အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မြန်မာ့ရွေးကောက်ပွဲသမိုင်း မဲပေးနှုန်း အတက်အကျ၏ အဓိကသော့ချက် 

တည်ငြိမ်မှုမရှိချိန်၊ ပြည်သူလူထု ယုံကြည်မှုမရှိသည့် အခြေအနေတို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲသည် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ကြောင်း မြန်မာ့သမိုင်းကိုကြည့်လျှင် တွေ့နိုင်သည်။

ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားများသည် ရွေးကောက်ပွဲနှင့် မစိမ်းလှချေ၊ မြန်မာ့ရွေးကောက်ပွဲသမိုင်းသည် ပြည်သူ့ယုံကြည်မှု၏ မှန်ပြောင်းဖြစ်သည်။ ပါလီမန်ခေတ်မှ ယနေ့အထိ၊ မဲပေးနှုန်းမြင့်မားမှုနှင့် ထိုးကျမှုတိုင်းသည် နိုင်ငံရေးတည်ငြိမ်မှု၊ ရွေးကောက်ပွဲ၏ စစ်မှန်မှု၊ ဒီမိုကရေစီအတွက် မျှော်လင့်ချက်အပေါ် ပြည်သူများ၏ တုံ့ပြန်မှုတို့နှင့် ဆက်စပ်နေသည်။ 

ထိုကြောင့် ရွေးကောက်ပွဲတစ်ခု၏ အောင်မြင်မှု၊ တရားဝင်မှုနှင့် ပြည်သူပါဝင်မှုနှုန်းသည် ဖြတ်သန်းခဲ့ရသောကာလ၏ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထု၏ ယုံကြည်မှုအပေါ် တိုက်ရိုက်မူတည်နေသည်ကို သမိုင်းဆိုင်ရာ ရွေးကောက်ပွဲ ဖြတ်သန်းမှုများတွင်  တွေ့နိုင်သည်။ 

၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်တွင် မင်းအောင်လှိုင်စစ်တပ် စီစဉ်သည့် ရွေးကောက်ပွဲသည် ၁၉၅၁-၅၂  ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း အပိုင်းလိုက် ပြန်လည်ကျင်းပရသော ရွေးကောက်ပွဲဖြစ်ကာ ဤသမိုင်းကြောင်းရှည်၏ နောက်ဆုံးအခန်းတွင် ပြည်သူ့စိတ်ဝင်စားမှု အနည်းဆုံးသော အတုအယောင် ရွေးကောက်ပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လိမ့်မည် ဖြစ်သည်။

ပါလီမန်ခေတ် ရွေးကောက်ပွဲ

၁၉၄၇ ခုနှစ် အောင်ဆန်း-အက်တလီ နှင့် နု-အက်တလီစာချုပ်အရ ဗမာ့လွတ်လပ်ရေးရယူရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက်  တိုင်းပြုပြည်ပြု ညီလာခံ ခေါ်ယူကာ ကျင်းပခဲ့သော ၁၉၄၇ ရွေးကောက်ပွဲသည် ထိုလွတ်လပ်ရေးကာလတွင် လူထုစိတ်ဝင်စားမှု ရှ်ိခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၇ သန်းနီးပါးရှိခဲ့ပြီး ၃ သန်းခွဲကျော် မဲပေးခဲ့သောကြောင့် ရွေးကောက်ပွဲ မဲပေးသူဦးရေ  ၄၉.၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ 

၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရကာစ ဗမာပြည်သည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ပါ တွဲလျက်ပါလာသည့်အတွက် ထိုကာလ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ) အစိုးရသည် ၁၉၅၁-၅၂ မှသာ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်သာလျှင် အနိုင်ရရှိခဲ့သည်။

သို့သော်   မဲပေးနိုင်သူ  ၈ သန်းနီးပါးရှိသည့်အထဲမှ မဲပေးခဲ့သူ အရေအတွက်မှာ   ၁ သန်းခွဲကျော်သာရှိသည်၊    ၂၀ ရာခိုင်နှုန်း အောက်သာ မဲပေးခဲ့ကြခြင်း ဖြစ်သည်။ 

