မေးမြန်းခန်း

ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

၁၉၆၂မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကိုသိမ်းကာ စစ်အုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ထိုခုနှစ်တွင် ကိုပေါ်ဦးထွန်း(ခေါ်) ကိုမင်းကိုနိုင်အား မွေးဖွားခဲ့သည်။

ကိုမင်းကိုနိုင်သည် အသက်၂၄နှစ်အရွယ်တွင် ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်သည့် ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံတွင် ထင်ရှားသည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူ ဖြစ်သည်။

၁၉၈၈ စစ်တပ်ပြန်လည်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရသော ကိုမင်းကိုနိုင်သည် ယခုအခါတွင် အသက်၅၆နှစ် ရှိပြီဖြစ်ကာ၊ မြန်မာပြည်သူများကြားတွင် သူသည် သြဇာအရှိန်အဝါ ကြီးမားနေဆဲဖြစ်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်လည်းကောင်း၊ နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင်လည်းကောင်း သူ့တွင် မည်သည့်ပုဂ္ဂလိက ရည်မှန်းချက်များ မရှိကြောင်း၊ တိုင်းပြည်ကောင်းစားရေးကိုသာ မျှော်လင့်ခဲ့သူဖြစ်ကြောင်း သူကဆိုသည်။

အနှစ်၃၀တိုင်ခဲ့ပြီဖြစ်သော ရှစ်လေးလုံးအရေးတော်ပုံကြီးကျရောက်သည့် ယခုနှစ်တွင် ကိုမင်းကိုနိုင်အား သူ၏ နိုင်ငံရေးအတွေးအမြင်များကို သိရှိနိုင်ရန် Myanmar Now သတင်းအဖွဲ့က သူ့အား သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။

မေး။။ အသက်အရွယ်ငယ်ငယ်နဲ့ ၈၈အရေးတော်ပုံမှာ ဘယ်လိုရည်မှန်းချက်တွေနဲ့ ပါဝင်လှုပ်ရှားခဲ့တာလဲ။ ဒီရည်မှန်းချက်တွေဟာ ဘယ်လောက်အတိုင်းအတာ ပြည့်မီသွားပြီလဲ၊ အခုအချိန်မှာ ဘယ်ရောက်သွားပြီလဲပေါ့။

ဖြေ။။ကျွန်တော် ကျကျနန စဉ်းစားဖူးပါတယ်။ ဒီအလုပ်ကို ကျွန်တော်လုပ်ပြီးတော့ လုပ်လိုက်တဲ့အချိန်ကနည်းနည်း၊ ထောင်ထဲမှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးနေရတာက များများဖြစ်သွားတာကို။ သေချာတာက ကျွန်တော် ရှင်းအောင်ပြောနိုင်တယ်။ ကျွန်တော်ဟိုတုန်းကတည်းက ဘာမှမဖြစ်ချင်ဘူး။ ဒါဆိုရင် ဘာလို့ ဒီအလုပ်လုပ်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတော့ တိုင်းပြည်ကိုပဲ ဖြစ်စေချင်တာဗျ။ အဲဒါတော့ကွာလိမ့်မယ်။ အဲဒါကြောင့်မို့လည်း ကျွန်တော် ဒီနေ့အထိ ဘာမှမဖြစ်သေးတာကို ဘာမှဝမ်းလည်းမနည်းဘူး၊ ဘာမှမခံစားရဘူး။ ပုဂ္ဂလိကရည်မှန်းချက်တွေ မပါဘူးဗျ။ တစ်ခုပဲရှိတယ်၊ ဘာလည်းဆိုတော့‘ ကျွန်’ ဘဝကလွတ်ချင်တာဗျ။ စစ်ကျွန်ဘဝက လွတ်ချင်တာ။ ကျွန်တော်ပြောဖူးတယ်၊တိုင်းတစ်ပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်ကိုမှ မခံဘူးလို့လည်း ပြောဖူးတယ်။ စစ်ကျွန်ဘဝက လွတ်ချင်တယ်ဆိုရင် မင်းတို့က တိုင်းတစ်ပါးကျွန်ခံချင်တာလားလို့လည်း ပြောစရာရှိတာပေါ့ဗျာ။ ဘယ်ကျွန်ကိုမှ မခံချင်ဘူး။ ဆိုတော့ အဲဒါပဲပါလိမ့်မယ်။ တိုင်းပြည်ကိုကတော့ ဖြစ်စေချင်တာပေါ့ဗျာ။ ဓနအင်အားအရ၊ နည်းပညာအရ၊ စစ်အင်အားအရ ထိပ်ဆုံးမှာ ချက်ချင်းရောက်ဖို့မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ဗျာ ဂုဏ်သိက္ခာအရပေါ့လေ ၊ဒီတိုင်းပြည်ရဲ့နိုင်ငံသားတွေ ဂုဏ်သိက္ခာမြင့်ဖို့၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝဖို့ပေါ့၊ အဲဒါမျိုး ကျွန်တော်လိုချင်တယ် ဒါကြောင့်လည်းကျွန်တော်လုပ်တာပေါ့။ အဲဒီတော့ အချည်းနှီးဖြစ်ခဲ့တယ်လို့ ကိုယ့်ဘဝကိုယ် အနုတ်လက္ခဏာဖြစ်ခဲ့တယ်လို့ တစ်ခါမှကျွန်တော်မခံစားရဘူး။

