နိုင်ငံတကာသတင်းသတင်း

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များသို့ ရိက္ခာထောက်ပံ့ငွေ WFP ထက်ဝက်လျော့ချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမည့် ဧပြီလမှစ၍ ထက်ဝက်လျှော့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ခဲ့သည်။ ယခင်က တစ်ဦးလျှင် ၁၂.၅ ဒေါ်လာဖြင့် ပေးဝေနေသည့် စားနပ်ရိက္ခာများကို ၆ ဒေါ်လာအထိ လျှော့မည်ဖြစ်ပြီး ဒုက္ခသည်များအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမည့် ဧပြီလမှစပြီး ထက်ဝက်လျှော့ချမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ် ၅ က ထုတ်ပြန်ထားရာ ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများ စားဝတ်နေရေးအတွက် စိုးရိမ်နေကြသည်ဟု ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောသည်။

ယခင်က ရိုဟင်ဂျာဒုက္ခသည် တစ်ဦးလျှင် ပေးဝေနေသည့် ၁၂ ဒဿမ ၅ ဒေါ်လာနှင့် ညီမျှသည့် စားနပ်ရိက္ခာများကို ၆ ဒေါ်လာအထိ လျှော့ချသွားမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီUSAID အကူအညီများ ရပ်တန့်မှုကြောင့်​ဟု WFP ၏ ထုတ်ပြန်ချက်ကဆိုသည်။ 

WFP ၏ ရိက္ခာငွေလျှော့ချေမှုကြောင့် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာလူထု အတွက် အခက်အခဲများစွာဖြစ်ပေါ်စေမည်၊ ဒုက္ခသည်စခန်းများတွင် ရာဇဝတ်မှုထူပြောလာနိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုများ ရှိလာနိုင်သည်ဟု ရိုဟင်ဂျာကျောင်းသားကွန်ရက် (RSN) ကိုယ်စားလှယ် Mohamed Ayas (ခ) ကိုစောဦးက ပြောသည်။ 

“အဲဒီ ၆ ဒေါ်လာနဲ့က ဒုက္ခသည်စခန်းမှာ ဘယ်သူမှအသက်မရှင်နိုင်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ ဒုက္ခသည်စခန်းမှာ အကုန်လုံး ထိတ်လန့်နေကြတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ဒုက္ခသည် စခန်းထဲမှာ နေ့စဉ်နဲ့အမျှ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

စစ်အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက် လာကြခြင်းဖြစ်သည်။ 

ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ဒုက္ခသည် အသိအမှတ်ပြု UN ကတ်များဖြင့်နေထိုင်ကြသူများဖြစ်သည်။ ထိုဒုက္ခသည်ကတ် ရရှိထားသူများသည် လူတစ်ယောက်လျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာဂါ ၁၂၅၀နှင့်ညီမျှသည့် ကုန်ပစ္စည်းများကို WFP ထံမှ ရှိမည်ဖြစ်သည်။  

ရိုဟင်ဂျာဒုက္ခသည် တစ်ဦးလျှင် ၁၂.၅ ဒေါ်လာ တန်ကြေးရှိသည့် ဆန် ၁၃.၅ ကီလိုဂရမ် ၊ ဆီ ၁ လီတာ၊ ကြက်သွန် ၁ကီလို တို့အပါအဝင် ရိက္ခာများရရှိကြသည်။ လာမည့် ဧပြီလတွင် ၆ ဒေါ်လာသာ ရမည်ဖြစ်ရာ ဒုက္ခသည် တစ်ဦးအတွက် လောက်ငနိုင်မည်မဟုတ်ဟု မောင်တောမြို့ ကြိမ်ချောင်းရွာ ဒုက္ခသည်စခန်းမှ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသူ အိုစမမ် (ခ) ကိုရဲနိုင်လွင့်က ပြောသည်။ 

“အရင် ရတာက ၁၂ဒဿမ၅ ဒေါ်လာဆိုတော့ (ဘင်္ဂလားဒေ့ရှ်) တာဂါ ငွေနဲ့ တွက်ရင် ၁၂၅၀ ရပါတယ်။ ခု တစ်ဝက်လျှော့လိုက်တော့ ၆၅၀ ပေါ့ ။ အဲဒီလို ဆိုရင်တော့ လူတွေက တော်တော်လေး အခက်အခဲဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။ 

မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမြန်ဆုံးပေးအပ်သွားရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွင့်(AI) က ၂၀၂၄ အောက်တိုဘာ ၂၄ တွင် တောင်းဆိုထားသည်။ 

စစ်အာဏာမသိမ်းမီ ၂၀၁၇ တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်း သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်သည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အများစုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည်။ 

ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲခံထားရသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမှုရင်ဆိုင်ခဲ့ရသည်။

Related Articles

Back to top button