ဩဂုတ် ၆ ရက်နေ့က ရန်ကုန်မြို့ လူစည်ကားရာ လမ်းမကြီးတစ်ခုတွင် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် အသက် ၂၀ ဝန်းကျင် လူငယ်များ ရုတ်တရက် ထွက်ပေါ်လာသည်။
ရှေ့ဆုံးက ဦးဆောင် ထွက်လာသည့် လူငယ် ၂ ဦးက ၎င်းတို့ အဆင်သင့်ယူလာသည့် အနီရောင်ပိတ်စရှည်ကို ဆွဲဖြန့်လိုက်သည်နှင့် ၎င်းတို့နောက်တွင် လူငယ် ၁၅ ဦးခန့်က အသင့်နေရာယူလိုက်သည်။
ပိတ်စအနီရောင်ပေါ်တွင် အဖြူရောင်စာလုံးဖြင့် ရေးသားထားသည့် “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဟူသည့် စာတန်း ရှိနေသည်၊ “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” “သပိတ် သပိတ် မှောက် မှောက်” ဟု ၎င်းတို့ ကြွေးကြော်အော်ဟစ်လိုက်ကြသည်။
ထိုလှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ – General Strike Committee (GSC) တို့ ပူးပေါင်းပြုလုပ်သည့် ၃၆ နှစ်မြောက် ၈ လေးလုံး ပြည့်သူ့ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ် စစ်အာဏာရှင်စနစ်နှင့် စစ်သုံးစစ်အမြစ်ဖြတ်ရေး လှုပ်ရှားမှုဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဆန္ဒပြပွဲများကို လျှပ်တစ်ပြက်သာ ပြုလုပ်ကြသည်၊ ဆန္ဒပြပြီးပါက ထိုနေရာမှ လူစုခွဲပြီး အမြန်ဆုံးထွက်ခွာကြသည့်နည်းဖြင့် ပစ်ခတ်ဖမ်းဆီးမည့်သူတို့၏ရန်ကို ရှောင်ရှားရသည်ဟု ထိုဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မခင်နီက ပြောသည်။
“ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးတိုက်ပွဲ၊ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ တည်ဆောက်ထားတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်ရမယ့် ကျန်ရှိနေသေးတဲ့ တိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် လှုံ့ဆော်ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်ကျောင်းသားများ ဖမ်းဆီးခံခဲ့ရသည်၊ ထို့ကြောင့် မြေအောက်လှုပ်ရှားမှု အသွင်သဏ္ဌာန်ဖြင့် ဗကသအလံကို ဆက်လက်သယ်ဆောင်ခြင်း ဖြစ်သည်၊ မြေအောက်လှုပ်ရှားမှု လုံခြုံရေးစည်းများကို စောင့်ထိန်းနိုင်မှသာ ဆက်လက်ချီတက်နိုင်ပြီး “နွေဦးတော်လှန်ရေး” အောင်မြင်မည်ဟု သူက ပြောသည်။
“ကျွန်မတို့ကတော့ ဒီတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲတဲ့အခါမှာ အဓိကကတော့ ယုံကြည်ချက်ပေါ့၊ ကျွန်မတို့ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးဆိုတဲ့ ယုံကြည်ပြီးတော့ ဆင်နွှဲကြတယ်။ ဘယ်လိုအခြေအနေမျိုးတွေဖြစ်လာပါစေ၊ ဒီစစ်အာဏာရှင်စနစ်၊ စစ်သုံးစစ် အမြစ်ဖြတ်ပြုတ် မကျမချင်း ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု မခင်နီက ပြောသည်။
၂၀၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးနောက်တွင် သမိုင်းဝင် လူထုအရေးတော်ပုံတစ်ခုဖြစ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားများကို ပေါ်ပေါ်တင်တင်မကျင်းပနိုင်ခဲ့သည်မှာ ၄ နှစ် ကြာလာပြီဖြစ်သည်။
ထိုသို့ ပေါ်ပေါ်တင်တင်ကျင်းပခွင့်မရရှိသော်လည်း ဒေသတချို့တွင် နှစ်ပတ်လည်အစီအစဉ်များကို ပုံစံအမျိုးမျိုးနှင့် နှစ်စဉ်ကျင်းပကြသည်။
နယ်စပ်မြို့က ရှစ်လေးလုံးအခမ်းအနား
ရှစ်လေးလုံး လူထုအရေးတော်ပုံအခမ်းအနား မမေ့မလျော့ ကျင်းပလေ့ရှိသူများတွင် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