မေး။။တိုင်းပြည်ရဲ့အခြေအနေကရော လမ်းစပေါ် ရောက်နေပြီလား။

ဖြေ။။ကျွန်တော်ကတော့ ဟိုတုန်းကထက်စာရင်တော့ သာလာတယ်လို့ပဲ ပြောချင်တယ်။ တစ်ခုရှိတယ် အဲဒီအခွင့်အရေးကို တလွဲသုံးတဲ့သူတွေတောင် တော်တော်ပေါ်နေတယ်ပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့အဖွဲ့အစည်းတွေ ဖွဲ့လို့စည်းလို့ ရလာကြတယ်။ နောက်ပြီးတော့ အဲဒီအတွက်လှုပ်ရှားမှုတွေ လုပ်လို့ရလာကြတယ်။ ကိုယ်ယုံကြည်တဲ့ အကြောင်းအရာတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးလို့ရတယ်။ ငြင်းကြ၊ ခုံကြလို့ ရလာတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲကိုလည်း ကျွန်တော်တို့ကိုယ်တိုင်ရွေးလိုက်တဲ့သူတွေ ၇၅ရာခိုင်နှုန်းလောက် ရောက်တယ်။ ဒါက ဥပဒေပြုအာဏာ။ အုပ်ချုပ်ရေးအာဏာမှာလည်း အချို့သောဝန်ကြီးဌာနတွေ ကျွန်တော်တို့ရတယ်။ သမ္မတက ကျွန်တော်တို့ရွေးထားတာ ဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်ရတာမရတာကို ဆက်ပြောပါ ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ အရပ်သားသမ္မတကို ဦးစီးချုပ်ကအစ အလေးပြုရတဲ့ ခေတ်မျိုးရောက်လာတာပဲ။ ဒါပေမဲ့အနှစ်သာရကို ငြင်းခုံလို့ရပါတယ်။ ခုနကပြောတဲ့ အရပ်သားအစိုးရ၊ အရပ်သားလွှတ်တော်က ဘယ်လောက်လုပ်နိုင်ကိုင်နိုင်ခွင့်ရလည်းဆိုတာတွေကိုလည်း မေးစရာရှိပါတယ်။ အရင်ကထက်စာရင်တော့ ရာခိုင်နှုန်းတွေ များစွာရလာတယ်လို့ ကျွန်တော်က နားလည်ထားတယ်လေ။ ဆက်သွားမယ့်ကိစ္စကလည်း ဒါကို ပြည့်ဝသွားအောင် သွားရမှာပဲ။ တစ်ခုတော့ရှိတယ် ပြောရင်းဆိုရင်းနဲ့ အရင်ကမစဉ်းစားမိတဲ့အကြောင်းအရာတွေလည်း ကျွန်တော်တို့ဆီမှာ ပါလာတာပဲ။ အဲဒါဘာလည်းဆိုတော့ ဒီမိုကရေစီအရေးကို ပြောလို့ရနေပြီးတော့ အမျိုးသားရေးဝါဒီနေရှင်နယ်လစ်ဇင်လို့ခေါ်တဲ့လူတွေလည်း သိပ်ပြီးတော့ အသံတွေ ထွက်လာတယ်။ အဲဒီလိုပဲ လူမျိုးစုတိုင်းရင်းသားတွေဆီကလည်း အသံတွေ ပိုပြီးတော့ကျယ်လာတယ်။ အဲဒီကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုမှုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ကျွန်တော်တို့ ပိုကျယ်ပြန့်တဲ့တာဝန်တွေ၊ ပိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေအတွက် ရင်မောရတာတွေ ရှိမယ်။ ဒါပေမယ့် ဒါတွေအားလုံးက သဘာဝကျကျ ဖြစ်လာတာ။ အချိန်တန်တဲ့အခါကျတော့ သီးလာပွင့်လာတာတွေဖြစ်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ နှလုံးသွင်းတယ်။

