မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် (၄) ရပ်ကွက်တွင် ယနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး အခြားသူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ မြင်းခြံမြို့ခံ လေးဦးထက်မနည်းကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြစ်စဉ်အသေးစိတ်မသိရဘဲ အခင်းဖြစ်ပွားရာ နေအိမ်နှင့် သုံးအိမ်အကွာရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး၏ နေအိမ်ရှေ့တွင် လက်နက်ကိုင်အစောင့်အရှောက်များ ရှိနေသည်ဟု မြို့ခံများထံမှ သိရသည်။
သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သည့် တစ်နှစ်အရွယ် မိန်းကလေးငယ်၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးခဲ့သည်ဟု မြင်းခြံမြို့မှ အဖြူရောင်လက်များလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
တစ်နှစ်အရွယ် မိန်းကလေးငယ်မှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ကျည်ဆန်နှစ်ချက်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကာ ကလေးငယ်၏ ဖခင်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူမှာ လက်မောင်းတွင် နှစ်ချက်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် အခင်းဖြစ်ပွားစဉ် အော်ဟစ်ထွက်ပြေးသဖြင့် မတင်တင်မာဆိုသော လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက်တွင် ကျည်ဆန်တစ်ချက်ထိမှန်ခဲ့သည်ဟု ၎င်းက Myanmar Now ကို ပြောသည်။
ကိုယ်တိုင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အသက်တစ်နှစ်အရွယ် သမီးငယ်ကို ဆုံးရှုံးခဲ့သူ ကိုငြိမ်းချမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတစ်ဦးဖြစ်သည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
အရပ်ဝတ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာကာ ကိုငြိမ်းချမ်းတို့နေအိမ်ရှေ့အရောက်တွင် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကာ အခင်းဖြစ်ပွားချိန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး၏ နေအိမ်ရှေ့တွင် လက်နက်ကိုင်များ ရှိနေသည်ဟု ယင်းရပ်ကွက်နေ အထက်ပါအမျိုးသားက ဆိုသည်။
“သူ့ (ဦးထွန်းထွန်းဦး) အိမ်မှာ လုံခြုံရေးအစောင့်တွေ ထားထားတယ်။ အဲဒီကောင်တွေက ပစ်တာ။ သူတို့က မသင်္ကာလို့ ပစ်တယ်လို့ ပြောကြတယ်။ ပစ်ပြီးတော့ ဆိုင်ကယ်မောင်းပြေးသွားတာ။ နောက်မှ စစ်တပ်ကို ဖုန်းဆက်ခေါ်လို့ ရောက်လာတာ” ဟု အဆိုပါရပ်ကွက်နေထိုင်သူ အထက်ပါ အမျိုးသားက ပြောသည်။
သို့သော် အခြားမြင်းခြံတစ်ဦးက ပြောသည်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနှင့်အဖွဲ့က နေအိမ်သို့ ထမင်းစားပြန်လာစဉ် အခင်းဖြစ်ပွားရာအရောက် ဆိုင်ကယ်ဖြင့် လူငယ်သုံးဦးကို တွေ့ရှိပြီး PDF ဟု ထင်မြင်ကာ မှားယွင်းပစ်ခတ်ရာမှ လမ်းအတွင်းရှိနေသူ ကလေးငယ်အပါအဝင် အခြားသူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ဦးထွန်းထွန်းဦးအိမ်ရှေ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြတ်သန်းသွားလာသူများကို လက်နောက်ပစ် ဒူးထောက်ခိုင်းထားကြောင်း၊ အနီးအနားရှိ အိမ်နီးချင်းများလည်း စိုးရိမ်နေကြသည်ဟု သိရသည်။
အခင်းဖြစ်ပွားပြီး ယနေ့နေ့လယ် ၂ နာရီအထိ ရပ်ကွက်အတွင်း မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မရှိသေးကြောင်း အမှတ် (၄) ရပ်ကွက်နေထိုင်သူများက ပြောသည်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးမှာ ရံဖန်ရံခါ သေနတ်ကိုင်ဆောင်လေ့ရှိပြီး ၎င်း၏နေအိမ်ရှေ့တွင် လက်နက်ကိုင်အစောင့် သုံးဦးခန့် ချထားလေ့ရှိသည်ဟု မြင်းခြံမြို့ခံအချို့ထံမှ သိရသည်။