စစ်အာဏာသိမ်းသည့် မနက်တွင် ကိုမင်းသွေးသစ်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီ ၂၄ တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးသည်။
ထိုသို့ လွတ်မြောက်လာပြီးနောက် တိုင်းရင်းသားလွတ်မြောက်နယ်မြေတစ်ခုတွင် ၁ နှစ်ကျော် နေထိုင်ခဲ့သည်။ ယခုအခါတွင် သူက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြောင်းရွှေ့နေထိုင်ပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ စားဝတ်နေရေးအတွက် “ထမင်းတနပ် ၁၅ ဘတ်” အဖွဲ့ကို ဖွဲ့စည်းထားသည်။
၃၆ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံအခမ်းအနားကို အဖွဲ့ဝင်များနှင့်အတူ ကျင်းပခဲ့ပြီး စစ်အာဏာရှင်စနစ်၏ ဆိုးရွားမှုကို နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် နိုင်ငံမျိုးဆက်များ အမှတ်ရစေရန် ရည်ရွယ်သည်ဟု ကိုမင်းသွေးသစ်က ပြောသည်။
“သူတို့လက်ထဲကို တိုင်းပြည်ရောက်တဲ့အခါမှာ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်မှ ခေါင်းထောင်ပြီးတော့ ထမလာအောင်လို့ သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူသွားအောင်လို့ ဒီပွဲတွေ ကျင်းပရတာပါ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ၈၈ အရေးတော်ပုံကာလက လက်နက်ကိုင်တော်လှန်ရေးကို ကျောင်းသားနှင့် နိုင်ငံရေးသမားအများစုကသာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ယခုနွေဦးတော်လှန်ရေးကာလတွင် ပြည်သူတစ်ရပ်လုံးက လက်နက်ကိုင်တော်လှန်ရေးတွင် နည်းမျိုးစုံဖြင့် ပါဝင်ခဲ့ကြ၍ စစ်အာဏာရှင်စနစ် မကြာမီ ချုပ်ငြိမ်းမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
“မင်းအောင်လှိုင်ခေတ်မှာတော့ ဒါမျိုးမဟုတ်ဘူး။ ပြည်သူတွေသည် ၃ နှစ်ကျော်ကြာသွားသည့်တိုင်အောင် ရရာနည်းကနေ တော်လှန်နေကြတယ်။ သူ့အကျပ်အတည်းက ငြိမ်အောင်မထိန်းနိုင်ဘူး။ အကြမ်းဖက် ရက်စက်မှုတွေကို ပိုပိုတိုးတိုးပြီးလုပ်လာတယ်။ ပိုပိုပြီး ဖိနှိပ်မှု တိုးလာတယ်။ ပိုပြီးတော့ ရက်စက်လာတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့မျိုးဆက်ရဲ့ ရည်ရွယ်ချက်ကတော့ ရှစ်လေးလုံးအခမ်းအနားအပါအဝင် ဒီနိုင်ငံရေးအခမ်းအနားတွေကို နိုင်ငံတော်အဆင့်နဲ့ ကျင်းပပြီးတော့ ဂုဏ်ပြုပေးချင်တာဖြစ်တယ်။ တော်လှန်ရေး အောင်အောင်လို့ အဘက်ဘက်ကနေ ဝိုင်းကြိုးစားပြီးတော့ တစ်ချိန်ချိန်မှာ နိုင်ငံတော်အဆင့်အခမ်းအနားတွေအနေနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”
မပြီးဆုံးသေးသည့် ဒီမိုကရေစီ ခရီးရှည်
၁၉၆၂ တွင် နိုင်ငံတော်အာဏာကို လက်နက်ဖြင့် သိမ်းယူလိုက်သည့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တစ်ပါတီ အာဏာရှင်စနစ်ကို ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဖြင့် ဖြုတ်ချနိုင်ခဲ့သည်။
သို့သော်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် သဘောတူညီပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိသည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံခဲ့ပေ။
