၁၉၈၈ မှ စခဲ့သည့် မြန်မာ့ဒီမိုကရေစီခရီး ဩဂုတ် ၈ရက်တွင် ၃၃ နှစ်ပြည့်ခဲ့သည်။ သို့သော် လက်ရှိတွင်လည်း စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းထားသဖြင့် ဒီမိုကရေစီရေးအတွက် ပြည်သူတို့ ပြန်လည်ရုန်းကန်နေရသည်။
“၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း”၊ “သွေးကြွေးတွင် ဆွေးနွေးစရာမရှိ” စသည့် ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုလှုပ်ရှားမှုများ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန် လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်နေသူ၊ တိုက်ပွဲဝင်နေသူများရှိနေသည်။
ယခုတစ်ကြိမ် တော်လှန်ရေးဖြင့် စစ်တပ်အာဏာသိမ်းတတ်သည့် ဓလေ့ဆိုးကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ခြေရှိမရှိ၊ အားနည်းချက်၊ အားသာချက်နှင့် သတိထားရမည့် အကြောင်းများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး – ၈၈၈၈ ကနေ နှစ်ပေါင်း ၃၃ နှစ်အလွန်မှာ ဒီမိုကရေစီရေးက နောက်ပြန်ဆုတ်သွားပြန်ပါပြီ။ ဒီကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကလည်း အများကြီးရှိခဲ့တယ်။ ဒီအထဲကမှ ရှေ့ခရီးအတွက် သင်ခန်းစာယူသင့်တာ ဘာတွေများရှိမလဲ။
ဖြေ – ပြောမယ်ဆိုရင်တော့ အချက်အလက်တွေက အများကြီးပဲဗျ။ ဒါပေမယ့်ဗျာ၊ အားလုံးကို ခြုံပြီး သုံးသပ်မိတာကတော့ မည်သို့ပင် အမျိုးသားပြန်လည်ညီညွတ်ရေးတို့၊ ရင်ကြားစေ့ရေးတို့ဆိုတဲ့ ခေါင်းစဉ် နဲ့ ဘယ်လောက်ပဲ ရိုးသားသည်ဖြစ်စေ၊ ဘက်တစ်ဖက်ထဲက ရိုးသားလို့မရဘူးဗျ။ အဲဒီတော့ တစ်ဖက်က နောက်ကျောကို ဓားနဲ့ထိုးဖို့ ထားတာ၊ ဖွက်ထားတာ၊ အဲဒါကြီးက ဘယ်မှာမြင်သွားလဲဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကျတော့ သိသွားတာပေါ့။ ဒါကတော့ နောက်ကိုလည်း ထားရမယ့်သတိပေါ့ဗျာ။
မေး -ကုန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ နှစ်ဆိုတာက မျိုးဆက်တစ်ဆက်စာရဲ့ အချိန်တွေပေါ့။ ၈၈ ကတည်းက ဒီမိုကရေစီခရီးကြမ်းကို စတင်လျှောက်လှမ်းခဲ့တဲ့ မျိုးဆက်လည်းဖြစ်တဲ့ ကိုမင်းကိုနိုင်အနေနဲ့ အခု တော်လှန်ရေးလုပ်နေတဲ့ နောက်မျိုးဆက်အပေါ် အကြံပြုချင်တာ ဘာတွေရှိလဲ၊ မျိုးဆက်နှစ်ခုအကြား အားနည်းချက်၊ အားသာချက်တွေကို ဘယ်လိုသုံးသပ်ထားပါသလဲ။