မေး။။လက်ရှိတိုင်းပြည်မှာ မတရားမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ပြည်သူတွေကို ဦးဆောင်ပြီး အရေးဆိုပေးမယ့် ‘နိုင်ငံရေးခေါင်းဆောင်မှုမဲ့သွားပြီ’ ဆိုတဲ့သူတွေကို ဘာပြောချင်လဲ။

ဖြေ။။တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်တာတွေ မတူကြတာဗျ။ အဲဒီခေါင်းဆောင်မှုဆိုတဲ့နေရာမှာပေါ့ ခင်ဗျားနားလည်ထားတဲ့ အဓိပ္ပာယ်တွေနဲ့ ကျွန်တော်လက်ခံထားတာတွေနဲ့ တူတာရှိတယ်၊ မတူတာတွေရှိတယ်။ ခေါင်းဆိုမှုဆိုတဲ့နေရာမှာ ကျွန်တော်က ခေါင်းဆောင်နဲ့မတူဘူးလေ။ ခေါင်းဆောင်Leaderနဲ့ ခေါင်းဆောင်မှုLeadership ဆိုတာ ကွာချင်တိုင်းကွာတာကို။ ကျွန်တော်ကတော့ စုပေါင်းခေါင်းဆောင်မှုကို ပိုလိုချင်တဲ့သူ။ သတိထားကြည့်ပါ။ ရှစ်လေးလုံးဆင်နွှဲခဲ့တဲ့သူတွေက စုပေါင်းခေါင်းဆောင်မှုနဲ့ သွားခဲ့တာဗျ။ အဲဒီအထဲကမှ ကိုယ်စီကိုယ်စီအပြောအဆိုပေါ်မှာ မူတည်ပြီးတော့၊ မိန့်ခွန်းပေါ်မှာ မူတည်ပြီးတော့ လုပ်ရပ်တစ်ခုချင်းစီပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ဟာကိုသတ်မှတ်ပေးထားတဲ့အနေအထားတွေ ရှိလိမ့်မယ်ပေါ့ဗျာ။ ကျွန်တော်ဖြစ်စေချင်တာ၊ နားလည်တာ၊ ယုံကြည်တာက စုပေါင်းတာဝန်ခံပြီး စုပေါင်းခေါင်းဆောင်တဲ့စနစ်ကို သွားချင်တာဗျ။

မေး။။ထစ်ခနဲ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ မင်းကိုနိုင်တို့ ဘာမှမလုပ်ကြဘူးလား။ မင်းကိုနိုင် ဘယ်ရောက်နေလဲလို့ မေးခွန်းထုတ်တဲ့သူတွေကို ဘယ်လိုပြောချင်လဲ။

