အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာညကင်းသမားများ ဝိုင်းရိုက်၍ အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဩဂုတ် ၁၃၊ နံနက် ၂နာရီ ခွဲခန့်တွင် ကင်းသမားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၂ နှစ်အရွယ် ကိုဟန်ဇော်ထွန်း(ခ)တုတ်ပြဲ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

“ကင်းစောင့်တဲ့ ကလေးတွေရှိတယ်ပေါ့နော်။ ထိထိမိမိ ဝိုင်းလုပ်တာ ၇ ယောက်ပေါ့။ ၂ ယောက်ကျတော့ လက်လေးနောက်ပစ်ပြီး CCTV ထဲမှာပါတယ်တဲ့”ဟု ၎င်းက ပြောသည်။

ပဒံကျေးရွာနေ ကိုဟန်ဇော်ထွန်းမှာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ မကြာခဏ သွားရောက်ပြသနေရသူဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။

 “ကလေးက မကြာမကြာစိတ်ဖောက်တတ်တယ်။ စိတ်ဖောက်တတ်တယ်ဆိုပေမယ်လို့ သွားရင်းလာရင်းမှာတော့ ရမ်းကားခြင်းဆိုတာ သူက အဲ့လိုမရှိဘူး” ဟု ၎င်းက ပြောသည်။

ကိုဟန်ဇော်ထွန်းမှာ ဩဂုတ် ၁၃ နံနက်အစောပိုင်းတွင် ပဒံကျေးရွာ နှင့် ဘတ်စကားမှတ်တိုင် ၁၀ မှတ်တိုင်အကွာ၊ မြေတိုင်း ၂၂ ရပ်ကွက်ရှိ မိခင်ဖြစ်သူ၏ နေအိမ်မှ ပြန်လာစဉ် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ မိသားစုဝင်ထံမှသိရသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ လှိုင်သာယာဆေးရုံကြီး၏ ဩဂုတ် ၁၄ ရက်စွဲပါ အလောင်းထုတ်ယူခွင့်ပြုသည့်စာတွင် ကျောကုန်းညိုမည်း၊ ဝဲ/ယာနံစောင်းညိုမည်း၊ ဝဲ/ယာလက်မောင်းညိုမည်း၊ ဝဲ/ယာ ပေါင်ပွန်းခြစ်ညိုမည်း ဒဏ်ရာများရရှိထားကြောင်း ဖော်ပြထားသည်။

ရုပ်အလောင်းကို ယမန်နေ့(ဩဂုတ်လ ၁၄) နံနက် ၁၂ နာရီတွင် လှိုင်သာယာဆေးရုံကြီး၌ သွားရောက်ထုတ်ယူခဲ့ပြီးနောက် ထိန်ပင်သုသာန်တွင် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း၊ ဝိုင်းဝန်းရိုက်နှက်သည့် ကင်းသမား ၇ ဦးကို သောင်းကြီးနယ်မြေရဲစခန်း၌ ချုပ်နှောင်ထားသည်ဟု သိရသော်လည်း၊ မည်သူတို့ဖြစ်သည်၊ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။

ကင်းစောင့်ခိုင်းမှု၊ လူသေဆုံးမှု ကိစ္စများနှင့်ပတ်သက်၍ သောင်းကြီးနယ်မြေရဲစခန်းသို့ Myanmar Now က မေးမြန်းရန် ကြိုးပမ်းနေသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။

လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ဇွန်လဆန်းမှစ၍ စစ်ကောင်စီခန့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က သက်ဆိုင်ရာနေရာ၌ ညစဉ်ကင်းစောင့်ရလေ့ရှိပြီး မစောင့်ချင်၍ ကျပ် ၅၀၀၀ ဖြင့် လူငှား၍ ၎င်းတို့ကိုယ်စား အစားထိုးလေ့ရှိကြောင်း သိရသည်။

“ကင်းစောင့်တာက အရပ်သူ၊ အရပ်သားတော့ မစောင့်ရဘူး။ စစ်ကောင်စီခန့် ဆယ်တွေ၊ ရာတွေ အဲ့ဒါတွေက စောင့်ရတယ်။ ညဘက်ကျရင် ရုံးမှာ သွားသွားစောင့်ရတာတော့ရှိတယ်။ အပြင်လူခေါ်စောင့်ခိုင်းတာတော့မရှိဘူး”ဟု ၎င်းက ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် သတင်းပေးယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏပေါ်ပေါက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button