ဖြေ – အခုခေတ်က နည်းပညာနဲ့ ဘာသာစကားတွေက အများကြီးပွင့်သွားပြီ။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ အချိတ်အဆက်ကောင်းသွားပြီ။ နောက်ပြီးတော့ လူငယ်ဆိုတာကတော့ ခေတ်တိုင်းမှာ သတ္တိကောင်းတာပဲဗျနော်။ ဒါပေမဲ့ ဘာတွေ မတူလာဘူးလဲဆိုတော့၊ ဒီဘက်ခေတ် မျိုးဆက်သစ်က Smart ဖြစ်သွားပြီ။ ဒါတော်တော် အရေးကြီးတယ်ဗျ။ သူတို့က ဘက်ပေါင်းစုံ (နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ နိုင်ငံတကာဝင်ဆံ့မှု)ကနေ စိတ်ချသွားရပြီပေါ့ဗျာ။ အဲဒါကို ကျွန်တော်တို့ ရလိုက်တယ်။ သူတို့က ပြောတိုင်းယုံတတ်တဲ့သူတွေလည်းမဟုတ်ဘူးဗျ။ သူတို့က ကမ္ဘာကြီးကို နေ့စဉ် ပြတင်းပေါက်ကနေ ထိုင်ကြည့်နေတဲ့ မျိုးဆက်ကိုဗျ။ အဲဒီတော့ သူတို့ကို လိမ်လို့ ညာလို့မရဘူး။ သူတို့ချက်ချင်း google ခေါက်မယ်၊ youtube မှာ တက်ရှာမယ်လေဗျာ။ ခေတ်စကားနဲ့ပြောရင် ဒီမျိုးဆက်ကို ဂျင်းထည့်လို့မရဘူးဗျ။ အဲဒါကြီးက အင်မတန်အားကောင်းတဲ့ဟာကြီး ဖြစ်သွားတယ်ဗျ။
သူတို့ကပဲ ကျွန်တော်တို့ မျိုးဆက်အဟောင်းတွေကိုတောင် ပြန်သင်ပေးသွားသေးတယ်။ လောကကြီးမှာ နေနည်း၊ ထိုင်နည်းတွေ၊ ဘာကို ယုံကြည်ရမလဲဆိုတာတွေ၊ ကျွန်တော်တို့ ပြန်သင်နေရတာတွေရှိတယ်။ သူတို့တွေက Smart ဖြစ်တယ်ဆိုတာ၊ ဘာကို ပြောချင်တာလဲဆိုတော့၊ သူတို့ကို ခြောက်တိုင်းလည်း မရတော့ဘူး။ မြှောက်ပေးလို့လည်းမရဘူး။ သူတို့အသိနဲ့ သူတို့လုပ်တာဗျ။ သူတို့ကိုယ်တိုင်ဆုံးဖြတ်၊ သူတို့ကိုယ်တိုင်ဦးဆောင်တာ၊ ဒါကိုပဲ ရှေ့က မျိုးဆက်က ဝန်းပေး၊ ရံပေး၊ အားပေးရင်းနဲ့ ဒီနေ့ ဒီလိုဖြစ်လာတာ။ အဲဒီလို ကျွန်တော်မြင်တာပေါ့။ အားသာချက်တွေ များစွာရှိတယ်။ ကမ္ဘာကြီးနဲ့ ချိတ်ဆက်မိတဲ့ မျိုးဆက်ဖြစ်တယ်ဗျ။
မေး – အခုဆိုရင် ဒီမိုကရေစီရေးအင်အားစုတွေဘက်မှာ ဦးဆောင်မှုအခန်းကဏ္ဍတို့ အခြေခံဥပဒေရေးဆွဲရေးတို့လို ကိစ္စတွေမှာ မပြေလည်မှုတွေရှိနေတယ်လို့ ကြားရပါတယ်။ ၁၉၈၈နဲ့ နှိုင်းယှဉ်ရင် လူနည်းစုတိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာတွေ အားကောင်းလာပြီးတော့ ဘယ်ကိစ္စတွေ အားနည်းနေလဲ။