ထို့နောက် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တစ်ပါတီအာဏာရှင်စနစ်ထက် ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်စနစ်အောက်တွင် နှစ် ၂၀ ကျော် နေထိုင်ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်ပြဋ္ဌာန်းသည့် ၂၀၀၈ အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် NLD ပါတီ ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီကို မဲအပြတ်အသတ်ဖြင့် ထပ်မံ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရမှာ အစိုးရသက်တမ်း ၅ နှစ်သာ အုပ်ချုပ်ခဲ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ထပ်မံ အနိုင်ရရှိသောအခါ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ထပ်မံ အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကို နှစ်စဉ်ပြုလုပ်လေ့ရှိသူများတွင် ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံ၏ ပန်းတိုင်ဖြစ်သည့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပန်းတိုင်ကို ယနေ့အချိန်ထိ မရရှိသေးဘဲ ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်စနစ်ဖြင့်သာ ရင်ဆိုင်နေရသည်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရန် ရှစ်လေးလုံးစိတ်ဓာတ်ဖြင့် ချီတက်ရမည်ဟု ဦးအောင်မိုးဇော်က ပြောသည်။
“အဲဒီသတင်းစကားကတော့ အင်မတန်ရှင်းလင်းတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက ကြွေးကြော်ခဲ့တဲ့၊ တောင့်တခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ဒီနေ့ဒီအချိန်မှာ ပိုတောင်မှ ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်။ ဒါကတော့ နှစ်တိုင်းနှစ်တိုင်း လုပ်တဲ့ ရှစ်လေးလုံးအခမ်းအနားတွေရဲ့ ရှင်းလင်းတဲ့ သတင်းစကား၊ ရှင်းလင်းတဲ့ ရည်ရွယ်ချက်ပန်းတိုင်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“နွေဦးတော်လှန်ရေး” က ဖော်ဆောင်မည့် ရှစ်လေးလုံး ကတိ၊ ကဝတ်
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ပင်လုံစာချုပ်ပါ ကတိ၊ ကဝတ်များကို ဖောက်ဖျက်ခဲ့သည့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၏ မညီမျှမှုကြောင့် ပြည်တွင်းစစ်ဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အရပ်သားအစိုးရကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း နိုင်ငံတော်အာဏာအများစုကို စစ်တပ်ကသာ ချုပ်ကိုင်ထားသည်။
ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ စစ်တပ်က ထပ်မံ အာဏာသိမ်းယူရာမှ လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့ပြီး “နွေဦးတော်လှန်ရေး” ဟု ခေါ်ဆိုခဲ့ကြသည်။
“နွေဦးတော်လှန်ရေး” တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသူများကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှ တစ်နိုင်ငံလုံး လက်နက်စွဲကိုင် ပုန်ကန်နေကြခြင်းဖြစ်သည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်၏ အဓိကမြို့ကြီးများ အပါအဝင် မြို့ပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကာလ မပြီးပြတ်သေးသည့် တော်လှန်ရေးတာဝန်များကို ၎င်းတို့ နွေဦးတော်လှန်ရေးမျိုးဆက်က လက်ဆင့်ကမ်းသယ်ဆောင်နေပြီး ပါတီစုံဒီမိုကရေစီစနစ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုနေဦးမည် ဖြစ်သည်ဟု ရန်ကုန်မြေပြင်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောသည်။
