သတင်း

တမူး PDF ကြောင့် စစ်ကောင်စီတပ် အထိနာ 

အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နဂါးမင်းသမီးရေကန်အနီး တပ်စွဲထားသည့် ရဲကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) PDF – Tamu က ယနေ့ (ဩဂုတ် ၂၄) မနက်တွင် အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့သည်။

သြဂုတ် ၂၂ မှ ၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ စခန်းချထားသောနေရာများကို ပစ်မှတ်ထားကာ တမူး PDF  က နေ့စဉ် သွားရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။  

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် စစ်သားနှင့်ရဲ အင်အား ၃၀ ခန့် ရှိနေသည့် ရဲကင်းစခန်းကို  ဝင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ 

“စစ်တပ်စခန်းချတာ တော်တော်ကြာပြီ။ သူတို့တွေက ဆိုင်ကယ်သမားတွေကအစ ပြည်သူတွေဆီက လိုက်ကောက်တယ်။ ပိုက်ဆံလိုက်ညှစ်တယ်။ ရိက္ခာတွေ လိုက်လုတယ်။ လက်လုပ်လက်စားတွေရဲ့ ရိက္ခာတွေကိုလည်း လိုက်လုတယ်။ အဲ့လိုပုံစံအခြေအနေတွေက အရမ်းများလာတော့ ကျွန်တော်တို့ကလည်း People Defense Force ဆိုတဲ့အရာအတိုင်းပဲ ပြည်သူတွေကို ကာကွယ်ဖို့ရန်အတွက် ရွေးချယ် (တိုက်ခိုက်) လိုက်တာ”ဟု PDF တမူး၏ ပြောရေးဆိုခွင့်ရှိသူက  ပြောသည်။

နာရီဝက်ခန့်ကြာမြင့်သည့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တမူး PDF ထံမှ သိရသည်။ 

“ကျွန်တော်တို့ဘက်က ခါးချိုး (တူမီး) သုံးတယ်။ AK (မောင်းပြန်ရိုင်ဖယ်) သုံးတယ်။ လက်ပစ်ဗုံးပေါ့။ အဲ့ဒီ ၃ မျိုးနဲ့တိုက်တာပါ။ သေနတ်နဲ့ အရင်ပစ်တယ်။ ပြီးတော့မှ လက်ပစ်ဗုံးနဲ့ ပစ်လိုက်တယ်။ လက်ပစ်ဗုံး ၂ လုံးပဲ သုံးလိုက်ရတယ်” ဟု တိုက်ခိုက်ခဲ့သည့်အခြေအနေနှင့် ပတ်သက်ပြီး PDF တမူးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တမူး PDF အဖွဲ့ဝင်တို့က နေရာအသာစီးရခြင်း၊ နယ်မြေကျွမ်းကျင်ခြင်းတို့ကြောင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF အဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။ 

ယမန်နေ့ (သြဂုတ် ၂၃) မနက် ၅ နာရီဝန်းကျင် တမူးမြို့ အာရှလမ်းမကြီး ၄ မိုင်စစ်ဆေးရေးဂိတ်အနီးရှိ စစ်တပ်ကို PDF တမူးက ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

သြဂုတ် ၂၂ ရက်နေ့၊ မနက်ပိုင်းက မြို့မ ၁၂ ရပ်ကွက်၊ နန်းဖာလုံအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၊  ထိခိုက်ဒဏ်ရာရသူလည်း ရှိကြောင်း PDF တမူးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ယနေ့ မနက်ပိုင်းက ရဲကင်းစခန်းတိုက်ခိုက်မှုအပြီး တမူးမြို့တွင်းအခြေအနေ များစွာပြောင်းလဲမှုမရှိဟု လုံခြုံရေးအရ အမည်ဖော်ပြရန် ငြင်းဆန်သည့် မြို့ခံတစ်ဦးက ပြောသည်။

“စျေးရောင်းစျေးဝယ်လည်း ပုံမှန်ပုံစံမျိုးပဲ။ စစ်တာဆေးတာမျိုးရှိတယ်လို့ မကြားမိဘူး။ ကားတွေနဲ့ မီးသတ်ကားတွေ၊ စစ်ကားတွေနဲ့ မြို့ထဲလှည့်ပြီး PDF,  NLD အကြမ်းဖက်အဖွဲ့ဝင်တွေ တွေ့ရလို့ သတင်းပေးမယ်ဆိုရင် ဆုငွေပေးမယ်ဆိုပြီး လိုက်အော်တာတော့ရှိတယ်”ဟု အဆိုပါ တမူးမြို့ခံက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ဒေါက်တိုင်များကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားမည်ဟု တမူး PDF က သြဂုတ် ၂၂ ရက်စွဲဖြင့် ကြေညာထားသည်။ 

စစ်ကောင်စီကို လက်နက်စွဲကိုင်ပြီး ပြန်ခုခံနေသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များအနက် တမူးသည် အစောဆုံးပါဝင်ခဲ့သည့် မြို့နယ်ဖြစ်ပြီး သြဂုတ်လ ၂၂ မှစ၍ တစ်ကျော့ပြန်ပစ်ခတ်မှုများ စတင်လာခြင်း ဖြစ်သည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Related Articles

Back to top button