ဖြေ – အရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲဖြစ်လည်း ဘာသိဘာသာဖြစ်ခဲ့ကြတဲ့ သူတွေက အဲဒီလိုမဟုတ်ဘူးဗျ။ ဘယ်နှယောက်၊ ဘယ်ဘက်ကနေပြီး အနိုင်ရလဲ၊ ဓမ္ဓဘက်ကလား၊ အဓမ္မဘက်ကလား၊ ပြည်သူ့ဘက်ကလား၊ ဒီလိုမျိုးနဲ့ သူတို့ကိုယ်တိုင်ဝင်ခံစားတာ၊ ငါတို့ ဘာလုပ်ပေးနိုင်မလဲ။ တွေးရုံတင်မကဘူးနော်။ ကိုယ်တိုင်ပါဝင်လုပ်ကြတာ။ အဲဒီတော့ စစ်တိုက်နေမှ မဟုတ်ဘူးဗျ။ လူတိုင်းလူတိုင်းက တာဝန်ကိုယ်စီကျေနေကြတာဗျ။ ထမ်းနေကြတာဗျ။ ခင်ဗျား၊ မသိရင်သာရှိရမယ်လေ။ လူတစ်ယောက်က အိမ်ရှေ့မှာ ဟိုကြည့်၊ ဒီကြည့် ခါးထောက်ပြီး ဟိုကြည့်၊ ဒီကြည့် လုပ်နေတယ်ပေါ့။ ဒီတော်လှန်ရေးမှာ မပါဘူးလို့ ခင်ဗျားထင်လို့မရဘူး။ သူအိမ်ထဲဝင်သွားရင် ဘာလုပ်လဲဆိုတာ ကျွန်တော် တို့ ဘာမှမပြောနိုင်ဘူး။ အများကြီးလုပ်နေတာ၊ ကိုယ်တိုင်တွေ လုပ်နေကြတာ။
အဲဒီတော့ ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကြားထဲမှာလည်း ခင်ဗျားမေးသလို ပြဿနာမရှိဘူးလား၊ ရှိတယ်။ ဒါပေမယ့် မီးဖိုထဲမှာ မီးရှိတယ်ဆိုတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့က အဲဒီမီးကိုပဲ ကောင်းစွာ အသုံးပြုပြီးတော့ ကြော်လှော်၊ ချက်ပြုတ်ရင်းနဲ့ ပြဿနာတွေရှင်းသွားကြတာပေါ့။ မီးက တစ်ခုတည်းမဟုတ်ဘူးဆိုရင်လဲ၊ အထက်မီး၊ အောက်မီးမှုတ်ဆိုတာမျိုးနဲ့ စဉ်းစားလိုက်ရင်လည်း ရပါတယ်။ တကယ်ကတော့ ဖြေရှင်းနိုင်စွမ်းတွေ တကယ်ရှိတယ်ဆိုရင် ဒီအခက်အခဲကို ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ။ အခုထိကတော့ ကျွန်တော်တို့မှာ (ပြဿနာတွေ) ရှိတော့ ရှိတယ်။ ဒါတွေ အားလုံးက မီးဖိုထဲမှာ မီးရှိတဲ့ သဘောပါပဲ။
မေး – စစ်ကိုင်းတို့ မကွေးတို့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းမရှိ၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံလည်းမရှိတဲ့ ဒေသကပြည်သူတွေ ရရာလက်နက်နဲ့ စစ်ကောင်စီကို တော်လှန်နေကြပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေလည်း များကြပါတယ်။ သူတို့တွေကို အကြံပြုချင်တာ ဘာများရှိမလဲ။ ဘာတွေများ ချိတ်ဆက်လုပ်ပေးနိုင်မလဲ။