“၈၈ အရေးတော်ပုံကြီးက မပြီးပြတ်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို ကျွန်တော်တို့ နွေဦးတော်လှန်ရေးကြီးက ဆက်ပြီးတော့ ထမ်းရွက်နေတာဖြစ်တယ်။ တကယ့်ကိုမှ ပိုမိုကျယ်ပြန့်တဲ့ ဘုံပန်းတိုင်တွေ ချမှတ်နိုင်သလို တိုက်ပွဲပုံစံကိုလဲ ခိုင်ခိုင်မာမာပေါင်းစပ်ပြီးမှ တိုက်ပွဲဝင်ချီတက်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် နွေဦးတော်လှန်ရေး၏ ထူးခြားချက်မှာ မြေပြန့်နေလူထုက အစဉ်တစိုက် တောင်းဆိုခဲ့သည့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးသာမကတော့ဘဲ လွတ်လပ်ရေးရပြီးကာလကစတင်ပြီး တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေစီအရေးကိုပါ တောင်းဆိုနေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“နွေဦးတော်လှန်ရေးမှာက အဲဒီ လက်နက်ကိုင်လှုပ်ရှားမှုရော လူထုလှုပ်ရှားမှုရော နှစ်ခုလုံးက ပေါင်းစပ်ပြီးတော့ တကယ့်ကို မဟာဗျူဟာမြောက်တိုက်ပွဲဝင်တယ်လို့ ပြောလို့ရပါတယ်။ ဒါကတော့ နွေဦးတော်လှန်ရေးကြီးမှာ မျိုးဆက်ပေါင်းစုံ ပေါင်းစပ်ပြီးတော့ သွားနေတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
၁၉၆၂ စစ်အာဏာသိမ်းချိန်က စတင်ပြီး တောင်းဆိုခဲ့ကြသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို နိုင်ငံရေးမျိုးဆက်အသီးသီး ဦးဆောင်ပါဝင်သည့် နွေဦးတော်လှန်ရေးက တိုက်ပွဲဝင် အောင်မြင်လိမ့်မည်ဟု နိုင်ငံရေးမျိုးဆက်အသီးသီးက ယုံကြည်ကြသည်။
ထိုသို့ယုံကြည်သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မိုးဇော်၊ ၂၀၀၇ ရွှေဝါရောင်မျိုးဆက် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်၊ တကသ ကျောင်းသားခေါင်းဆောင်ဟောင် ကိုနန်းလင်း၊ နွေဦးတော်လှန်ရေးမျိုးဆက် ဗကသ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မခင်နီတို့လည်း အပါအဝင်ဖြစ်သည်။
စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကြာမြင့်သည်အထိ “နွေဦးတော်လှန်ရေး” ကို ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံနေဆဲဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြသူများကိုသာမက လက်နက်ကိုင်တော်လှန်နေသူများကိုပါ ကာကွယ်ပေးထားသည်ဟု ဦးအောင်မိုးဇော်က သုံးသပ်သည်။
“ကနေ့ နွေဦးတော်လှန်ရေးမှာ ဖြစ်ပျက်ခဲ့တဲ့ အနေအထားကတော့ တစ်တိုင်းပြည်လုံးဗျ။ လူမျိုးစုံ၊ လူတန်းစားအလွှာပေါင်းစုံ၊ တော်တော်ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်ကို ဒီကောင်တွေကို ချမယ်ဆိုတာ ဒီနေ့အချိန်ထိဖြစ်နေတယ်။ ဒီကောင်တွေလဲ ပြုတ်ခါနီးပါပြီ” ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာပြည်သူလူထုသည် ရင်ဆိုင်နေရသည့် အခက်အခဲများရှိလင့်ကစား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးကိုသာ အာရုံစိုက်ထားကြ၍ ယခုတစ်ကြိမ်တွင် စစ်အာဏာရှင်စနစ် ကျရှုံးမည်မှာ အသေအချာဖြစ်သည်ဟု ၎င်းက ခိုင်ခိုင်မာမာ ပြောသည်။
“ဒီနေ့လှုပ်ရှားမှုကြီးက ကျွန်တာ်တို့မျိုးဆက် အဆက်ဆက်က ရည်မှန်းခဲ့ကြတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးဆိုတာကို ဒီကနေ့ မျိုးဆက်တွေက ဆက်ပြီး သယ်ဆောင်နေတဲ့ အဆင့်ကို ရောက်နေပြီဖြစ်တယ်။ အောင်ပွဲကလဲ လက်တစ်ကမ်းပဲ လိုတော့ပါတယ်” ဟု ဦးအောင်မိုးဇော်က ပြောလိုက်သည်။