ထိုနောက်တိုင်းပြည်သည် ပြည်တွင်းစစ်မီး အပြင် တရုတ်ဖြူ (ကူမင်တန်) တပ်များ​ တရုတ်ပြည်တွင်းမှ ထွက်ပြေးလာကာ မြန်မာပြည် မြောက်ဖက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သောကြောင့် ထိုကာလ နိုင်ငံရေးမှာ များစွာရှုပ်ထွေးပွေလီခဲ့သည်။

သို့သော် ၁၉၅၃ နောက်ပိုင်းတွင် ကူမင်တန် ကျူးကျော်မှုများကို ဖဆပလအစိုးရက တွန်းလှန်တိုက်ထုတ်ပြီး ပြည်တွင်းစစ်မီးမှာလည်း တိုင်းပြည်အနှံ့အပြားတွင် ပြန်လည်လျော့ကျလာရာ ၁၉၅၆ ခုနှစ်တွင်   ရွေးကောက်ပွဲ ကျင်းပခဲ့သည်။   ပြည်သူအများအပြား ပြန်လည် မဲပေးခဲ့သောကြောင့် ရွေးကောက်ပွဲတွင် မဲပေးသူ ၄၈ ရာခိုင်နှုန်းခန့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုနောက် အာဏာရပါတီဖြစ်သော ဖဆပလသည် တည်မြဲဖဆပလ နှင့် သန့်ရှင်းဖဆပလ ဟူ၍ ၂ ခြမ်းကွဲခဲ့ရသည်။ 

ထိုနိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ၁၉၅၈ တွင် စစ်တပ်က  အာဏာသိမ်းရန် အခြေအနေများပေါ်ပေါက်ခဲ့သောကြောင့် ဝန်ကြီးချုပ်ဦးနုက အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပကာ ဗိုလ်ချုပ်ကြီး နေဝင်းကို ဝန်ကြီးချုပ် အာဏာလွဲပြောင်းပေးခဲ့သည်။

အိမ်စောင့်အစိုးရကို အာဏာလွှဲပြောင်းမှု ဖြစ်သော်လည်း   ပထမဆုံးအကြိမ် အစမ်း အာဏာသိမ်းမှုဟုလည်း ဆိုနိုင်သည်။ 

ထ်ိုနောက် ၁၉၆၀ ပြည့်နှစ်တွင် ဗိုလ်နေဝင်းက အထွေထွေရွေးကောက်ပွဲကျင်းပကာ အနိုင်ရ ပြည်ထောင်စု ပါတီကို အာဏာလွှဲပြောင်းပေးခဲ့။  အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေသည် ၆၆ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီ စနစ်အောက်ကျင်းပသော ရွေးကောက်ပွဲများတွင် မဲပေးမှု၊ လူထုပါဝင်မှုအများဆုံးဖြစ်ခဲ့သည်။ 

မည်သို့ပင်ဖြစ်စေ ဗိုလ်နေဝင်း နှင့် စစ်ခေါင်းဆောင်များ အာဏာအရသာကို သိရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် လွတ်လပ်ရေးခေါင်းဆောင်များ နှင့် ပြည်သူလူထု ရွေးချယ်ထားသော ပါလီမန်ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းကို စစ်အာဏာသိမ်း၊ တော်လှန်ရေးကောင်စီ ဆိုသည်ကို ဖွဲ့စည်းကာ အဆုံးသတ်စေခဲ့သည်။ 

အထက်ပါ ရွေးကောက်ပွဲ ဖြစ်စဉ်များကို ကြည့်ပါက “ရွေးကောက်ပွဲ” ဟူသည် တိုင်းပြည်တည်ငြိမ်မှသာ လူထုသည် ရွေးကောက်ပွဲအပေါ်  စိတ်ဝင်တစား မဲပေးနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်သည်လည်း တိုင်းပြည်တစ်ခု မည်မျှတည်ငြိမ်၊ စိတ်ချရမှုအပေါ်တွင် မူတည်၍ ပြောင်းလဲမှုရှိသည်ကိုတွေ့ရသည်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲ 