ဖြေ – ဒါက တော်တော်အရေးကြီးတယ်ဗျ။ တကယ်တော့ တော်လှန်ရေးက ဒီအဆင့်ထိဖြစ်လာတာ လပိုင်းကလေးပဲ ရှိပါသေးတယ်။ အင်မတန်လည်း ချီးကျူးဖို့ကောင်းတယ်ဗျ။ လူတိုင်းက ဒါဟာ နောက်ဆုံးပွဲသိမ်းပဲဆိုတာ သိတဲ့အတွက်ကြောင့် ကိုယ့်အသိနဲ့ကိုယ် အပြည့်တာဝန်တွေယူကြလို့ ဒီလောက် မြန်မြန်ဆန်ဆန်တွေဖြစ်လာတာ၊ ဒါပေမယ့် ပြည်ထောင်စုတစ်ခုလုံးကြီးကို ရာနှုန်းပြည့် လက်ကြား၊ ရေမယိုအောင် စေ့စပ်ပြီးပြီလား၊ သေချာပြီးပြီလားဆိုတော့ မဟုတ်ဘူးပေါ့။ မီသလောက်တော့ လုပ်တော့ လုပ်ထားတယ်။ ဒါပေမယ့် အဲဒီ မီသလောက်သည် လုံလောက်တယ်။ အဲဒီတော့ ဒေသန္တရမှာ တာဝန်ယူပြီး လုပ်နေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းကိုတော့ အနည်းဆုံးတော့ ကျွန်တော်တို့က ထိတွေ့တာမျိုးကတော့ လုပ်ကိုလုပ်ပေးရမှာပဲ။ ထိတွေ့ဆက်ဆံရမယ်။
နံပါတ်တစ်လိုအပ်ချက်က အသိအမှတ်ပြုမှုဗျ။ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်မရှိဘူးလားဆိုတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ နံပါတ်တစ် သူတို့လိုချင်တာ ဘာလဲဆိုတော့ အသိအမှတ်ပြုမှုဗျ။ အဲဒီတော့ သူတို့ရဲ့အသံတွေ ကောင်းစွာ နားထောင်ပေးပြီးတော့၊ အခက်အခဲတွေ ဝိုင်းဖြေရှင်းပေးနိုင်မယ်။ ရရင် ရတယ်၊ မရရင် မရဘူးပေါ့ဗျာ။ ဒါပေမယ့် လက်တွဲမဖြုတ်ဘူးဗျ။ ဒီအခက်အခဲကြောင့်တော့ လက်တွဲပြုတ်မသွားဘူးဆိုတဲ့၊ အဲဒီ အာရုံခံစားမှုနဲ့ အဲဒီအတိုင်းသွားနေကြတာပေါ့နော်။ ဒါက အနိမ့်ဆုံးအဆင့်ပါ။ ကောင်းစွာ အသိအမှတ်ပြုပေးရမယ်၊ တကယ့် ကိုယ့်ရဲ့ ရဲဘော်ရဲဘက်ဆိုတဲ့ စိတ်ထားမျိုးနဲ့ ခရီးဆုံးတဲ့အထိ တွဲတိုက်နိုင်ရမယ်။ ကျန်တာကတော့ တတ်နိုင်တာတွေကို အပြန်အလှန် ဖြည့်စွက်ပေးကြရမှာပါပဲ။
မေး -အခုဆို ပြည်သူတွေလည်း ကပ်ရောဘေးရော၊ အထွေထွေအကျပ်အတည်းပါ ကြုံနေရတဲ့ အခြေအနေပါ။ မြို့ပေါ်မှာတောင် စစ်ရိပ်သန်းလာတဲ့ အခြေအနေမှာကြုံနေရတယ်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးရဲ့ လားရာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာများရှင်းပြနိုင်မလဲ။
