မေးမြန်းခန်း

“ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်” 

တပ်မတော်အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း ပြောကြားပြီး နောက်တစ်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြောလာသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ်အနိုင်ရပြီးနောက် တပ်မတော်က မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်နိုင်ခြေများရှိသည်ဟု တောက်လျှောက် ထုတ်ဖော်ပြောဆိုနေသည့်အပြင် နိုင်ငံရေးအကျပ်အတည်းအဖြစ် ရည်ညွှန်းပြောဆိုလျက် အာဏာသိမ်းတော့မယောင် စကားဦးသန်းလျက်ရှိသည်။ 

အဆိုပါအခြေအနေများနှင့် စပ်လျဉ်း၍ စစ်အာဏာရှင်ကို အကြမ်းမဖက်သည့် နည်းဖြင့် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ အန်တုခဲ့သူလည်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က Myanmar Now ကို ပြောကြားထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Myanmar Now။     ။ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့ ပြောလို့မရဘူးလို့ ခြိမ်းခြောက်သွားတာရှိပါတယ်။ ကိုမင်းကိုနိုင် ဘယ်လိုများရှုမြင်ပါသလဲ။

ဖြေ။ ။ ခြိမ်းခြောက်တာတွေကတော့ အခုမှဟုတ်ဘူးဗျာ။ ဒါကတော့ အားလုံးပြန်ကြည့်ရင်သိတာပဲ။ ခြိမ်းခြောက်မှုတွေ များစွာရင်ဆိုင်ခဲ့ရပါတယ်။ ပုံသဏ္ဌာန်မျိုးစုံပဲဗျ။ ဥပမာဆိုပါတော့ဗျာ ရွေးကောက်ပွဲနီးတုန်းက ဗုံးတွေခွဲပြတဲ့သူတွေ ခွဲပြခဲ့တာပဲလေဗျာ၊ ဒါ ခြိမ်းခြောက်ခံရတာပေါ့ဗျ။ ဒီကြားထဲကပဲ သတ္တိမွေးပြီးတော့ ကျွန်တော်တို့ မဲရုံသွားခဲ့ကြတာပဲ။ အဲဒီလိုပဲ ကူးစက်ရောဂါ ကပ်ရောဂါကြီး(ကိုဗစ်နိုင်တင်း)ကလည်း ခြိမ်းခြောက်တာပဲ၊ ဒါလဲ ကျွန်တော်တို့ မဲရုံရောက်အောင် သွားခဲ့ကြတာပဲ။ အဓိကကတော့ ရောက်အောင်သွားဖို့ပဲ။ ရောက်အောင်ပဲသွားရမှာပဲ။ ပုံသဏ္ဌာန်ဆိုတဲ့အရာတွေ ကျွန်တော်မပြောဘူး။ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုတော့ ကျွန်တော် သေသေချာချာစဉ်းစားနေတယ်။ 

တိုင်းပြည်မှာ အရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ မဲဆန္ဒပေးခဲ့တဲ့ပြည်သူတွေ ဒီလောက် အန္တရာယ်တွေကြားထဲက မဲရုံသွားခဲ့တဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လေးလေးစားစား လိုက်နာမှာလားဆိုတာ ဒါနံပါတ်တစ် အရေးအကြီးဆုံးပဲဗျ။ ကျွန်တော် အဲဒါကို မျက်ခြည်ပြတ်မခံစေချင်ဘူး။ အဲဒီလုပ်ငန်းစဉ် သုံးခုကို ပြီးပြတ်အောင်မြင်အောင် လုပ်စေချင်တယ်။

ဒီကနေ့မှာဖြစ်ပျက်နေတဲ့ အရာမှန်သမျှက အဲဒီလုပ်ငန်းစဉ်တွေကို ထိခိုက်စေချင်တာလား။ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ချင်တာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်၊ ကျန်တဲ့ကိစ္စတွေကို ပြောမယ်ဆိုတာလား။ ကျွန်တော် အဲဒါကို ရှင်းရှင်းလင်းလင်းလိုချင်တာဗျ။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လို့ ကျွန်တော်နားလည်တယ်။

