သတင်း

​ရန်ကုန်မြို့ပတ်ရထားပေါ် လိုက်ပါလာသည့် ရဲများတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး 

ရန်ကုန်၊ အလုံမြို့နယ်တွင် ယနေ့ (ဩဂုတ် ၁၄) ညနေ ၅ နာရီခန့်က မြို့ပတ်ရထားပေါ် လိုက်ပါလာသည့် ရဲများ တိုက်ခိုက်ခံရပြီး ရဲငါးဦးသေဆုံးခဲ့ကြောင်း မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ 

ရန်ကုန် – အင်းစိန်ပြေးဆွဲသည့် မြို့ပတ်ရထားမှာ အင်းစိန်ဘူတာ၌ ရထားသိမ်းရန် မောင်းနှင်လာစဉ် အလုံဘူတာအရောက် အမည်မသိလက်နက်ကိုင်အချို့က ရထားပေါ်လိုက်ပါလာသည့် ရဲများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် မီးရထားရဲတပ်ခွဲ၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ၏ ပြောပြချက်ကို ကိုးကား၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ အဆိုပါ မီးရထားဝန်ထမ်းက ပြောဆိုခြင်းဖြစ်သည်။ 

“အလုံဘူတာမှာ ရပ်ပြီးမှ အဲလိုဖြစ်တာလို့ ကြားတယ်ခင်ဗျ။ ရဲထားရဲတစ်ယောက်ကတော့ ပြန်ပစ်တယ်လို့ ကြားတယ်။ ရထားပေါ်ပါတဲ့ ခရီးသည်တွေ၊ ပြည်သူတွေကတော့ ဘေးကင်းတယ် ကြားတယ်ခင်ဗျ။ ရထားပေါ်က ဆင်းခိုင်းတယ်လို့လည်း ကြားရတာ” ဟု ၎င်းက ဆိုသည်။

မီးရထားပေါ် လိုက်ပါလာသည့် ရဲများများကို အမည်မသိလက်နက်ကိုင်များက မည်သို့တိုက်ခိုက်ခဲ့သည်ကိုမူ မသိရပေ။ 

ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲဒုတပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်နှင့် တပ်သားထိန်လင်းအောင်တို့မှာ နေရာမှာပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ကြပ်မြင့်ဌေးနှင့် တပ်ကြပ်ကျော်ဇင်တို့ကို မင်္ဂလာဒုံစစ်ဆေးရုံ (ခုတင် ၅၀၀) သို့ ပို့ဆောင်ခဲ့ကြောင်း အထက်ပါမီးရထားဝန်ထမ်းက ဆိုသည်။ 

တပ်ကြပ်မြင့်ဌေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး တပ်ကြပ်ကျော်ဇင်ဆိုသူမှာ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အိပ်ပျော်သလို ဖြစ်နေတဲ့တစ်ယောက် (တပ်ကြပ်ကျော်ဇင်) ပေါ့နော် ဆေးရုံမှာ ကျန်တဲ့တစ်ယောက်က သူရထားပေါ်မှာ အိပ်ပျော်ပြီးပါလာတာခင်ဗျ။ အသံဗလံတွေကြားတော့ ထပြီးကြည့်တဲ့အချိန်မှာ ဗိုက်ကို မှန်တယ်လို့ သိရတယ်” ဟု အထက်ပါမီးရထားဝန်ထမ်းက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့် ရဲများအနက် အသက် ၂၀ ကျော်အရွယ် ရဲတပ်သားရဲမင်းထွန်းမှာ အင်းစိန်မြို့နယ် မီးရထားရဲတပ်ခွဲ ၁၄ မှဖြစ်ကာ ၎င်း၏ အလောင်းကို အိမ်ပြန်မသယ်ရသေးကြောင်း မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီး သွေးအိုင်ထဲတွင် အတုံးအရုံးလဲကျသေဆုံးနေသည့် ရဲလေးဦး၏ ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

အလောင်းများကို စစ်တပ်က လာရောက်သယ်ဆောင်သွားကာ ဖမ်းဆီးခံရသူမရှိကြောင်းလည်း CDM မီးရထားဝန်ထမ်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button