ဖြေ – ကျွန်တော်တို့တွေ အကုန်လုံးက ဘဝရဲ့ အခက်ခဲဆုံးအချိန်ကို ကျွန်တော်တို့အားလုံး အတူတူ ဖြတ်နေကြရတာနော်။ ဒီထက်ခက်တယ်ဆိုတာ မရှိတော့ဘူး။ ခင်ဗျား ရိုးရိုးပဲစဉ်းစားကြည့်ဗျာ၊ နေ့စဉ်နေ့စဉ် ကိုဗစ် ဘယ်လောက်နှိပ်စက်နေလဲဆိုတော့ ကျွန်တော်တို့ဆွေမျိုးတွေထဲမှာ မပါဘူးတဲ့သူတွေ မရှိဘူး။ လမ်းတိုင်းဖြစ်နေပြီ၊ အိမ်တိုင်းနီးပါးဖြစ်နေပြီ။ ဟုတ်ပြီ။ အဲဒီလို ရှူရှိုက်ဖို့လေ (အောက်ဆီဂျင်) မှာလည်း ဆိုးနေတယ်၊ ခက်နေတယ်။ လူမိုက်နဲ့ အတူနေရတဲ့ ဒုက္ခကလည်းရှိသေးတယ်ဗျ။ ဒီဟာကြီးကို ဖြတ်သန်းရင်ဆိုင်ကြရတာ။ ဒီပွဲကျော်လိုက်ရင် ကျွန်တော်တို့ဘဝတွေမှာ နောက်ထပ် ဒီထက်လွယ်တာတွေပဲ ရှိတော့မယ်။
အဲဒီတော့ တော်လှန်ရေးရဲ့ လားရာက ဘာလဲဆိုတော့ ရှင်းပါတယ်။ ကျွန်တော်တို့တစ်တွေက CDM (အာဏာဖီဆန်ရေးလှုပ်ရှားသူ)တွေ၊ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ၊ တကယ့်ကို အကြမ်းမဖက်နည်းပေါင်းစုံနဲ့ တကယ်တော့ ပြည်သူက နိုင်ပြီးသားဗျ။ လက်ဝှေ့ပွဲနဲ့ပြောရင် ဒီလောက်အင်အားကောင်းတဲ့ CDM လှုပ်ရှားမှုက အစိုးရလို့ဆိုတဲ့သူ ဆင်းပေးရတော့မှာပေါ့ဗျ။ ဒါပဲပေါ့။ ရိုးရိုးဆိုရင်တော့၊ လက်ဝှေ့စကားနဲ့ ပြောရရင် အချီပြည့်ထိုးပြီးပြီ၊ အချီတိုင်းမှာ အမှတ်အများကြီးရပြီးတော့ နိုင်ပြီးသားချည်း။ ဒါ လူတိုင်းသိတယ်။ ကမ္ဘာကြီးပါသိတယ်။ နိုင်ပြီးသားချည်းဗျ။ ဒါပေမဲ့ သူက အချီပြည့်မှာ အမှတ်နဲ့နိုင်တာ မရဘူးတဲ့၊ အလဲထိုးမှနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာ။ ရတယ်လေ၊ အဲဒါဆိုရင်နော့။ အလဲထိုးဖို့ပဲရှိတယ်။ အဲဒီကျမှ ဒိုင်လူကြီးလိုလို ၊ ဆရာ့၊ ဆရာကြီးလိုလိုတော့ လာမချုပ်နဲ့ပေါ့။
လားရာနဲ့ မြင်တာကတော့ ဒါပဲရှိတာပေါ့။ လူတွေကလေ ဒီပွဲမှာ သူတို့ကိုယ်တိုင် ဘဝတွေကို အဆုံးထိ အမြုပ်ခံပြီးတော့ ဝိုင်းကယ်မှာနော်၊ ဒီနိုင်ငံကို။ အဲဒီအခါကျတော့ သူတို့ ပြန်ဆယ်မထားတဲ့ နိုင်ငံတော်ကို ဘယ်တော့မှ ပြန်ပြီးတော့ အနစ်ခံမှာမဟုတ်ဘူး။ ကျွန်တော် အဲဒါတော့ ရဲရဲပြောနိုင်တယ်။
မေး -အလဲထိုးဖို့လို့ ခုနပြောသွားတယ်။ ပြည်သူတွေကလည်း ဒီ ၂၀၂၁ တော်လှန်ရေးစကတည်းက နိုင်ငံတကာရဲ့ စစ်ရေးအရကူညီမှု R2P ကို တောင်းဆိုနေကြတယ်။ ကိုမင်းကိုနိုင်လည်း R2P နဲ့ ပတ်သက်ပြီး ပြောခဲ့တာရှိတယ်။ ကိုမင်းကိုနိုင်ရဲ့ R2Pက ဘာကိုဆိုလိုချင်တာလဲခင်ဗျ။