ဖြေ။။ဒီလောကကြီးတည်နေသရွေ့ မတရားမှုတွေက ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေမှာပဲလေ။လူ့ရဲ့စိတ်ဆိုးစိတ်ညစ်တွေကို ဦးစားပေးလိုက်တဲ့အခါမှာ ရှိလာတာပဲ။ အဲဒါကိုပုံသဏ္ဌာန်မျိုးစုံနဲ့ ဖြေရှင်းကြရတာပဲ။ အဲဒီတော့လူတွေက ဘာကိုလိုချင်တာလဲ။ တိမ်ကြားထဲကနေပြီးတော့ မြင်းပျံကြီးစီးလာတဲ့ လူစွမ်းကောင်းလိုမျိုးတော့ အဲဒါက ဘယ်ခေတ်မှာမှ ရမှာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ရုန်းကန်ကြရမယ်၊ ကိုယ့်ပြဿနာကိုယ် ရှင်းကြရမယ်။ အဲဒီတော့ ကာလတစ်ခုအတွင်းမှာတော့ အဲဒီစနစ်အကူးအပြောင်းကို တာဝန်ခံခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင် လုပ်ပြလိမ့်မယ်။ လုပ်ပြပြီးသွားတဲ့အခါမှာ အဲဒါကိုအတုယူပြီးတော့ နောက်က မတရားသဖြင့်ရင်ဆိုင်ရတဲ့သူတွေက သူတို့ကိုယ်တိုင် လုပ်ယူကြရပါတယ်။ အဲဒီတော့ ပထမဆုံးက နမူနာလုပ်ပြတဲ့ခေတ် ရှိမယ်။ အလယ်မှာက တွဲပြီးတော့ သင်ကြရတဲ့ခေတ် ရှိမယ်။ အဲဒီတော့ သင်တယ်ဆိုတဲ့စကားလုံးကို သုံးရမှာ ကျွန်တော်က အင်မတန် ဝန်လေးတယ်။ သင်တယ်ဆိုတာ သင်ပေးတဲ့သူက သိလို့တတ်လို့ဆိုတဲ့ အဓိပ္ပာယ်တောင် ရောက်သေးတယ်။ အတန်အသင့်လေ့လာထားတဲ့အတိုင်း ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရတဲ့ကိစ္စတွေ ရှိတယ်။ မတရားမှုပေါ့ဗျာ။ ခင်ဗျားမတရားမှုမှန်း သိတယ်။ ခံလည်းမခံချင်ဘူး။ အသားတဆတ်ဆတ်တုန်နေတယ်။ ပြန်ပြောတဲ့အခါကျရင် ခင်ဗျားအမှားကြီးပဲဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ။ ဖြစ်မှာပေါ့ဗျ၊ တစ်ဖက်က ဥပဒေအရည်ကျိုသောက်ထားတဲ့သူတွေ။ သူတို့တစ်သက်လုံး ဒါနဲ့လုပ်စားလာတဲ့သူတွေ၊ ဌာနဆိုင်ရာတွေက သူတို့မှာ အမြဲတမ်း နိုင်ကွက်ရှိတယ်။ ဝတ္တရားနှောင့်ယှက်မှုဆိုတဲ့ ထောင်ချောက်ထဲကို ဝင်သွားရင် ကျွန်တော်တို့ပြည်သူတွေ ကားခနဲကျတာပဲ။ အဲဒီတော့ အဲဒီဟာတွေအတွက် ဘယ်လိုရင်ဆိုင်ရတယ်။ တရားရုံးမှာ မျက်နှာဘယ်လိုမူရမယ်။ ရဲနဲ့တွေ့ရင် စည်းမကျော်ဘဲ ဘယ်လို ပြောနိုင်ရမယ်ဆိုတာမျိုးပေါ့။ အဲဒါတွေကို နှစ်တော်တော်ကြာကြာ ဝိုင်းပြီးတော့ ကျွန်တော်တို့ လေ့ကျင့်ပေးခဲ့ပြီးပြီ။ နောက်ဆုံးကျတော့ တချို့သောပုဂ္ဂိုလ်တွေက အဲဒီအတိုင်းဆက်ပြီးတော့ ခုခံပြီးတော့ လိုအပ်ရင်တိုက်ပွဲဝင်သွားကြရင်းနဲ့ အကြောင်းအရာတစ်ခုမှာ တာဝန်ခံနိုင်တဲ့သူတွေ ဖြစ်ကုန်ကြတယ်။ အဲဒီလိုလူတွေက တစ်ချိန်က ရင်ဆိုင်ခဲ့တဲ့သူတွေကို ဆဲဆိုကြိမ်းမောင်းမနေဘူးဗျ။ သူတာဝန်ယူတတ်သွားပြီပေါ့နော်။ သူကတစ်ခါ ထပ်ပြီးတော့ နောက်ထပ်ကိုယ်ပွားတွေ မွေးထုတ်သွားနိုင်ပြီ။ လိုချင်တာက အဲဒါမျိုးကိုလိုချင်တာ။ အဲဒီလိုမျိုးမဖြစ်နိုင်ဘဲနဲ့ အကြောင်းအရာတိုင်းကိစ္စပေါ်တိုင်း မိုးပေါ်ကနေပြီးတော့ ကြွလာရမယ်ဆိုတဲ့ မျှော်မှန်းမှုမျိုးကျတော့ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုမှလည်း ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။ စနစ်အပြောင်းအလဲကို ကျွန်တော်ကသွားတာကို။ ကိစ္စရှိလို့ ဟီးရိုးဝင်လုပ်ချင်တာတော့မရှိဘူး။

မေး။။၈၈မျိုးဆက်အင်အားစုဆိုတဲ့အခြေအနေ၊ ခေါင်းဆောင်မှု ဘယ်ရောက်သွားပြီလဲဆိုတာကို ပြောပေးပါ။

ဖြေ။။ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်ပုဂ္ဂိုလ်မဆို မမြဲတဲ့တရားအောက်မှာပဲ ရှိတယ်။ တစ်ချိန်တုန်းက အင်မတန်ကြွေးကြော်ခဲ့တဲ့ ဖဆပလလို အဖွဲ့အစည်းကြီးတောင်မှ ဘယ်လောက်ကြာခဲ့လို့လဲဗျာ။ တို့ဗမာအစည်းအရုံး ဒီကနေ့ရောရှိသေးလို့လား။ ဘာကမြဲသလဲ။ အဲဒီလိုပြောလို့ ကျွန်တော် တရားတွေသိပ်ရနေပြီလို့ ပြောချင်တာမဟုတ်ဘူး။ အဲဒီအဖွဲ့အစည်းဘယ်ရောက်သွားလဲဆိုတာ ပြဿနာမရှိဘူး။ တိုင်းပြည်ဘာဖြစ်လာသလဲဆိုတာပဲ ကျွန်တော်က အာရုံစိုက်တယ်။ တိုင်းပြည် အရင်ကထက်မြင့်လာသလား။ လူတွေရဲ့ဂုဏ်သိက္ခာအရ ကမ္ဘာကြီးက တန်ဖိုးထားတဲ့တိုင်းပြည် ပိုပြီးဖြစ်လာသလား၊ မဖြစ်လာဘူးလား။ အဲဒီနိုင်ငံသားတွေရဲ့ကိုယ်ကျင့်တရားတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ၊ ကမ္ဘာကြီးနဲ့ ဘယ်လောက်ဝင်ဆံ့လာသလဲ။ ပြောချင်တာကတော့ အဲဒီနိုင်ငံရဲ့ပုံရိပ်ဟာ ကမ္ဘာကြီးမှာ တက်လာသလား၊ ကျလာသလား ဒါပဲစိတ်ဝင်စားတယ်။ ကျွန်တော်တို့အဖွဲ့ အစည်းတွေအပါအဝင် ကျန်တဲ့ဘယ်အဖွဲ့အစည်းတွေ ခေါင်းစဉ်တွေ ပျောက်သွားတာတို့၊ မှိန်သွားတာတို့၊ ဆေးအသစ်ပြန်သုတ်တာတို့ အဲဒါကို ကျွန်တော်က လုံးဝ စိတ်မဝင်စားဘူးဗျ။ ဒါကြောင့်လည်း ကျွန်တော်တို့က တိုင်းပြည်ကိုပဲ ဖြစ်စေချင်တာ၊ နိုင်ငံသားတွေနဲ့ ဟောဒီကမ္ဘာကြီးကိုပဲ ဖြစ်စေချင်တာ။ ကိုယ်ဆိုတဲ့ဒီရုပ်ခန္ဓာနဲ့ ဆိုင်းဘုတ်တွေဆိုတာဟာ ပြောင်းနေကြမှာ။ ရေကူးပြီးရင် ဖောင်ကို ထားခဲ့ရတာပဲ။ ကုန်းပေါ်မှာ အဲဒါကြီးထမ်းပြီး ဘယ်သူမှ ဆက်မသွားဘူး။ အဲဒီလိုပဲပေါ့ အဖွဲ့အစည်းဆိုတဲ့ဆိုင်းဘုတ်တွေ နာမည်တွေဆိုတာက မမြဲဘူး။ တိုင်းပြည်အခြေအနေကိုပဲကြည့်၊ လူတွေက နိုင်တာကိုပဲ နိုင်သလိုထမ်းခဲ့ကြတယ်။

မေး။။၈၈၈၈အရေးတော်ပုံကြီးနောက်ပိုင်းမှာ တိုင်းပြည်ကို တံခါးဖွင့်လိုက်တော့ စစ်အာဏာရှင်ဒဏ်ကော၊ ယခင်တံခါးပိတ်ခေတ်က ပေါပေါများများရခဲ့တဲ့ အစားအသောက်တွေ၊ ရေတွေ၊ မြေတွေ သယံဇာတာတွေကို လက်ဝါးကြီးအုပ်ခံရတဲ့ဒဏ်ကော လူတွေ ပိုခံလာရတယ်ဆိုပြီး ပြန်သုံးသပ်တာတွေ ရှိတယ်။ လူ့အဖွဲ့အစည်းတန်ဖိုးတွေ အဲ့ဒီဘက်ခေတ်က ပိုသာတယ်ဆိုပြီးတော့ပေါ့။ ဆိုတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မှားတယ်ဆိုပြီး ဒွိဟဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဒါကိုဘယ်လိုမြင်လဲ။