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းကာ   တိုင်းပြည်ကို Rule of Law စနစ်ဖြင့်အုပ်ချုပ်သော ပါလီမန် ဒီမိုကရေစီစနစ်မှ Rule by Law စနစ်ကျင့်သုံးသော အာဏာရှင်စနစ်အောက်သို့ တွန်းပို့ခဲ့သည်။

ထိုနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ဖျက်သိမ်းကာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံဥပဒေတရပ် အတည်မပြုနိုင်သောကာလအပိုင်းအခြားအထိ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ 

၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ကျင်းပခဲ့သော ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅ ခုနှစ် ရွေးကောက်ပွဲများသည် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအတွက် အစိုးရဖွဲ့စည်းအတည်ပြုရန်အတွက်သာဖြစ်ပြီး ရလဒ်အားဖြင့်လည်း ၉၀ ရာခိုင်နှုန်းအထက်ရှိခဲ့သည်။ ယှဉ်ပြိုင်ဖက်ပါတီများ မရှိပေ။

တပါတီ မဆလအစိုးရ​၏ ဖိနှိပ်မှု၊ ဆိုရှယ်လစ်အပေါ် လွဲမှားစွာကျင့်သုံးမှုကြောင့် ငွေကြေးဖောင်းပွမှု၊ တိုင်းပြည်​၏ စီးပွားရေးမှာ ဆိုးသည်ထက်ဆိုးဝါးလာမှုတို့ကြောင့် ၁၉၈၈ ခုနှစ်သို့ရောက်သောအခါ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံဖြင့် နေဝင်း​၏ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားခဲ့သည်။ 

ထိုနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က   အာဏာ ထပ်သိမ်းလိုက်သည်၊ ရွေးကောက်ပွဲပြုလုပ်ပေးကာ တက်လာမည့် အစိုးရအား အာဏာလွဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ 

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်၂၆ နှစ်ကြာပြီးမှ ပထမဆုံးပြန်လည် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲဖြစ်သည်။ 

ကမ္ဘာပထဝီနိုင်ငံရေးဘက်တွင်လည်း ဘာလင်တံတိုင်းပြိုကျကာ ဒီမိုကရေစီ တတိယလှိုင်းလုံး ဖြင့် နိုင်ငံအများစုသည် အမျိုးမျိုးသော အာဏာရှင်စနစ်​အောက်မှ အရပ်သားအစိုးရအုပ်ချုပ်သော ရွေးကောက်ခံဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် ကာလဖြစ်သဖြင့် မြန်မာပြည်သူလူထုသည် အဆိုပါ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအပေါ် များစွာမျှော်လင့်ခဲ့သည်။ 

အဆိုပါ မျှော်လင့်ချက်ဖြင့် မြန်မာပြည်သူတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား မဲပေးရွေးချယ်ခဲ့ကြပြီး ပါတီအနေဖြင့် လွှတ်တော်ထိုင်ခုံ ၄၉၂ တွင် ၃၉၂ ခုံအထိ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပေါ်  ပြည်သူလူထု​၏ မဲပေးမှုနှုန်းသည်လည်း ၇၂.၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။ 

သို့သော် ဗိုလ်ချုပ်မှုးကြီး စောမောင်က ၎င်း​၏ စစ်တပ်သည် ရွေးကောက်ပွဲပြီးပါက အနိုင်ရပါတီကု အာဏာလွဲအပ်ကာ စစ်တန်းလျားပြန်မည်ဟုဆိုသော  ကတိကဝတ်ကို ချိုးဖောက်ခဲ့သည်။ အခြေခံဥပဒေမရှိဟုဆိုသော အကြောင်းပြချက်ဖြင့် အနိုင်ရပါတီ NLD ကို အာဏာလွဲပြောင်းမှု မပြုလုပ်ခဲ့ပေ။

အသွင်ကူးပြောင်းမှုကာလ ရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းထားသောစစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိူးသားညီလာခံကို အချိန်ဆွဲပြီး နှစ်ရှည်ကျင်းပကာ ၂၀၀၃ ခုနှစ်တွင် ဒီမိုကရေစီလမ်းပြမြေပုံ (၇) ချက်ကို ကြေညာခဲ့သည်။

