သတင်း

ရွေးကောက်ပွဲရလဒ် ပြည်သူတို့မျက်ခြည်မပြတ်ရန် ကိုမင်းကိုနိုင်သတိပေး

၂၀၂၀  ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ထွန်းလာမည့် လွှတ်တော်များခေါ်ယူခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ လူထုကမဲပေးရွေးချယ်ခဲ့သည့် တရားဝင်အစိုးရအဖြစ် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်းစသည့် လုပ်ငန်း သုံးခုကို မျက်ခြည်မပြတ်ဘဲ ပေါ်ပေါက်နေသော ခြိမ်းခြောက်မှုများကို စုပေါင်းခုခံကြရန် ပြည်သူများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။

“တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်းပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ။ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး”ဟု Myanmar Nowနှင့် သီးသန့်မေးမြန်းခန်းတွင် ၎င်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်နိုင်ခြေများစွာရှိသည်ဟု ခိုင်မာသည့်အထောက်အထားများမရှိဘဲ တပ်မတော်ကစွပ်စွဲနေပြီး ရွေးကောက်ပွဲရလဒ်စတင်အသက်ဝင်မည့် ဖေဖော်ဝါရီ ၁ရက် ပြည်ထောင်စုအဆင့်လွှတ်တော်များမစတင်မီ ရက်ပိုင်းအလိုတွင်“အာဏာမသိမ်းဟုမမှတ်ယူနိုင်”၊ “အခြေခံဥပဒေကိုဖျက်၍ရသည်”ဟူသော စကားများကိုပင် တပ်မတော်တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုနေသည်။

ကိုမင်းကိုနိုင်ကမူ ပြည်သူတို့မှာ ခြိမ်းခြောက်မှုပုံစံမျိုးစုံကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သဖြင့် အဆန်းတကြယ်မဟုတ်သော်လည်း တိုင်းပြည်၏ ဒီမိုကရေစီခရီးကို သုညဘဝကပြန်စရသည့် အဖြစ်မျိုးအထိ ခွင့်မပြုနိုင်ကြောင်း ပြောသည်။

“ခြိမ်းခြောက်တာတွေကတော့ အခုမှဟုတ်ဘူးဗျာ။ ဒါကတော့ အားလုံးပြန်ကြည့်ရင်သိတာပဲ။ ခြိမ်းခြောက်မှုတွေများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ပုံသဏ္ဌာန်မျိုးစုံပဲဗျ။ ဥပမာဆိုပါတော့ဗျာ၊ ရွေးကောက်ပွဲနီးတုန်းက ဗုံးတွေခွဲပြတဲ့သူတွေ ခွဲပြခဲ့တာပဲလေဗျာ။ ဒါ ခြိမ်းခြောက်ခံရတာပေါ့ဗျ။ ဒီကြားထဲကပဲ သတ္တိမွေးပြီးတော့ ကျွန်တော်တို့ မဲရုံသွားခဲ့ကြတာပဲ။ အဲဒီလိုပဲ ကူးစပ်ရောဂါ ကပ်ရောဂါကြီး(ကိုဗစ်နိုင်တင်း)ကလည်း ခြိမ်းခြောက်တာပဲ၊ ဒါလဲ ကျွန်တော်တို့ မဲရုံရောက်အောင် သွားခဲ့ကြတာပဲ”ဟု ကိုမင်းကိုနိုင်က ဆိုသည်။ 

ကိုမင်းကိုနိုင်သည် ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲအခင်းအကျင်းတွင် ရွေးကောက်ပွဲဝင်ခြင်း၊ ပါတီထူထောင်ခြင်း စသည့်လုပ်ငန်းများတွင် မပါဝင်သော်လည်း ယခုအချိန်ထိ ကြီးမားသော နိုင်ငံရေးဩဇာရှိနေသူဖြစ်သည်။ အာဏာသိမ်းခဲ့ပါက တိုင်းပြည်သည် အများကြီးဆုံးရှုံးထိခိုက်နစ်နာဦးမည်ဖြစ်ကြောင်း သူက စိုးရိမ်မကင်းပြောဆိုသည်။ 

ဒီဟာက မျိုးဆက်အလိုက်ကို နိမ့်ပါးသွားမယ့် နမူနာမျိုး၊ ဥပမာမျိုး တကယ်ဖြစ်ခဲ့ပြီးပြီဗျာ၊ ကျွန်တော်တို့ရှေ့က မျိုးဆက်တစ်ဆက်၊ နှစ်ဆက်မကဘူးဗျာ၊ ဒီလောက်ကမ္ဘာမှာ လူရာမဝင်အောင် ခံစားခဲ့ရပြီးပြီဗျာ။ ကျွန်တော်တို့နောက်က မျိုးဆက်တွေလည်း ခံစားရတာပဲဗျာ။ ကျွန်တော်တို့မျိုးဆက်တွေအသိဆုံးဗျာ။ တိုင်းပြည်က တကယ်ကို သုညက ပြန်စရမှာ၊ ဒါမှမဟုတ်ရင်လည်း အနုတ်လက္ခဏာကနေ ပြန်စရမှာမျိုးအထိတော့ ကျွန်တော်က ခွင့်မပြုသင့်ဘူးလို့ နားလည်တယ်”ဟု ၎င်းကဆိုသည်။

သို့သော် ပဋိပက္ခနှင့် ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန်လိုသည်ဟု ကိုမင်းကိုနိုင်က ဆက်လက်သတိပေးသည်။

“လမ်းပေါ်မှာ ပဋိပက္ခဖြစ်နိုင်တာတွေ၊ ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ငြိမ်းချမ်းစွာ လမ်းမထွက်ဘဲနဲ့ ဖော်ပြတဲ့နည်းတွေများစွာရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့သည့် ၁၁၁၇ နေရာအနက် ၇၁ နေရာသာ အနိုင်ရပြီးနောက် တပ်မတော်နည်းတူ ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ မြို့နယ်ရုံးများ၌ပင် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် လူစုလူဝေးပြုလုပ်ခြင်း၊ မော်တော်ယာဉ်တန်းများဖြင့် လှည့်လည်သွားလာခြင်းများ ပြုလုပ်နေသည်။

ထို့အတူ တပ်မတော်ထောက်ခံရေးသမားဟုဆိုသူများကလည်း တိုင်းနှင့် ပြည်နယ်အချို့တွင် လူစုလူဝေးဖြင့် စီတန်းလှည့်လည်မှုများလုပ်ဆောင်လျက်ရှိပြီး ယမန်နေ့(ဇန်နဝါရီ ၂၇) ရန်ကုန်မြို့ တွင် ခွင့်ပြုချက်မဲ့ ဆန္ဒပြသူတို့၏ တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ဝင်များပင် ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများကမူ ပေါ်ပေါက်နေသည့် အငြင်းပွားမှုများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းမည်ဆိုသောမူကို ကိုင်စွဲထားပြီး တတိယအကြိမ်လွှတ်တော်သက်တမ်းစတင်နိုင်ရေးနှင့် အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်များကို အာရုံစိုက်လုပ်ဆောင်နေသည်ဟု ထုတ်ဖော်ပြောကြားထားသည်။

Show More

Related Articles

Back to top button