ဖြေ။။ကျွန်တော်တို့လုပ်ခဲ့တဲ့အပေါ်မှာ မှားတယ်လို့ပဲပြောပလေ့စေ ဘာမှမဖြစ်ဘူး။ ဒါကို စိတ်ဆိုးမှာမဟုတ်ဘူး။ တကယ်ရိုးရိုးသားသား ယုံကြည်တဲ့သူတွေလည်းရှိတာကိုဗျ။ ဒါပေမယ့် နံပါတ်တစ်ပြန်မေးချင်တာက အဲဒီတုန်းက မြန်မာပြည်ဟာ ဆိုရှယ်လစ်အစစ် ဟုတ်ရဲ့လားဆိုတာကို ပြန်မေးချင်တယ်။ အရှေ့ဥရောပမှာရှိတဲ့ ဆိုရှယ်လစ်နိုင်ငံတွေဟာ သူ့နည်းသူ့ဟန်နဲ့တော့ ခေတ်တစ်ခုကို လှမ်းနိုင်ကြတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာပဲ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတဲ့ အတုမျိုးကိုပဲ ကျွန်တော်တို့ ဆန့်ကျင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့မှားတယ်၊ မှန်တယ်ဆိုတာကို ပညာရှင်တွေ သုံးသပ်ပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီးကို လက်ခံပါတယ်။ အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုနှစ်မျိုးကို တွန်းလှန်တယ်လို့ ကျွန်တော်က ပြောခဲ့တယ်ပေါ့နော်။ အဲဒီခေတ်မှာ အခွင့်ထူးခံမှု မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သာမန် ကျွန်တော်တို့ပြည်သူတွေ နံရိုးကျပ်အောင် ငစိန်ဆန်တစ်ပြည်ရအောင် တိုးနေရတဲ့အချိန်မှာ မေတ္တာမွန်တို့၊ ပဒုမ္မာတို့ကနေ လူသုံးကုန်တွေ အလကားနီးပါးနဲ့ကို အလျှံအပယ် ရနေတဲ့သူတွေရှိတယ်။ အဲဒီခေတ်က ဓာတ်ဘူးတစ်လုံးရတယ်ဆိုတာ ထီပေါက်တာထက် ပျော်တယ်လေ။ ဖလန်နယ်အနွေးထည်တစ်ထည်လောက် ပိတ်စတစ်စလောက် ရတယ်ဆိုရင် သူတို့ကတစ်ရက်လုံးမှာ ကံအကောင်းဆုံးလေ။ အဲဒီအချိန်မှာ မေတ္တာမွန်၊ ပဒုမ္မာတို့မှာ နိုင်ငံခြားဖြစ်ပစ္စည်းတွေ၊ မှောင်ခိုကဖမ်းထားတယ်ဆိုတဲ့ဟာတွေကို သူတို့ အလကားနီးပါး ရတယ်။ ဒါအခွင့်ထူးခံမဟုတ်လို့ ဘာလဲ။ ဒါ နမူနာပဲပြောသေးတာ ဒီထက်ပိုတဲ့အခွင့်ထူးခံမှုတွေ ရှိသေးတယ်။ နောက်တစ်ခါ ဖိနှိပ်ချုပ်ချယ်မှု၊ အဲဒီခေတ်က အကြောက်တရားကြီးပုံများတော့ နိုင်ငံရေးလို့ပြောဖို့ကိုတောင် ဝန်လေးတယ်။ ဆိုတော့ ကျွန်တော်တို့ ပြောင်းလဲလာတာက အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုနှစ်ခုကို တွန်းလှန်ကြရတာကို။ အဲဒီတော့ ဆိုရှယ်လစ်ကို ကျွန်တော်တို့ကတိုက်တာလည်း မဟုတ်ဘူးဗျ။ ဆိုရှယ်လစ်အစစ်လုပ်ခဲ့ရင် ဘယ်ပုံဘယ်နည်းဖြစ်မယ်ဆိုတာကတော့ ပြောရခက်သွားလိမ့်မယ်။ အဓိကကတော့ အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတို့ကို တွန်းလှန်တာဖြစ်လို့ ဆိုင်းဘုတ်တွေဘာတွေကိုတော့ ငြင်းခုံစရာ မရှိတော့ဘူးပေါ့။ အဲဒီကနေပြီးတော့ ဖြစ်လာတဲ့ခေတ်ကြီးမှာ လူတွေ မလုံခြုံမှုတွေ ဖြစ်လာတာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲလာတာ ရှိတယ်။ အရပ်ထဲမှာ ဘယ်သူဘယ်ဝါမှန်း မသိရဘဲနဲ့ အပြန်အလှန်စောင့်ရှောက်မှုတွေ ကင်းမဲ့သွားတာ ရှိတယ်။ လွမ်းမောစရာကောင်းတဲ့လူနေမှုစနစ်တွေ ပျက်စီးသွားတာပေါ့။ အဲဒါကတော့ ကျွန်တော်တို့လုပ်ခဲ့တာ မှားလို့တော့မဟုတ်ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလိပ်ခေတ်က သူ့ထက်ပိုပြီး တည်ငြိမ်ခဲ့တယ်။ ပိုပြီးတော့ ဘုရားသွားကျောင်းတက်တွေ ရှိခဲ့တယ်။ ဆွမ်းအုပ်နီနီ အမေရွက်ပြီးတော့ သွားကြတာပဲ။ ဂျပန်ခေတ်က မုဒုံမြို့မှာ ဖမ်းမိတဲ့ဓားပြတွေကို အားလုံးရှေ့မှာ ဖမ်းပြီးတော့ ကွက်မျက်ပြလိုက်တာ ညဘက်ဆိုရင် တံခါးဖွင့်ပြီး အိပ်လို့ရတဲ့ ခေတ်ကြီးတစ်ခေတ်လုံးဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂျပန်ခေတ်ကို လက်ခံနေတာလားဆိုတော့ မဟုတ်ဘူး။ အင်္ဂလိပ်ခေတ်ကလည်း ကျွန်တော်တို့နယ်ချဲ့စနစ်ကို တွန်းလှန်ခဲ့ကြတာပဲ။ နယ်ချဲ့ကို တွန်းလှန်လိုက်လို့ ဖက်စစ်ကို တော်လှန်လိုက်လို့ ပြည်တွင်းသူပုန်ကြီး ရှိပါတယ်ကွာ မင်းတို့မှားပါပြီဆိုရင် ဒီတိုင်းပြည်ကြီးက ချာလပတ်လည်နေမှာပဲဗျ။ အဲဒီတော့ လူမှုဘဝတွေက ခေခေတ်အဆက်လိုက် တန်ဖိုးတွေ ပြောင်းသွားတာတော့ အမှန်ပဲ။ ဒါက မဆလဆိုတဲ့ တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်ခဲ့လို့ဖြစ်တဲ့ အကျိုးဆက်တော့ မဟုတ်ဘူးဗျ။ ဖူးပွင့်ဝေဆာနေတဲ့ မတူကွဲပြားမှုတွေရဲ့အရသာကို ကြာလာတဲ့အခါမှာတော့ ကျွန်တော်တို့ ကျင့်သားရလာမယ်လို့ ယုံကြည်တယ်။ မတူညီတဲ့ယဉ်ကျေးမှုတွေ မတူညီတဲ့အယူအဆတွေနဲ့ ကိုယ့်အယူအဆနဲ့ကိုယ်ဝတ်ဆင်၊ စားသောက်ပြီးတော့ နေကြရတာပဲ။ အဲဒီတော့ သေတော့သေချာတယ် ဟိုတုန်းကလို အားလုံးဆင်တူအနေနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ နောက်ပြီးတော့ အပြန်အလှန်စောင့်ရှောက်နိုင်တဲ့ခေတ်ကြီး ပျောက်သွားတယ်ဆိုတာ ကျွန်တော်လည်း စိတ်မကောင်းဘူး။ ဒါပေမယ့် အဲဒါသည် ရှစ်လေးလုံးအရေးတော်ပုံကြောင့်တော့ မဟုတ်ဘူးဗျ။ ကမ္ဘာကြီးတစ်ခုလုံးကိုက ပြောင်းလာတဲ့နည်းပညာတွေအရ ရုပ်ဝတ္ထုပိုင်းတွေ တိုးတက်လာတဲ့နောက်မှာ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်နေကြတာတွေ မရှိတော့ဘူး။ ဧည့်ခန်းထဲမှာ တစ်ယောက်တစ်ထောင့်စီ ထိုင်ပြီးတော့ ဖေ့စ်ဘွတ်ထဲမှာ တစ်ယောက်တစ်ကမ္ဘာစီ ဖြစ်နေကြတာ။ တစ်ယောက်နဲ့တစ်ယောက် နေကောင်းလား၊ ထမင်းစားကောင်းလားလည်း မပြောနိုင်ကြတော့ဘူး။ ဒါကနည်းပညာနဲ့ ခေတ်ရဲ့တိုးတက်မှုကနေပြီးတော့ လူ့ဘဝကြီးကို အတင်းအကျပ် ပြောင်းလဲတာဗျ။ အဲဒါကို ကျွန်တော်တို့က ခုခံတဲ့နေရာမှာ ဆိုရှယ်လစ်နဲ့မှလည်း မဟုတ်ဘူး။ ကွန်မြူနစ်နဲ့မှလည်း မဟုတ်ဘူး။ လူတွေရဲ့စိတ်နေသဘာဝနဲ့ပဲ ဒါတွေကို ခုခံသင့်ခုခံရမယ်။ အလိုက်သင့် နေသင့်ရင်နေရမယ်။ တက်စီးသင့်ရင် စီးရမယ်။ ကျွန်တော် အဲဒီလိုနားလည်တယ်။

