၂၀၀၁ စက်တင်ဘာ ၁၁ ရက်တွင် အယ်လ်ခိုင်ဒါအဖွဲ့၏ 9/11 တိုက်ခိုက်မှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အမေရိကန်ပြည်ထောင်စု၏ နှစ်ပေါင်း ၂၀ ကြာ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်သိမ်းပိုက်မှုသည် ယမန်နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။
ယမန်နေ့ တနင်္လာနေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂနစ္စတန်မြို့တော် ကဘူးလ်ရှိ ဟာမစ်ကာဇိုင်းလေဆိပ်မှ အကုန်ဆုတ်ခွာခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်ပွဲသည် အမေရိကအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလျံ ( ဘီလျံ ၂၀၀၀ နှင့်ညီမျှ) ကုန်ကျစေခဲ့ပြီး၊ လူပေါင်း ၁ သိန်း ၇ သောင်း အသက်ဆုံးရှုံးခဲ့ကာ အဖဂန်မြေပေါ်တွင် အယ်လ်ခိုင်ဒါတို့ကို နယ်မြေလှုပ်ရှားခွင့်ပြုခဲ့သော အစ္စလာမ်စစ်သွေးကြွ တာလီဘန်တို့ကိုလည်း နိုင်အောင်မတိုက်နိုင်ခဲ့သော စစ်ပွဲဖြစ်လေသည်။
ယမန်နေ့ သန်းခေါင်ယံအချိန်တွင် အမေရိကန်လုပ် C-17 ကုန်တင်လေယာဉ်ပျံကြီး ငါးစင်းသည် ကဘူးလေဆိပ်မှ ထွက်ခွာခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတို့က ဆိုသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ အပြီးတိုင်ဆုတ်ခွာခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ကို ကူညီခဲ့သော သောင်းနှင့်ချီသည့် အာဖဂန်နိုင်ငံသားအမြောက်အမြားတို့သည့် နိုင်ငံအတွင်းပင် ကျန်ရှိနေဆဲဖြစ်သည်။
“အာဖဂန်နစ္စတန်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးစာမျက်နှာသစ်တစ်ရပ် စတင်ပါပြီ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောဆိုသည်။ “ဆက်ဆံရေးအသစ်ဟာ သံတမန်ရေးလမ်းကြောင်းကပဲ ဖြစ်ပါတယ်၊ စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကတော့ ပြီးဆုံးသွားပြီ”
နှစ်ပေါင်းနှစ်ဆယ်အတွင်း အမေရိကန်သမ္မတလေးဆက်တိုင် ဆင်နွှဲခဲ့သော စစ်ပွဲသည် အာဖဂန်တို့ကို ဒီမိုကရေစီနှင့် အမြည်းသဘောမိတ်ဆက်ခဲ့ပြီး၊ အမျိုးသမီးတို့ကို ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ လမ်းပွင့်စေခဲ့သည်၊ သို့ရာတွင် အခြားသော ရည်မှန်းချက်များမှာကား အောင်မြင်မှုမရရှိခဲ့ပေ။ အမေရိကန်တို့ အာဖဂန်သို့ ဝင်ရောက်ပြီး မောင်းထုတ်ခဲ့သည့် တာလီဘန်တို့ထံ အာဖဂနစ္စတန်နိုင်ငံကို တစ်ဖန်ပြန်အပ်ပြီး အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ခြင်းဖြစ်လေသည်။ (ကိုးကား/New York Times)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe