြစ်သည်။
သို့သော် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူလိုက်ခြင်းက ဆလိုင်း၏ ရည်မှန်းချက်ကို ဟန့်တားလိုက်ခြင်းလည်း ဖြစ်သည်။
အာဏာသိမ်းမှုကိုလက်မခံသည့် ပြည်သူတို့ တစ်နိုင်ငံလုံးတွင် ဆန္ဒပြကြပုံကို တင်ဆက်သည့် သတင်းသမားများထဲမှ မည်သူတို့ ပုဒ်မ ၅၀၅ – က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရကြောင်း ရဲတပ်ဖွဲ့ဝင်တချို့ သတင်းပေးလာသဖြင့် သူတို့ တိမ်းရှောင်ကြရသည်။ အာဏာဖီဆန်မှုများပြားသော ချင်းဒေသရဲတပ်ဖွဲ့ထဲမှ တပ်ဖွဲ့ဝင်တချို့သည် ဆလိုင်းတို့ကို တတ်နိုင်သရွေ့ ကူညီခဲ့သည်ဟု ဆိုသည်။
သတင်းသမားလည်းဖြစ်၊ ဒေသတွင်းဆန္ဒပြရာတွင် တက်တက်ကြွကြွပါဝင်သူလည်းဖြစ်သည့် ဆလိုင်း ဝရမ်း နှစ်ကြိမ်ထုတ်ခံခဲ့ရသည်။
လက်နက်ကိုင်ရတော့မည်
စစ်ကောင်စီက ဆန္ဒပြသူတို့ကို အကြမ်းဖက်ဖြိုခွင်းလာသည့်အခါတွင်တော့ ပြန်ခုခံရန် ဆလိုင်းကဲ့သို့ ဆန္ဒပြလူငယ်အများအပြား ဆုံးဖြတ်ကြလေသည်။
ချင်းအမျိုးသားတပ်ဦး (CNF) က စစ်သင်တန်းပေးနေသည့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်ကို လျှို့ဝှက်စွာ သွားရောက်ကြသည်။ CNF သည် ၁၉၈၈ ဘုန်းမော်အရေးအခင်းအပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၂၀၀ ထက်မနည်း ရှိနိုင်သည်ဟု လေ့လာသူတို့က ခန့်မှန်းသည်။
စစ်ပညာသင်ယူကြရာတွင် ချင်းပြည်နယ် ၉ မြို့နယ်မှ ချင်းတိုင်းရင်းများသာမကဘဲ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ဗမာလူငယ်များလည်း ပါဝင်လာသည်။
သင်တန်းအစောပိုင်းရက်များတွင် သင်တန်းသားအချင်းချင်း လူငယ်သဘာဝ ရန်ဖြစ်ကြသည်။ သင်တန်းနည်းပြများက ခိုင်းသဖြင့် အသား၊ ငါး၊ ဆန် တို့ကို တစ်ခါတစ်ရံ မချက်မပြုတ်ဘဲ စားကြရသည်။ မြို့ပေါ်မှ အစုံသုပ်၊ ဝက်သားတုတ်ထိုးနှင့် ရာသီပေါ်အစားအစာများကို တမ်းတကြသည်။
စိတ်ဆန္ဒပြင်းပြမှုက ဆလိုင်းကို ထူးချွန်သင်တန်းသားဖြစ်စေခဲ့သည်။ တပ်ခွဲမှူးတာဝန်ကို အထက်လူကြီးများက ဆလိုင်းကို တာဝန်ပေးထားသည်။ သူ၏ လက်အောက်တွင် သင်တန်းသားအများအပြား ရှိလာသည်။
CNF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဇူလိုင်လအထိ စစ်သင်တန်းဆင်းခဲ့သည့် လူငယ် ၄၀၀၀ ကျော်ရှိကြောင်း ပြောထားသည်။
ပြည်သူတို့၏ ကူညီမှု