Myanmar Now။      ။ ဇန်နဝါရီ ၂၇ မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိကြီးတွေကို အင်တာနက်ကနေ မိန့်ခွန်းပြောဆိုရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရေးကြီးတယ်၊ ဒါပေမဲ့ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်လိုက်လို့ရတယ် ဆိုတာမျိုးပါတယ်။ အားလုံးသိချင်တဲ့ကိစ္စကတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်ထူးခံတွေရထားတဲ့ ဒီအခြေအနေကို စွန့်စားပြီးတော့ ဖျက်နိုင်ခြေရှိမရှိ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ရှင်းတယ်လေ၊ ကမ္ဘာကြီးက ဘယ်လိုလက်ခံမလဲ၊ ပြည်သူတွေက ဘယ်လိုလက်ခံမလဲ၊ ဘယ်အရာကို လက်ခံမလဲပေါ့။ တရားဝင်ကိုယ်စားပြုမှု အပ်နှင်းခံထားရတဲ့သူတွေနဲ့ ဖွဲ့ထားတဲ့အစိုးရ ဒါတရားဝင်အစိုးရ၊ အဲဒီလိုမှမဟုတ်ဘဲနဲ့ လက်နက်ကိုင်ပြီး ကြေညာပြီးတော့ လက်နက်နဲ့ပဲ အာဏာယူပြီးတော့ အစိုးရကြေညာမယ်ဆိုရင်တော့ စစ်အာဏာရှင်အစိုးရပေါ့။ ဒါဘယ်လိုမှ တရားမဝင်ဘူး။ နောက်တစ်ခုက အဲဒီဟာနဲ့ ဘယ်လိုဆက်ပြီးတော့ လည်ပတ်မှာလဲပေါ့၊ တိုင်းပြည်က။ ခုနပြောတဲ့ အင်စတီကျူးရှင်းတွေ ဘယ်လောက်ပျက်စီးသွားမှာလဲ။ ဒါတော့ ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘက်ကြည့်ရင်တော့ အာဏာသိမ်းတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အဆန်းတကြယ်မဟုတ်ဘူးဗျ။ မကောင်းဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အဆန်းတကြယ်မဟုတ်ဘူး။

Myanmar Now။      ။ အာဏာသိမ်းပြီဆိုရင် လူအများအပြားကိုလည်း ဖမ်းဆီးမယ်၊ နှိပ်ကွပ်မယ် ဒါမျိုးတွေလည်း လုပ်လာနိုင်တယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဆိုးရွားနိုင်တယ်လို့ တွေးထားနိုင်မလဲ။

ဖြေ။ ။ အဲဒီလိုဆိုးရွားတဲ့အခြေအနေတွေကို မရောက်အောင် ကျွန်တော်တို့ ခုခံတားဆီးရမယ့်နည်းတွေ တစ်ခါတည်း စဉ်းစားထားရမယ်လို့ မြင်တယ်။ ဖြစ်နိုင်တာကတော့ အမျိုးမျိုးရှိနိုင်တာပေါ့၊ ကျွန်တော်တို့အတွက် တစ်ဦးချင်းအနေနဲ့တော့ ဘာမှဆန်းကြယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် မဖြစ်သင့်ဘူးဆိုတာကိုတော့ ဝတ္တရားလည်းရှိတယ်၊ ပြောလည်းပြောရမယ့်ကိစ္စဖြစ်နေတယ်။ အဲဒီတော့ တိုင်းပြည်က တကယ်ကို သုညက ပြန်စရမှာမို့၊ ဒါမှမဟုတ်ရင်လည်း အနုတ်လက္ခဏာကနေ ပြန်စရမှာမျိုးအထိတော့ ကျွန်တော်တို့ ခွင့်မပြုသင့်ဘူးလို့ နားလည်တယ်။ အဲဒါကို မဖြစ်အောင် တားဖို့ ဆွေးနွေးစေချင်တယ်။

ကျွန်တော်တို့ ပြည်သူတွေအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ တိတိကျကျပြောရရင် ရွေးကောက်ပွဲကို တန်ဖိုးထားစွာနဲ့ မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူအချင်းချင်း ဆွေးနွေးကြရမှာကို ကျွန်တော်ပြောတာပါ။ အဓိကကတော့ ပြည်သူလူထုက အပ်နှင်းလိုက်တဲ့ Mandate (လုပ်ပိုင်ခွင့်အာဏာ) ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကတော့ ရှင်းလင်းပြီး တိကျတဲ့ သတင်းစကားတော့ ပေးရလိမ့်မယ်ဗျ။ ဒါအရေးအကြီးဆုံးပဲလို့ ကျွန်တော်နားလည်တယ်။ အဲဒါ ပြည်သူတွေဆီ ရောက်ရမယ်ဗျာ။ ပြည်သူတွေက အဲဒီအတိုင်းညီရမယ်ဗျာ။ ဘာတွေရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲဆိုတာကို သိဖို့လိုတယ်ဗျ။ အဲဒီတော့ ခုနကပြောတဲ့ လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ အဲဒီအစိုးရက တရားဝင်အစိုးရအဖြစ်နဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်သုံးခု အဲဒီသုံးခုဖြစ်အောင်သာ ကျွန်တော်တို့ စုပေါင်းပြီးတော့ ခုခံနိုင်ရမယ်ဗျ။

Myanmar Now။      ။ အာဏာတွေသိမ်းခဲ့လို့ ခေတ်အဆက်ဆက်မှာ တိုင်းပြည်က ဘယ်လောက်ချွတ်ခြုံကျသွားလဲဆိုတာ အားလုံးသိပြီးသားပဲ။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို လူငယ်မျိုးဆက်သစ်တွေက ဒီအခြေအနေတွေကို လက်တွေ့မခံစားခဲ့ရဖူးဘူးဆိုတော့ စစ်အာဏာရှင်က လူတစ်ဦးတစ်ယောက်တည်းတင်မဟုတ်ဘဲ လူ့အဖွဲ့အစည်းကို ဘယ်လောက်ထိအောင် ရိုက်ခတ်နိုင်သလဲ လူငယ်တွေကို အနှစ်ချုပ်ပြီး ပြောပြလို့ရမလား။