သို့သော် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားသောရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ ခုနှစ်​ နာဂစ်မုန်တိုင်းအပြီးတွင် စစ်ခေါင်းဆောင်တို့သည် အချိန်ဆွဲလာခဲ့သော အသွင်ကူးပြောင်းရေး အစီအစဉ်ကို အလျင်အမြန်အကောင်အထည်ဖော်ရန် လိုလာခဲ့သည်။ 

နာဂစ်မုန်တိုင်းကြောင့် ပြည်သူအများအပြားသေဆုံးစေကာမူ  ဖွဲ့စည်းပုံအခြေခံဥပဒေကို မုန်တိုင်းအပြီး  ရက်ပိုင်းအကြာ၊ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ 

အဆိုပါ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ပြည့်နှစ်၊  နိုဝင်ဘာလ ၇ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး အငြင်းပွားဖယ် ကြိုတင်မဲ ရလဒ်များဖြင့် စစ်တပ်နောက်ခံ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အနိုင်ရရှိခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၂၉ သန်းခန့်ရှိပြီး ၂၂.၄ သန်း မဲပေးခဲ့သည်ဟု သိရှိရသည်။ သို့သော် အထွေထွေရွေးကောက်ပွဲသည် အသွင်ကူးပြောင်းမှုအတွက် အစိတ်အပိုင်းတခုဖြစ်သော်လည်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်း နိုင်ငံတကာအဖွဲ့စည်းများက ထုတ်ပြန်ခဲ့သည်။ 

မည်သို့ပေဖြစ်စေ စစ်ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ် အရပ်ဝတ် တိုက်ပုံလဲကာ အရပ်သားအစိုးရကို ဦးဆောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရလဒ်ဖြင့် လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့သည်။ 

ထ်ိုနောက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် “ပြောင်းလဲချိန်တန်ပြီ” ဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ခံကိုယ်စားလှယ်ဦးရေ ၄၉၈ တွင် ၃၉၀ ဦးရရှိခဲ့သဖြင့် NLD သည် တစ်နိုင်ငံလုံးနီးပါး အနိုင်ရခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ၃၃.၅ သန်းမဲပေးခဲ့ပြီး မဲပေးသူဦးရေ ရာခိုင်နှုန်းအားဖြင့် ၇၀ မှ ၈၀ ရာခိုင်နှုန်းကြားရှိခဲ့ကြောင်း ၂၀၁၅ တွင် ထုတ်ပြန်ခဲ့သော The Carter Center Report အရ သိနိုင်သည်။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဦးသိန်းစိန် အစိုးရက အာဏာလွဲပြောင်းခဲ့သဖြင့် အသွင်ကူးပြောင်းမှုဖြစ်စဉ် ချောမွေ့၍ ရှေ့ဆက်သွားနိုင်ခဲ့သည်။

ထိုနောက် NLD အစိုးရသည် တိုင်းပြည်ကို ၅ နှစ်တာ အုပ်ချုပ်ပြီး နိုင်ငံရေးအခက်အခဲများကြားထဲမှပင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ခဲ့သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ စီးပွားရေးပြန်လည်ဦးမော့လာအောင် ပြုလုပ်နိုင်ခဲ့သည်။ 

အထင်ရှားဆုံးအဖြစ် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော Covid-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်သူများသည်လည်း ကမ္ဘာ့အဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှုမျိုး ပြည်သူ့အစိုးရလက်ထက်တွင် မကြုံစဖူး ရရှိခဲ့သည်။ 

ထိုနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်၊ ရခိုင်ပြည်နယ် နှင့်  ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တချို့တွင် စစ်ရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

ထိုကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသည် လွှတ်တော် နှစ်ရပ်ပေါင်း ၃၉၆ ခုံ ထပ်မံအနိုင်ရရှိသည်။  လူဦးရေ ၃၇ သန်းကျော် မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူများသည် မထင်မှတ်ထားလောက်အောင် Covid-19 ကပ်ရောဂါကြားထဲမှပင်   မဲထွက်ပေးခဲ့ကြသည်။ 