ဖြေ – လူတွေကို R2P မလာဘူးဆိုပြီး စိတ်မပျက်နဲ့ဆိုတာကို ကျွန်တော်ပြောတာပါ။ နိုင်ငံတကာရဲ့ဝင်ရောက်မှု အရေးမကြီးဘူး။ ကာကွယ်တာလေ၊ ခုခံကာကွယ်ဖို့ အဲဒီအခွင့်အရေးလေ၊ အဲဒီတော့ တိုင်းတစ်ပါးသားလာမှမဟုတ်ဘူး။ ကိုယ့်လူမျိုးချင်း၊ ကိုယ်ပြန်ကာကွယ်ရုံပဲ။ ကိုယ့်ပြည်ထောင်စုသားအချင်းချင်း ပြန်ကာကွယ်ရုံပဲ။ ကျွန်တော်တို့မိသားစုကို ကျွန်တော်တို့အားလုံး အတူတူကာကွယ်မှာပေါ့ဗျ။ ရတယ်၊ အဲဒါသေချာပေါက်ရတယ်။ ခင်ဗျားမေးလို့ရတယ် အလုပ်ဖြစ်ပါ့မလား။ ဖြစ်တယ်ဗျာ။ ဒီတိုင်းရင်းသား၊ ဒီညီအစ်ကိုတွေပဲ ဒီအချိန်မှာ ညီလိုက်ရင်ရတယ်။
ဒီအချိန်မှာ ဟိုလူ့ကြည့်ရတာတော့ မပါဘူးလိုလို၊ ဒီလူ့ကြည့်ရတာတော့ တစ်မျိုးလိုလိုလို့ အရမ်းအပြစ်တင်တော့ မစောနဲ့။ ဒီလောက်ပဲ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ ဟုတ်ပြီ။ အဲဒီအခါကျရင် တာဝန်ကိုယ်စီ ကျေတဲ့နေ့မှာ အရင်က ကျွန်တော်ပြောဖူးတယ်။ အရပ်ရှစ်မျက်နှာက လာမယ်ဆိုတာ၊ အခု နှစ်ခု ထပ်ထည့်ရမယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှစ်မျက်နှာတင်မကဘူး။ အထက်ကရော၊ အောက်ကရော အကုန်လုံးလာမှာ။ ဒါသည်ပင်လျှင် အသီးအပွင့်ဗျ။
ကျွန်တော်တို့ အခုက ပြည်တွင်းတင်မကဘူးဗျာ။ နိုင်ငံတကာရောက်တဲ့ မိသားစုတွေအားလုံးက ဝိုင်းလုပ်ပေးနေတာဗျ။ အဲဒါက တော်ရုံတန်ရုံမဟုတ်ဘူးနော်။ ကျွန်တော်ပြောတာက ပိုက်ဆံလှူတာတစ်ခုတည်း မဟုတ်ဘူးနော်။ ဉာဏ်ပညာတွေလှူတယ်၊ လုပ်အားတွေလှူတယ်။ ကွန်ရက်တွေဖွဲ့ပေးတယ်။ အချိတ်အဆက်တွေလုပ်ပေးတယ်ဗျာ။ နောက်ဆုံး အိမ်က ပစ္စည်းတွေတောင် လေလံတင်ရောင်းပြီး ချနေကြတာဗျာ။ အဲဒီလိုပါ။
ငါတို့က ငါတို့ပဲရှိတယ်ဆိုပေမဲ့ အဲဒီ ငါတို့က သန်းငါးဆယ်ကျော်တယ်ဆိုတာ မမေ့နဲ့ပေါ့ဗျာ။ နိုင်ငံတကာနဲ့ပေါင်းရင်တော့ သန်းပေါင်းများစွာပေါ့။
မေး – ၈လေးလုံး ၃၃နှစ်ပြည့်တဲ့နေ့မှာ “၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဆိုတဲ့ ကြွေးကြော်သံထွက်လာပါတယ်။ အဲဒီဟာနဲ့ ချိတ်ဆက်မေးရမယ်ဆိုရင် ဒီမိုကရေစီရေးအတွက်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ရေးအတွက် ဒီတချီဟာ တကယ့်ကို နောက်ဆုံးတိုက်ပွဲလို့ ပြောနိုင်ပြီလား၊ ယုံကြည်လို့ရနိုင်ပြီလား။
ဖြေ – အဲဒါ အရေးကြီးတယ်ဗျ။ ကျွန်တော် တစ်ခါပြောဖူးတယ်။ အောင်မြေနင်းတယ်ဆိုတာမျိုးပေါ့ဗျာ။ ဘယ်နေရာက အောင်မြေလည်းပေါ့။ တကယ်တော့ ခင်ဗျား၊ အောင်စိတ်နဲ့ နင်းတဲ့မြေက အောင်မြေပါပဲ။ အဲဒါက နံပါတ်တစ် အရေးအကြီးဆုံးပဲဗျ။