သင်တန်းပြီးသည့်နောက် ပထမဦးဆုံး ချုံခိုတိုက်ပွဲဆင်နွှဲမည့် သူတို့၏ ပစ်မှတ်မှာ ချင်းပြည်နယ်လွှတ်တော်ရုံးနှင့် အင်းဝဘဏ်အနီး လုံခြုံရေးအမြဲ ယူနေတတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပင်။
မေ ၂ ရက်နေ့ အင်အားအနည်းငယ်သာပါဝင်သော သူတို့အဖွဲ့ ရောက်သွားသောအခါ ထိုနေရာဝန်းကျင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ရှိနေသည်ဟု ဆိုသည်။
ကြိုတင်သတင်းရထားဟန်ရှိသော စစ်ကောင်စီတပ်က ထိုဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။
ပိတ်ဆို့ စောင့်ကြည့်နေသူများထဲမှ ရဲတပ်ဖွဲ့ဝင်တချို့က ၎င်းတို့ကို မမြင်ယောင်ဆောင်ထားကြသည့်အတွက် အသက်ဘေးမှ လွတ်ခဲ့သည်ဟု ဆလိုင်းက ပြောသည်။
“မမေ့နိုင်တဲ့နေ့တစ်နေ့ပေါ့။ ကျွန်တော်တို့ သေလုနီးပါးကိုဖြစ်တာပေါ့။ မသေရင်တောင်မှ သူတို့က ဖမ်းမှာ။ အဲဒီမှာ ဘုရားကျေးဇူးတော်ကြောင့်ပဲ၊ ကျွန်တော်တို့အားလုံးလွတ်တယ်” ဟု ၎င်းက ပြောသည်။
ပထမဦးဆုံးအကြိမ်စစ်ဆင်ရေး အထမမြောက်သော်လည်း နောက်တစ်ကြိမ်အတွက် ထိုနေရာကိုပင် ပစ်မှတ်ထားရန် ရွေးချယ်ကြသည်။ စစ်တပ်ပိုင် အင်းဝဘဏ်အနီး စစ်သားသုံးဦးကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။
ထန်တလန်၊ ဖလမ်း စသည့် မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရာ တစ်နေ့ ကို မိုင်ပေါင်း ၂၀ ကနေ့ ၄၀ ခန့်အထိ သွားကာ ရက်အတန်ကြာ ရှေ့တန်းတွင် နေထိုင်ရသည်ဟု ဆိုသည်။
“မိုးရွာရွာ၊ မရွာရွာ တောထဲမှာပဲ၊ တစ်ခါတလေ နွားချေးတွေကြားထဲမှာ အိပ်နေရတယ်” ဟု ပြောရင်း ဆလိုင်းက ရယ်သည်။
“သစ်ပင်ပေါ်မှာလည်း အိပ်တယ်၊ ချောင်းထဲရေထဲမှာပဲ အိပ်ပျော်သွားတာလည်းရှိတယ်။ စားရေးသောက်ရေးကလည်း ရွာသားတွေက ပေးရင် စားတယ်၊ မပေးရင်မစားဘူး။ ရွာသားတွေကလည်း ပေးပါတယ်”
ချင်းတောင်လူထုသည် အာဏာသိမ်းစစ်ကောင်စီကို မနှစ်သက်သောကြောင့် သတင်းအချက်အလက်ပေးသူ မရှားဟု ဆိုသည်။
ဆလိုင်း တစ်ယောက်တည်း သွားလာစဉ် အရေအတွက် ၃၀ ခန့် ရှိသည့် စစ်သားအုပ် ပိတ်ဆို့ထားသည့် ရပ်ကွက်အတွင်း ရောက်ခဲ့ဖူးသည်။ သူ့ကို သံသယရှိသဖြင့် လိုက်ဖမ်းကြရာ ဆလိုင်း အသက်လု ပြေးလွှားရသည်။ အခက်တွေ့နေသော သူ့ကို ပုန်းခိုနိုင်ရန်၊ ထိုနေရာမှ လုံခြုံစွာ ထွက်ခွာနိုင်ရန် ကူညီပေးကြသူတို့မှာ ဒေသခံများပင် ဖြစ်သည်ဟု သူက ပြောသည်။
တူမီးသမားတို့အတွက် အားသာချက်
လက်နက်အင်အားကောင်းသော်လည်း စိတ်ဓာတ်ပျက်ပြားနေသော အာဖဂန်နစ္စတန်မှ စစ်တပ် ကျရှုံးသွားရခြင်းသည် စစ်အာဏာရှင်ကို ခုခံစစ်ဆင်နေသူတို့အတွက် အားဖြစ်စေသည်။