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပသော၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ကုလသမဂ္ဂ၊ အီးယူ၊ အာယီဆံ စသည့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပြည်တွင်းပြည်ပရှိ ရွေးကောက်ပွဲစောင့်ကြည်လေ့လာသော အဖွဲ့များက လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် မဲစာရင်းမှားယွင်းမှုများစွာရှိသည်ဟု ပြောဆိုခဲ့သည်။

အဆိုပါ မဲစာရင်းအကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ အာဏာသိမ်း၍ တိုင်းပြည်အား စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ 

၂၀၂၅ တရားမဝင် ရွေးကောက်ပွဲ

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်တပ်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံတကာဖိအား၊ ပြည်သူလူထု နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များ​၏ ခုခံမှုကြောင့် ယင်းတို့​၏ အစီအစဉ်များမှာ ထင်သလောက်အရာမရောက်ခဲ့ပေ။ 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း နှင့် ဒုတိယပိုင်း ကြောင့် စစ်တပ်သည် သမိုင်းတလျှောက် မကြုံစဖူး တိုင်းစစ်ဌာနချုပ်များ ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့စည်းပုံပျက်သွားပြီး ဖရိုဖရဲဖြစ်ကာ စစ်အုပ်ချုပ်ရေးယန္တရား ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။ 

သို့သော် စစ်တပ်သည် တရုတ်နိုင်ငံမှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများကို ဖိအားပေးခဲ့သည်၊ ပြည်တွင်းရှိ လူငယ်လူရွယ်များကို စစ်သားသစ် ပိုမိုလွယ်ကူစွာ စုဆောင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလတွင်ပြဋ္ဌာန်းကာ တတိုင်းပြည်လုံးကို စစ်ဗျူရိုကရက် ယန္တာရားထဲသို့ ဆွဲထည့်ခဲ့သည်။ 

အဆိုပါ စစ်မှုထမ်း တပ်အားအင်အား နှင့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအပေါ် တရုတ်ဖိအား အသုံးပြု၍ နယ်မြေတချို့ ပြန်လည်ရယူနိုင်ခဲ့ကာ နောက်ဆုံး နိုင်ငံရေးထွက်ပေါက်အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အတုအယောင် ရွေးကောက်ပွဲ ပထအပိုင်း ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ 

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း​က    ရွေးကောက်ပွဲ ပထမပိုင်းတွင် တနိုင်ငံလုံး လူဦးရေ ၆ သန်းကျော် မဲပေးသည်၊  ရာခိုင်နှုန်းအားဖြင့် ၅၂.၃ ရှိသည်ဟု  ထုတ်ပြန်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပြည်တွင်း၊ ပြည်ပရှိ ရွေးကောက်ပွဲစောင့်ကြည်သူများကမူ  ရွေးကောက်ပွဲ အပိုင်း ၁ ရလဒ်နှင့် ပတ်သက်၍ မဲပေးသူလူဦးရေ မည်မျှရှိကြောင်း မည်သည့် သတင်းအချက်မျှ ထုတ်ပြန်ထားခြင်းမရှိပေ။ 

အဆိုပါရွေးကောက်ပွဲကို မြန်မာပြည်သူလူထုက စိတ်ဝင်စားမှုမရှိပေ။ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်တပ်လက်အောက် နိုင်ငံဝန်ထမ်းများ နှင့် အတင်းအကြပ်ဖိအားကြောင့် မဖြစ်မနေမဲပေးရသော ပြည်သူလူထုအချို့သာ ရှိသည်။