ကျွန်တော်တို့တွေမှာ ဂရုစိုက်စရာတွေရှိတယ်။ ဝါဒဖြန့်ချိရေးတွေ၊ ဗျူဟာတွေပေါ့။ ဒါတွေကတော့ ကျကျနန လုပ်ကြတယ်။ ဒါကြောင့် ကျွန်တော်ပြောတာ ဒီခေတ်လူငယ်တွေရဲ့ အမြင်ကျယ်မှု၊ လေ့လာတွေ့ရှိထားမှုနဲ့ နိုင်ငံတကာရောက်သွားတဲ့ မျိုးဆက်ဟောင်းတွေရဲ့ ဘဝအတွေ့အကြုံတွေက အင်မတန်တန်ဖိုးရှိနေတာ။ သူတို့တွေက နယ်ပယ်အသီးသီးမှာ ရောက်သွားပြီးတော့ ခေါင်းဆောင်တွေဖြစ်နေပြီ။ အဲဒီခေါင်းဆောင်တွေနဲ့စုထားတာ။ အဲဒါကြောင့် ဒီအရေးတော်ပုံကြီးကို ဦးဆောင်နေတဲ့ လူတွေကို ကြည့်လိုက်ရင် ခေါင်းကလေး လေး၊ ငါး၊ ခြောက်၊ ဆယ်လုံးလောက်နဲ့ မကဘူးဆိုတာ ကျွန်တော်ပြောတာ။ ပဒေသာပင်သီးသလို သီးနေတာ၊ ကမ္ဘာ့အဆင့်မီပညာရှင်တွေ ဝိုင်းလုပ်နေတာ။ ဒါက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်။
အဲဒီတော့ ဘက်တော်သားတွေက ကိုယ့်ဟာကို စုကြဖွဲ့ကြပြီးတော့ သဏ္ဌာန်အမျိုးမျိုးနဲ့ အစီအမံတွေ ချနေကြတာဗျ။ ဆိုတော့ ဒီလောက်ညီညွတ်မှုမျိုး ကျွန်တော်တို့သမိုင်းမှာ မရခဲ့ဖူးဘူး။ ကျွန်တော်တို့ဘက်က လိုတာက အဲဒီ အောင်စိတ် မပြတ်ဖို့ပဲဗျ။
ကျွန်တော်တို့ကို စိတ်တွေထွေပြားသွားအောင် အမျိုးမျိုးလာလိမ့်မယ်။ ဘယ်နေရာမှာတော့ ဘာကိုလုပ်လိုက်ပြီ။ ဘာကို လျှော့လိုက်ပါဦးတို့ ဘာတို့။ အဲဒီ ပြဿနာမျိုးတွေတော့ ရှိလိမ့်မယ်။ မနက်ဖြန်၊ ဘဘက်ခါပဲ ဘာဖြစ်တော့မှာလိုလို၊ အဲဒါတွေကို ကျွန်တော်တို့တစ်တွေ တောင့်ခံနိုင်ဖို့လိုတယ်။ ကျွန်တော်တို့တစ်တွေ မျက်ခြည်မပြတ်ဘူးဆိုရင် ရပြီ။
ဒီဘက်က တော်လှန်ရေးကို တာဝန်ယူနေကြတဲ့ အဖွဲ့အစည်းအသီးသီးက ဘာတွေလုပ်နေကြလဲဆိုတော့ တာဝန်အရှိဆုံးလူတွေဟာ ဗျူဟာနဲ့ပတ်သက်ရင် စစ်တုရင်ပွဲလိုပေါ့နော်၊ တစ်ဖက်ကရွှေ့မယ့် အကွက်ပေါင်းများစွာ အကုန်လုံးကို စဉ်းစားထားပြီးသား၊ အားလုံးကို ရင်ဆိုင်ရမယ့် အောင်နိုင်ရမယ့် ဗျူဟာတွေရှိပြီးသား။ ဒါကြောင့်မို့လို့၊ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်နဲ့တစ်ယောက် လက်ချိတ်ထားဖို့ပဲ လိုတယ်။ အားလုံး နေကောင်းအောင်နေကြပါ။ ဒီတော်လှန်ရေးမှာ ရရာတာဝန်ကို ရောက်ရာအရပ်က ကျေကြပါလို့ ပြောချင်ပါတယ်။ “အရေးတော်ပုံ အောင်နေပြီ”။