ဖြေ။ ။ အမှန်ကတော့ ဒီအချိန်က အဲဒီလိုမျိုး နောက်ထပ်ဆိုးရွားမှုချောက်ကမ်းပါးထဲကို မကျအောင် ဘာလုပ်ကြမလဲဆိုတာကို ပြောရမယ့်အချိန်။ အဲဒီအန္တရာယ်ဘယ်လောက်ကြီးတယ်ဆိုတာ သရုပ်ဖော်ဖို့ အချိန်သိပ်မရှိဘူးထင်တယ်။ လိုရင်းတော့ပြောမယ်။ ဒီဟာက မျိုးဆက်အလိုက်ကို နိမ့်ပါးသွားမယ့် နမူနာမျိုး၊ ဥပမာမျိုး တကယ်ဖြစ်ခဲ့ပြီးပြီဗျာ၊ ကျွန်တော်တို့ရှေ့က မျိုးဆက်တစ်ဆက်၊ နှစ်ဆက်မကဘူးဗျာ၊ ဒီလောက်ကမ္ဘာမှာ လူရာမဝင်အောင် ခံစားခဲ့ရပြီးပြီဗျာ။ ကျွန်တော်တို့နောက်က မျိုးဆက်တွေလည်း ခံစားရတာပဲဗျာ။ ကျွန်တော်တို့ မျိုးဆက်တွေအသိဆုံးဗျာ။ 

Myanmar Now။     ။ လတ်တလောမှာ ပြည်သူတွေက ဇဝေဇဝါတွေဖြစ်နေကြတယ်၊ ကြောင့်ကြနေကြတယ်၊ သိမ်းမှာလား၊ မသိမ်းဘူးလား ဒါမျိုးတွေပေါ့။ ပြည်သူတွေကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖို့ ဘာများအကြံပေးချင်တာရှိလဲ။

ဖြေ။ ။ ပြည်သူလူထုရဲ့ဆန္ဒဆိုတာ အာဏာရှင်အဆက်ဆက်ထံမှာ သူတို့နဲ့ ရင်ဆိုင်ရတိုင်း လွယ်လွယ်နဲ့တော့ မရခဲ့ပါဘူး။ ဒါလေးကို ကျွန်တော်ပြန်ပြီးတော့ ကြည့်စေချင်ပါတယ်။ ဒါပေမယ့် လျှော့စရာလည်းမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ဇူလိုင်မှာ အရေးပေါ်ပါတီညီလာခံခေါ်တော့ ပြည်သူလူထုတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီကို ခွင့်ပြုမလား၊ မပြုဘူးလားဆိုပြီးတော့ ဆုံးဖြတ်ကြတုန်းက တပ်ရဲ့သဘောထားကို မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)က ညီလာခံမှာမေးတယ်ဗျာ၊ သူတို့ လုံးဝသဘောမတူဘူးဆိုတာ ပေးတယ်ဗျာ၊ ရှင်းတယ်ဗျာ၊ ငြင်းပြီပေါ့ဗျာ။ ငြင်းသော်ငြား ကျွန်တော်တို့ ပြည်သူလူထုက ကိုယ်လုပ်စရာရှိတာကို ဆက်ပြီးလုပ်ခဲ့တော့ ရက်ပိုင်းအတွင်းမှာပဲ လက်ခံပါပြီလို့ ပြောရတာပဲဗျ။ အာဏာသိမ်းတာတောင်မှ ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ပါ့မယ်ဆိုတဲ့ ကတိကြီးနဲ့ သိမ်းရတာ၊ ဆက်ပြီးတော့ ကတိတည်တာမတည်တာက တစ်ပိုင်းပေါ့။ ဖက်ဒရယ်ပြည်ထောင်စုလည်း ဒီလိုပဲ၊ ဖက်ဒရယ်ဆိုတဲ့ စကားလုံးပြောရင်ကို သေဒဏ်ပေးလို့ရတယ်ဆိုတဲ့ အနေအထားကနေ ဒီကနေ့ စကားရပ်အားဖြင့်တော့ လက်ခံလာပြီ။ ဒါနမူနာပဲ၊ ဘာမဆိုပါ၊ လွယ်လွယ်နဲ့ချောမွေ့မယ်လို့ ထင်လို့ ရွေးခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံလို့လျှောက်ခဲ့တဲ့လမ်းပါ။ ဒါကြောင့် ဒီကြားထဲမှာ လမ်းပေါ်မှာ ပဋိပက္ခဖြစ်နိုင်တာတွေ၊ ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်၊ ကိုယ့်ရဲ့ရပ်တည်ချက်ကို ငြိမ်းချမ်းစွာ လမ်းမထွက်ဘဲနဲ့ ဖော်ပြတဲ့နည်းတွေများစွာရှိပါတယ်။ အခုခေတ်မှာ နည်းပညာခေတ်ကြီးမှာ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ခုခံကြရလိမ့်မယ်။

Show More

Related Articles

Back to top button