လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို ဆွစ်ဇာလန်နိုင်ငံက စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ မှုများ ချမှတ်လိုက်ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုဆွစ်ဇာလန်နိုင်ငံ၏ MOGE အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂ(အီးယူ)၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နှင့်အတူ လိုက်ပါ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။
MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် Justice For Myanmar မှ သတင်း အချက်အလက်သိရှိပိုင်ခွင့်အရ တောင်းဆိုချက်၊ မတ်လ ၇ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်၊ ဆွစ်သတင်းစာတစ်ခုဖြစ်သော Tages-Anzeiger ၏ သတင်းဖော်ပြမှုများမှတဆင့် ဆွစ်ဇာလန် အစိုးရ အပေါ် ဖိအားပေးတောင်းဆိုမှုများ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ့ကမ်းလွန်မှ ရေနံလုပ်ကွက်များမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ထုတ်လုပ် ရောင်း ချဖြင့် MOGE သည် နိုင်ငံခြားငွေအများအပြားရရှိနေပြီး ထိုငွေများအတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ် ရေးဘဏ်ကို အသုံးပြုပြီး ဆွစ်ဇာလန်နိုင်ငံတွင် ငွေလွှဲဘဏ်စနစ် ထူထောင်ကာ နိုင်ငံတကာ ငွေလွှဲမှု များအတွက် အသုံးပြုနေသည်ကို တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) က ထောက်ပြထားသည်။
MOGE မှ အကျိုးအမြတ်ရနေသော နိုင်ငံခြားငွေများကို စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ ကျူးလွန် ရာတွင် အသုံးပြုသည့် စစ်လက်နက်များ နှင့် လေယာဉ်ဆီများ ဝယ်ယူရာတွင် အသုံးပြုနေခြင်းဖြစ်၍ ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြိုဆိုသည်ဟု JFM က ယမန်နေ့က ထုတ်ပြန်သည်။
ဆွစ်ဇာလန်နိုင်ငံသည် ၎င်းတို့တစ်နိုင်ငံတည်းအနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OSCE) တို့မှ ကုန်သွယ်မှုပိတ်ပင်ရေး ဥပဒေမှတစ်ဆင့် ချမှတ်ထားသော နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ အကောင်အထည်ဖော် လေ့ရှိသည်ဟု JFM က ဆိုသည်။
“ အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ် ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ် ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ဂယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်တာ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
စစ်ကောင်စီသည် ထိုရေနံ နှင့် ဓာတ်ငွေ့ မှ ရသော ဝင်ငွေများကို စစ်ရာဇဝတ်မှုများ မြောက်သော အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ရန် စစ်လက်နက် နှင့် လေယာဉ်ဆီများ ဝယ်ယူအသုံးပြုနေသည်ဟု သူက ဆိုသည်။
ထို့အတွက်ကြောင့် ဆွစ်ဇာလန်နိုင်ငံနည်းတူ ယူကေ၊ ကနေဒါ နှင့် ဩစတြေးလျနိုင်ငံတို့ကလည်း MOGE အပေါ် အရေးယူပိတ်ဆို့မှုများ အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေသည်ဟု မရတနာမောင်က ပြောဆိုသည်။
MOGE သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကမ်းလွန် လုပ်ကွက် ၄ ခု ဖြစ်သည့် ရတနာ၊ ရွှေ ၊ ဇောတိကနှင့် ရဲတံခွန် စီမံကိန်းတို့မှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ဝင်ငွေရရှိနေပြီး တရုတ် နှင့် ထိုင်းနိုင်ငံတို့ကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
MOGE ကို ယခုလို ဆွစ်ဇာလန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံတကာငွေပေးချေမှုများ နှင့် ငွေလွှဲခြင်းဆောင်ရွက်ရာတွင် ဆွစ်ဘဏ်လုပ်ငန်းများကို သုံးစွဲရာတွင် အခက်အခဲဖြစ်စေမည်ဖြစ်ပြီး MOGE နှင့် ပတ်သက်ဆက်နွယ်ပြီး ဝန်ဆောင်မှုပေးနေသော နိုင်ငံတကာကုမ္ပဏီများသည်လည်း MOGE နှင့် ငွေပေးချေမှုများအတွက် ဆွစ်ဘဏ်များကိုကြားခံလုပ်ခြင်းများအတွက် အကျပ်ရိုက်စေမည်ဟု စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now သို့ ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်သော စာရင်းအချက်အလက်များအရ ရေနံ နှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းများမှ ၂၀၂၃ ခုနှစ် ပထမ ၃ လမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁ ဒဿမ ၇ သန်းရှိခဲ့သည်ဟု JFM က ဆိုသည်။
ထို့အပြင် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍသည် ဆွစ်အာမခံလုပ်ငန်းများနှင့်လည်း ဆက်နွယ်မှုများရှိပြီး ဆွစ်အခြေစိုက်ကုမ္ပဏီ Infrassure သည် ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် ထပ်ဆင့်အာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း JFM က ပြောဆိုထားသည်။



