အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှည်းကူးတွင် စစ်ကောင်စီကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ စစ်သုံးယာဉ်ငယ်တစ်စီး ယနေ့ (ဩဂုတ် ၃၁) မနက်တွင် ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု မျက်မြင်တွေ့ကြုံရသူတစ်ဦးနှင့် ဒေသခံတစ်ဦးက အတည်ပြုသည်။

မနက် ၁၀ နာရီခွဲတွင် ပြည်တော်သာရပ်ကွက်၊ အလယ်ပိုင်းမင်းလမ်း၊ သဉ္ဇာဦးမှတ်တိုင်အနီး ရပ်ထားသည့် စစ်သုံးယာဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရရှိမှုအခြေအနေကို မသိရဟု မျက်မြင်တွေ့ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝုန်းဆိုပြီး အသံကြားမှ ထွက်ကြည့်တာ။ လှမ်းကြည့်တော့ အငွေ့တွေလား ဗုံးပေါက်ပြီးတော့။ စစ်သားတွေကလည်း ကားပေါ်ကနေ ဆင်းပြေးတာပေါ့။ ဆင်းပြေးပြီး ဒီဘက်ခြမ်းမှာ လာရပ်ပြီး ဟိုကြည့်၊ ဒီကြည့် နေကြတာပေါ့”ဟု ထိုအမျိုးသမီးက ပြောသည်။ 

ကားရှေ့ပိုင်း၌ စစ်သားတစ်ဦး၊ နောက်ပိုင်းတွင် ၄ ဦး ရှိခဲ့ကြောင်း ကားပစ္စည်းဆိုင်တွင် နောက်တစ်ဦး စျေးဝယ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် စစ်ကားသည် မှတ်တိုင်အနီးရှိ စတားမောင်မောင်ကားပစ္စည်းဆိုင်တွင် မကြာခဏ လာရောက် ဝယ်ယူလေ့ရှိသည်ဟု ဒေသခံမျိုးသားတစ်ဦးက ပြောသည်။

“သေချာစောင့်ကြည့်ပြီးမှ လုပ်တဲ့သဘောပဲ” ဟု ၎င်းက သုံးသပ်သည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ရောက်လာရှိလာကာ ပိတ်ဆို့ရှာဖွေခဲ့သည်ဟု သိရသည်။ 

အဆိုပါဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်းများနှင့် စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

ဩဂုတ် ၂၉ ညပိုင်းနှင့် ၃၀ မနက်ပိုင်း ရန်ကုန်တိုင်းအတွင်း ဒဂုံ၊ ကမာရွတ်၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံမြို့နယ်များရှိ အချက်အချာကျသည့် နေရာငါးခုထက်မနည်းတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

ဖေဖော်ဝါရီ ၁ စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည်ကိုပင် အကြမ်းဖက် ဖြိုခွင်း၊ ရက်စက်စွာ သတ်ဖြတ်ပြနေသည့် စစ်တပ်၏ အန္တရာယ်ကြောင့်  ဇွန်လဝန်းကျင်မှစ၍ နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များ ဖွဲ့စည်းလာကြပြီး စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။

ဇွန် ၁၈ က ရန်ကုန်၊ တာမွေမြို့နယ်တွင် စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်၊ ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၍ လက်နက်များသိမ်းယူနိုင်ခဲ့သည့် ဩဂုတ် ၁၄ ရက် ဖြစ်စဉ်များသည် သိသာသော လုပ်ရပ်များပင် ဖြစ်သည်။ 

စစ်ကောင်စီက ၎င်းတို့ တိုက်ခိုက်ခံရသော ဖြစ်ရပ်များအပေါ် ထုတ်ပြန်လေ့မရှိဘဲ သတင်းအမှောင်ချထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Related Articles

Back to top button