ရွေးကောက်ပွဲနေ့တွင်လည်း မဲရုံများတွင် မဲပေးသူဦးရေ မရှိသလောက် နည်းသည်ကိုလည်း နိုင်ငံတကာနှင့်ပြည်တွင်းရှိ သတင်းမီဒီယာများ​၏  သတင်းများဖော်ပြချက်အရ သိရှိနိုင်သည်။ ထိုကြောင့်   ၅၂ ရာခိုင်နှုန်းကျော် မဲပေးသည်ဟူသော စစ်တပ်၏ထုတ်ပြန်ချက်မှာ လူစိတ်ဝင်စားမှု မရှိသည့် အတုအယောင်ရွေးကောက်ပွဲရလဒ်ကို ထပ်ဆင့် လိမ်လည်ကာထုတ်ပြန်ချင်းမျိုး ဖြစ်နေကြောင်း တွေ့နိုင်သည်။ 

ထိုအပြင်ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးသည့် နောက်ပိုင်း မဲရေတွက်မှု ဖြစ်စဉ်များတွင်လည်း ၂၀၁၀ ကာလရွေးကောက်ပွဲ အပိုင်းအခြားကဲ့သို့ ကြိုတင်မဲများ နောက်ကျစွာ ရောက်လာမှုများကြောင့် ကြံခိုင်ရေးပါတီ အမတ်များ အနိုင်ရသည့် သာဓကများလည်း ယခင်နည်းတူ ထပ်တူထပ်မျှ တွေ့လာရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းကြောင်းကို ကိုလိုနီခေတ်မှ ယနေ့အထိ ခြုံငုံကြည့်မည်ဆိုလျှင် ရွေးကောက်ပွဲတစ်ခု၏ အောင်မြင်မှု၊ တရားဝင်မှုနှင့် ပြည်သူပါဝင်မှုနှုန်းသည် ထိုကာလ၏ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြည်သူ၏ ယုံကြည်မှုအပေါ် တိုက်ရိုက်မူတည်နေသည်ကို ထင်ရှားစွာတွေ့ရသည်။ ၁၉၂၂ ခုနှစ်မှစတင်၍ လူထု၏ မဲပေးနှုန်းသည် နိုင်ငံရေးအခြေအနေအရ မြင့်တက်ခြင်း၊ ကျဆင်းခြင်းများ ဖြစ်ပွားခဲ့ပြီး၊ ၁၉၆၀ ပါလီမန်ဒီမိုကရေစီခေတ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ၁၉၆၂ စစ်အာဏာသိမ်းမှုနှင့်အတူ ဒီမိုကရေစီခရီးလမ်း ရပ်တန့်သွားခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဒီမိုကရေစီအားထားမှုကို ပြန်လည်ရောင်ပြန်ဟပ်ခဲ့သော်လည်း ရလဒ် ငြင်းပယ်ခံခဲ့ရပြီး နောက်ပိုင်းကာလများတွင် စစ်တပ်ဦးဆောင်သော အသွင်ကူးပြောင်းမှုကို ဖြတ်သန်းခဲ့ရသည်။ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်သူ့ထောက်ခံမှု ပြန်လည်မြင့်တက်လာခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုနှင့်အတူ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လွတ်လပ်မျှတမှုဆိုင်ရာ စိန်ခေါ်မှုများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

နောက်ဆုံး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းသည် ပြည်သူလူထု၏ စစ်မှန်သော ပါဝင်ထောက်ခံမှု ကင်းမဲ့ပြီး နိုင်ငံရေးအရ တရားဝင်မှုလည်း မရှိသည့် အတုအယောင်ရွေးကောက်ပွဲတစ်ခုအဖြစ် သမိုင်းဝင် မှတ်တမ်းတင်ခံရမည်ဖြစ်သည်။ ထိုကြောင့် ရွေးကောက်ပွဲဆိုသည်မှာ ကိန်းဂဏန်းများနှင့် ရာခိုင်နှုန်းများသာမက၊ ပြည်သူ၏ ယုံကြည်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့အပေါ် အခြေခံသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ဤသမိုင်းကြောင်းက ပြန်လည်သတိပေးနေပေသည်။

စကားချပ် – ဤဆောင်းပါးပါ ၁၉၄၇-၁၉၉၀ ကာလ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအတွက် Florian Grotz နှင့် Christof Hartmann တို့၏ Elections in Asia: A Data Handbook (၂၀၀၁) စာအုပ်ကို ကိုးကားထားသည်။ 

Related Articles

Back to top button