သတင်း

အောင်ဝင်းခိုင်အကြောင်း လေဆိပ်လုံခြုံရေးဝန်ထမ်း သက်သေထွက်ဆို

ရန်ကုန် — ရှေ့နေဦးကိုနီ ပစ်ခတ်လုပ်ကြံခံရသည့် အချိန်ထိ ဝရမ်းပြေးအောင်ဝင်းခိုင်၏ မော်တော်ယာဉ်မှာ ရန်ကုန်လေဆိပ်ကားရပ်နားသည့်နေရာတွင် ရှိနေခဲ့သည်ဟု လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးက အောက်တိုဘာ ၁၃ ရက်နေ့တွင် သက်သေထွက်ဆိုလိုက်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မော်တော်ယာဉ်နေရာချထားပေးသည့် ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်ပိုင်ဖြိုးက လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားသည့် ဇန်နဝါရီ ၂၉ နေ့ခင်းပိုင်း တာဝန်ချိန်တွင် ဟာရီယာ ယာဉ်အမျိုးအစား နက်ပြာရောင် မောင်းနှင်လာသူ အသက် ၅ဝ ကျော် အမျိုးသားက VIP ထွက်ပေါက်ကို မေးမြန်းခဲ့သည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အောင်ဝင်းခိုင်အတွက် ကားရပ်နားရန်နေရာ စီစဉ်ပေးခဲ့ကြောင်း၊  ညနေပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ထိုကားသည် ထိုနေရာတွင်ရှိနေသေးကြောင်း၊ အခြေအနေ ရှုပ်ထွေးလာပြီးနောက်ပိုင်း မည်သည့်အချိန်တွင် ထွက်ခွာသွားသည်ကို မသိရှိခဲ့ရကြောင်း ၎င်းက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လှုမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရသော ဓာတ်ပုံများကို ကြည့်ပြီးနောက် အင်္ကျီအဖြူနှင့်ပုဆိုးကို ဝတ်ဆင်ထားသူမှာ ကားပိုင်ရှင် အောင်ဝင်းခိုင်ဟု သိရကြောင်း၊ CCTV ဓာတ်ပုံမှတ်တမ်း သက်သေခံ စျ(၄)နှင့်(၅)ပါ ထိုမော်တော်ယာဉ်အားနေရာ ချထားပေးသူ ဝတ်စုံအဝါကျား ဝတ်ဆင်ထားသူမှာ ၎င်း၏ ဓာတ်ပုံဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီသည် အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပြည်ပခရီးစဉ်တစ်ခုမှ အပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

အနီးကပ်ပစ်ခတ်သူ သေနတ်သမား ကြည်လင်း ထွက်ပြေးသော်လည်း လေဆိပ်ရှိ အငှားယာဉ်မောင်းများ၊ လုံခြုံရေးအရာရှိများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုကို စီစဉ်ခဲ့သူတစ်ဦးမှာ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်သည်ဟု စုံစမ်းသိရှိရကြောင်း လုပ်ကြံမှုဖြစ်ပွားပြီး နှစ်ပတ်အကြာတွင် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

၎င်းက အစ်ကိုဖြစ်သူ အောင်ဝင်းဇော်ကို သိန်းတစ်ထောင်ပေးမည်ပြောပြီး သတ်ဖြတ်ရန် ခိုင်းစေခြင်း ဖြစ်ကြောင်း၊ အောင်ဝင်းဇော်က ကရင်ပြည်နယ် ဘားအံမြို့တွင် သေနတ်နှစ်လက်နှင့် ကျည်များ ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ကြံမှုဖြစ်ပွားချိန်တွင် ၎င်းတို့ညီအစ်ကိုသည် လေဆိပ်တွင် ရှိနေကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အောင်ဝင်းဇော်ကို ဖမ်းဆီးရမိထားသော်လည်း ၄၅ နှစ်အရွယ် အောင်ဝိုင်းခိုင်မှာ လွတ်မြောက်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button