အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်း

အာဖဂန်အမျိုးသမီးများအတွက် နိုဘယ်ဆုရှင် မာလာလာ စိတ်ပူနေ

တာလီဘန်များ အာဖဂန်နစ္စတန်ကို အလျင်အမြန်သိမ်းပိုက်လိုက်သဖြင့် နိုင်ငံတွင်းမှ အမျိုးသမီးများနှင့် လူနည်းစုများအတွက် စိုးရိမ်ထိတ်လန့်မိကြောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူဆပ်ဇိုင်ယာ ပြောကြားသည့်အကြောင်း Independent သတင်းစာက ရေးသားသည်။

“အာဖဂန်နစ္စတန်ကို တာလီဘန်တွေထိန်းချုပ်လိုက်တာ ကြည့်ရတာ လုံးဝတုန်လှုပ်ချောက်ချားစရာ ကောင်းပါတယ်။ အမျိုးသမီးတွေ၊ လူနည်းစုတွေနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားသူတွေအတွက် အင်မတန် စိုးရိမ်မိပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆိုရှင်က Twitter တွင် ရေးသားခဲ့သည်။ 

ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများအနေဖြင့် ခိုလှုံလာသူများ၊ အရပ်သားများ၏ လုံခြုံမှုအတွက် ဆောင်ရွက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းသည်။ 

“ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ အစိုးရများအနေနဲ့ ချက်ချင်းအပစ်ရပ်ဖို့ တောင်းဆိုရပါမယ်။ ခိုလှုံလာသူတွေနဲ့ အရပ်သားပြည်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးရပါမယ်” ဟုလည်း ပါကစ္စတန်အမျိုးသမီးတစ်ဦးဖြစ်သူ မာလာလာက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တာလီဘန်လက်အောက်ရှိ အမျိုးသမီးများ၏ ဘဝ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် တက်ကြွလှုပ်ရှားသူ မာလာလာကို ၂၀၁၂ အောက်တိုဘာလအတွင်း တာလီဘန်များက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် မာလာလာကို ဗြိတိန်နိုင်ငံသို့ သယ်ဆောင်ပြီး ဆေးကုသပေးခဲ့သည်။

မာလာလာ အသက်ဆက်ရှင်ပါက ပစ်မှတ်ထားပြီး ဆက်လက်လုပ်ကြံတိုက်ခိုက်မည်ဟု တာလီဘန်တို့က ချက်ချင်း ကြေညာချက်ထုတ်ခဲ့သည်။

သေတွင်းမှ လွတ်မြောက်ပြီးနောက် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ပညာရေးအတွက် မာလာလာက ဆက်လက်လှုပ်ရှားမှုများအပေါ် ကမ္ဘာ့ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

မာလာလာသည် ကုလသမဂ္ဂညီလာခံတွင် တက်ရောက်မိန့်းခွန်းပြောကြားခွင့်ရခဲ့သည့်နည်းတူ ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။

မာလာလာကဲ့သို့ပင် အမျိုးသမီးများအရေး စိုးရိမ်တကြီးထောက်ပြသူ အများအပြားရှိနေသည်။

ဇူလိုင်လဆန်းပိုင်းက Badakhshan နှင့် Takhar ပြည်နယ်တို့ကို ထိန်းချုပ်လိုက်သည့် တာလီဘန်ခေါင်းဆောင်တို့က ဒေသခံ ဘာသာရေးခေါင်းဆောင်တို့ကို ၁၅ နှစ်အထက် မိန်းကလေးများ၊ ၄၅ နှစ်အောက် မုဆိုးမများစာရင်းပေးရန် တောင်းဆိုခဲ့သည်။ တာလီဘန်တိုက်ခိုက်ရေးသမားများ အိမ်ထောင်ပြုနိုင်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ အတင်းအကျပ်အိမ်ထောင်ပြုစေသည့် အစီအစဉ် အကောင်အထည် ဖော်ဖြစ်မဖြစ် မသိရသေးပေ။

တစ်ပြိုင်နက်တည်းတွင် Kandahar ပြည်နယ်မှ ဘဏ်တစ်ခုကို တာလီဘန်လက်နက်ကိုင်များ သွားရောက်ပြီး အမျိုးသမီး ၉ ဦးကို လုပ်ငန်းခွင်မှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်ဟု Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။  

သေနတ်သမားတို့က သူတို့ကို အိမ်အထိ လိုက်ပို့ပြီး လုပ်ငန်းခွင် ပြန်မဝင်ရန် သတိပေးခဲ့သည်။ အမျိုးသားများက ထိုနေရာတွင် ဝင်လုပ်နိုင်သည်ဟု သေနတ်သမားများက ရှင်းပြခဲ့သည်ဟု ထိုအထဲမှ အမျိုးသမီး ၃ ဦးနှင့် သူတို့၏ ဘဏ်မှ မန်နေဂျာက ဆိုသည်။ 

တာလီဘန်တို့ အုပ်စိုးခဲ့သည့် ၁၉၉၆-၂၀၀၁ ကာလအတွင်း အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခွင့်မရခဲ့သလို မိန်းကလေးများ ကျောင်းတက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ အမျိုးသမီးများ မျက်နှာကို ဖုံးကွယ်ထားရပြီး အိမ်အပြင်ထွက်လိုပါက ဆွေမျိုးသားချင်းထဲမှ အမျိုးသားတစ်ဦးက အဖော်အဖြစ် လိုက်ပါရမည်ဖြစ်သည်။

ထိုစည်းကမ်းချက်များချိုးဖောက်သည့် အမျိုးသမီးသည် အရှက်ခွဲခံရပြီး လူမြင်ကွင်းတွင် ဝိုင်းဝန်းရိုက်နှက်ခံရသည်။ 

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ ထွက်ခွာပြီးနောက် တာလီဘန်များက အာဖဂန်နစ္စတန်ရှိ အဓိကမြို့ကြီးများကို ဆက်တိုက်သိမ်းပိုက်ကာ ဩဂုတ် ၁၅ ရက်တွင် မြို့တော်ကဘူးလ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

အာဖဂန်သမ္မတလည်း နိုင်ငံတွင်းမှ ထွက်ပြေးခဲ့သည့်နည်းတူ အစိုးရအဖွဲ့လည်း ပြိုကွဲခဲ့သည်၊ စိုးရိမ်ထိတ်လန့်နေသည့် ထောင်ပေါင်းများစွာသော အာဖဂန်ပြည်သူများလည်း နိုင်ငံတွင်းမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိကာ ဝရုန်းသုန်းကားအခြေအနေဖြစ်နေသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။

အံ့အားသင့်ဖွယ်ရာ တာလီဘန်များ၏ အောင်ပွဲက အယ်ကိုင်းဒါးအဖွဲ့အပါအဝင် ကမ္ဘာ့နေရာအသီးသီးရှိ အစ္စလာမ်အစွန်းရောက်အဖွဲ့များကို အားတက်စေမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ရေးသားထားသည်။ 

ဆက်စုနှစ် နှစ်ခုကြာ အာဖဂန်စစ်ပွဲအတွင်း အာဖဂန်ပြည်သူ ခြောက်သောင်းကျော် သေဆုံးခဲ့ရပြီး စစ်ပွဲကုန်ကျစရိတ် ဒေါ်လာဘီလျံပေါင်းများစွာ ရှိခဲ့သည်။ စစ်ပွဲတွင် ပါဝင်ခဲ့သည့် အမေရိကန်စစ်သည် ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး နှစ်သောင်း နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button