မေး။။ နောက်လာမယ့်နှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ချင်လဲ၊ တိုင်းပြည်ကို ဘယ်လိုမြင်ချင်လဲ။

ဖြေ။။အဆိပ်အတောက်ကင်းတဲ့သူတော့ ဖြစ်ချင်တာပေါ့ဗျာ။ ဒီထက်ပိုပြီးလင်းနိုင်တဲ့သူဖြစ်ရင်လည်း ကောင်းတာပေါ့။ ကိုယ့်နိုင်ငံအတွက်တင် စဉ်းစားတာ မဟုတ်တော့ဘူးဗျ။ ကျွန်တော် ကမ္ဘာကြီးနဲ့လည်း ဆက်စပ်ပြီး စဉ်းစားတယ်။ အဲဒီတုန်းကတော့ ကမ္ဘာလို့လည်း မသုံးဘူး၊ နိုင်ငံလို့လည်း မသုံးဘူး လောကလို့ ကျွန်တော်တို့ သုံးခဲ့တာ။ ဘာလို့လည်းဆိုတော့ အနုပညာသမားဟာ မြင့်မြင့်တက်ပြီးကြည့်ရင် သူ မိုးကုပ်စက်ဝိုင်းကျော်အောင် ကြည့်တော့တယ်လေ။ အဲဒါက နယ်နိမိတ်အပိုင်းအခြားတွေကို သူတတ်နိုင်သမျှ ကျော်တာပေါ့။ ကျွန်တော်ကတော့ လောကသဘောကိုပဲ စဉ်းစားတယ်။ ကိုယ်လုပ်နိုင်တာတချို့က ဧရိယာနယ်နိမိတ် အကန့်အသတ်ရှိတယ်၊ တချို့ဟာတွေက မရှိဘူး။ ပန်းချီကားတစ်ချပ်က လူမျိုးမရွေး၊ ဘာသာမရွေး ခံစားလို့ရတယ်။ အဲဒီတော့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က သူ့နိုင်ငံ သူ့တိုင်းပြည်ကောင်းအောင် လုပ်လိမ့်မယ်။ ဒါလည်း ကျွန်တော်တို့ လေးစားရမှာပဲ။ ဒီထက်ပိုပြီးအားကောင်းလာရင် ကမ္ဘာကြီးကလေးစားရတဲ့ ခေါင်းဆောင်သူ ဖြစ်လာရမှာပဲဗျ။ သူတွေးတာကြံတာတွေကလည်း ကမ္ဘာကြီးကို သက်ရောက်တာ။ ကမ္ဘာနားမှာ ဂြိုဟ်ရှိလို့ သူတို့ ဒီဘာသာစကားကို နားလည်ရင် သူတို့ကိုလည်း သက်ရောက်ဦးမှာပဲ။ လူဟာ လုပ်နိုင်တဲ့စွမ်းရည် အားကောင်းလာတာနဲ့အမျှ သူ့ရဲ့သက်ရောက်မှုနယ်နိမိတ်ကလည်း ကျယ်ပြန့်လာတာပဲ။ အဲဒါကြောင့်မို့ ဘောင်တွေကို ကျော်ပြီးတော့ တွေးချင်တာ။။

Show More

Related Articles

Back to top button