ချင်းပြည်နယ်၏ နယ်မြေအနေအထားမှာ ချုံခိုတိုက်သည့်၊ ပြောက်ကျားစစ်ဆင်သည့် ဒေသခံတို့အတွက် အားသာချက်ကြီးဖြစ်သည်ဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတချို့ကလည်း သုံးသပ်ကြသည်။
ချင်းတောင် တိုက်ပွဲတိုင်းတွင် လက်နက်ပြည့်စုံသော၊ အင်အားကောင်းသော စစ်တပ်ကသာ အကျအဆုံးများနေခဲ့သည်။ လေ့ကျင့်သားမပြည့်ဝသေးသည့်၊ များသောအားဖြင့် တူးမီးသေနတ်သာ ကိုင်ရသည့် လူငယ်များက အပြတ်အသတ် နိုင်နေခြင်းမှာ နယ်မြေကျွမ်းကျင်မှု၊ သတင်းအချက်အလက်ရရှိမှု စသည့် အားသာချက်များကြောင့် ဖြစ်သည်ဟု ဆလိုင်းက ပြောသည်။
ချင်းပြည်နယ်တွင် လှုပ်ရှားနေသည့် တပ်များမှာ နယ်မြေခံတပ်ရင်းများအပြင် တိုက်ပွဲဖြစ်မှ ရောက်လာ သည့် တပ်မ ၆၆၊ ၉၉၊ ၃၃ တို့သည်လည်း ချင်းနယ်မြေအကြောင်း စိုးစိမျှသိပုံမပေါ်ဟု သူက ခန့်မှန်းသည်။
“ချင်းပြည်နယ်မှာဆိုရင် ကျွန်တော်တို့ ချင်းလူမျိုးလောက် နယ်မြေကျွမ်းကျင်တဲ့သူ မရှိဘူး” ဟု ဖိနှိပ်သူကို ပြန်ခုခံသည့် အစဉ်အလာရှိသော ချင်းပြည်နယ်သား ဆလိုင်းက ပြောသည်။
“ကျွန်တော့်ဘိုးဘွားတွေလည်း ကျွန်တော်တို့ရွာတည်တဲ့သူပေါ့။ ကျွန်တော့်အဘိုးက ဂျပန်တွေနဲ့ တိုက်ပွဲဖြစ်တုန်းမှာဆိုရင် တော်တော်လေး တော်လှန်ခဲ့တဲ့သူဖြစ်တယ်”
ဆလိုင်းက အာဏာရှင်မောင်းထုတ်ကြသည့်တိုက်ပွဲတွင် ပါဝင်နေသူများ အားတင်းထားရန် လိုအပ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့နိုင်ရမှာ။ အဲဒီအတွက်ကြောင့် ဘယ်သူမှစိတ်ဓာတ်မကျဘဲ နေကြဖို့၊ ခွန်အားယူဖို့ ပြောချင်ပါတယ်။ ပြီးတော့ တော်လှန်ရေးကာလမှာ ပါဝင်ရလို့ ကျွန်တော်တော့ တော်တော်လေး ဂုဏ်ယူမိတယ်။ အခြားလူငယ်တွေလည်း ဂုဏ်ယူကြမယ်လို့ မျှော်လင့်မိပါတယ်” ဟု ၎င်းက ပြောသည်။
ပြောက်ကျားတိုက်ခိုက်မှု၊ ချုံခိုတိုက်ခိုက်မှုမှာ ကျည်ဆန်မှန်ပြီး သေမှာကို မစိုးရိမ်ဘူးလား ဟူသော မေးခွန်းအတွက်လည်း သူ့တွင် အဖြေရှိနေသည်။
“ကျည်ဆန်မှန်မှာလား၊ ဘယ်ကြောက်မလဲ။ သေရင်လည်း အေးဆေးပေါ့။ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက် တတ်နိုင်သလောက်တော့လုပ်နေပြီလို့ ကျွန်တော် ကိုယ့်ဟာကိုယ်ယူဆမိတယ်။ အဲဒီမှာ ကျည်ဆန်မှန်လို့ သေသွားရင်လည်း ကျွန်တော်က ကျေနပ်မှာပါ” ဟု ဆလိုင်းက တည်ငြိမ်စွာ ပြောလိုက်သည်။