
ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာသောကြောင့် ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသခံ တစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာနေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူတို့က ပြောသည်။
ဇူလိုင်လအတွင်း တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့ပြီး နေရပ်ပြန်သူတချို့ ရှိကြသော်လည်း ဩဂုတ်လဆန်းမှစ၍ တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာ၍ ထောင်နှင့်ချီသည့် ဒေသခံများ ထပ်မံစစ်ရှောင်ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကရင်နီတပ်တော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့သည် စစ်ကောင်စီတပ်နှင့် လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲ၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ ၆ ကြိမ် ထက်မနည်းဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့သည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဩဂုတ် ၃ တစ်ရက်တည်းတွင် ဖရူဆို၊ ဘောလခဲမြို့နယ်တို့တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၁၁ ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရကာ စစ်ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။
ဘောလခဲမြို့ကို ဦးတည်လာသည့် စစ်ကားတစ်စီးကို ဩဂုတ် ၃၊ မနက် ၇ နာရီခွဲခန့်တွင် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကရင်နီတပ်မတော် (KA) က တိုက်ခိုက်ခဲ့သည်။
ထိုနေ့မနက် ၁၁ နာရီခန့် လွိုင်ကော်မှ ဘောလခဲမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၂၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ထားလဲကျေးရွာနှင့် မားခရော့ရှေ့ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“စစ်ယာဉ်တန်းက ရှေ့ဆုံးမှာ ပွိုင့်ယူထားသလို နောက်ဆုံးမှာလည်း ပွိုင့်ယူထားတယ်။ အလယ်မှာက လောင်စာဆီကားတွေ တင်ထားတာ။ အဲဒီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာပေါ့ဗျ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဆက်ပစ်တယ်။ ဒါကြောင့် အကျအဆုံးများတာ” ဟု ၎င်းက ဆိုသည်။
၎င်း ဖရူဆိုနှင့် ဘောလခဲမြို့နယ်နှစ်ခုတွင် တိုက်ပွဲများကြောင့် ထားလဲ၊ တော်ခူ (ရွာသစ်)၊ တော်ခူ (ရွာဟောင်း) စသည့် ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၃၄၄၂ ဦးသည် နီးစပ်ရာကျေးရွာများသို့ စစ်ရှောင်နေရသည်ဟု သိရသည်။
ဖရူဆိုမြို့နယ်အနောက်ပိုင်းတွင် ရှိနေသည့် ၎င်းစစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဖရူဆိုနှင့် ဘောလခဲမြို့နယ်များမှ စစ်ရှောင်အရေးကူညီသူ ဦးဖားဘူက ပြောသည်။
တိုက်ပွဲများပြန်မဖြစ်မီက ကြိုတင်ပြင်ဆင်ထားသည့် စားနပ်ရိက္ခာများကို စစ်ဘေးဒုက္ခသည်များအတွက် အသုံးပြုနေကြောင်း၊ ရိက္ခာသယ်သည့် လမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ရေရှည်တွင် စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဒေသက ဆန်မစိုက်တော့ ဆန်ဝယ်စားရတဲ့ဒေသ။ အခုက ဆန်ပါဝယ်မရတော့ စစ်ရှောင်တင်မကဘူး ဒေသခံတွေပါ စားနပ်ရိက္ခာပြတ်လပ်လာနိုင်တယ်” ဟု ဦးဖားဘူက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ တွင် ဘောလခဲမြို့နယ်၊ နန်းဖဲရွာနှင့် ကပ်လျက်ရှိသည့် ဖရူဆိုမြို့နယ် တော်ခူ(ရွာသစ်)တို့အနီးတွင် တိုက်ပွဲများထပ်မံဖြစ်ပွားလာသည့်အတွက် အဆိုပါရွာနှစ်ရွာမှ စစ်ရှောင်များလည်း ရောက်ရှိလာသည်ဟု သိရသည်။
နန်းဖဲကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်များကို ဖောက်ထွင်းလုယက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်သားများက အရပ်သားတို့ထံမှ လူယူ၊ ခိုးယူသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
တော်ခူ (ရွာသစ်) မှ စစ်ရှောင် လူဦးရေ ၈၀၀ ခန့်ရှိပြီး နန်းဖဲရွာနှင့် နှစ်ရွာပေါင်း မည်မျှတိမ်းရှောင်လာသည်ကို မခန့်မှန်းနိုင်သေးဟု ဦးဖားဘူက ပြောသည်။
ဖရူဆိုမြို့နယ်အရှေ့ဘက်နှင့် အနောက်ဘက်ဟူ၍ နှစ်နေရာခွဲ၍ တိမ်းရှောင်နေကြရာ ဖရူဆိုမြို့နယ်အနောက်ဘက် စစ်ရှောင်အရေအတွက်မှာ ၆,၀၀၀ ထက်မနည်းရှိနေပြီး နောက်ဆုံးရစာရင်းများကို ဆက်လက်ပြုစုနေသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီး ၄ လအကြာ မေလနှောင်းပိုင်းမှစ၍ ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက် ဆန္ဒပြပွဲမှစ၍ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဖြစ်လာမည့် တူးမီးသေနတ်ကိုင် ဒေသခံလူငယ်များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
ရက်အနည်းငယ်အတွင်း ဒီးမော့ဆိုမြို့အပြင် ပြည်နယ်မြို့တော် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ ကူးစက်သွားခဲ့သည်။
စစ်ကောင်စီတပ်များက လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒီးမော့ဆိုမြို့ပေါ် နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ထိမှန်ပျက်စီးခဲ့သည်။
ထို့နောက် မေလနှင့် ဇွန်လအကြားတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များမှ ဒေသခံတစ်သိန်းခန့် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များထဲ စစ်ဘေးရှောင်ခဲ့ရသည်။
ဇွန်လလယ်ခန့်၌ စစ်ကောင်စီတပ်များနှင့် KNDF အကြား အပစ်ရပ်သဘောတူညီချက်ရရှိခဲ့ပြီး ဒေသခံအရပ်သားတချို့ နေရပ်ပြန်ခဲ့သော်လည်း ဒေသခံအများစုမှာ ဆက်လက်တိမ်းရှောင်ဆဲဖြစ်သည်။
သို့သော် အပစ်ရပ်ပြီး ရက်အနည်းငယ်အကြာတွင်ပင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
မေလဆန်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ ကရင်နီတပ်မတော် (KA) နှင့် ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတိုက်ပွဲများတွင် ကရင်နီတပ်မတော် ပါဝင်လာခဲ့သည်။
ထို့နောက် ဇူလိုင်လဆန်းမှစ၍ KNDF နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ KA ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ကယား(ကရင်နီ) ပြည်နယ်အတွင်း KNDF နှင့် KA ပူးပေါင်းတပ်များက စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ရဲစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီကာ သေဆုံးခဲ့သည်။
လက်နက်အင်အားနည်းသော်လည်း နယ်မြေကျွမ်းကျင်သည့် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို နယ်မြေအသာ၊ သတင်းအချက်အလက်အသာဖြင့် အကြိမ်ကြိမ် ချုံခုံတိုက်ခိုက်၊ ကြားဖြတ်တိုက်ခဲ့ကြသည်။
ဇူလိုင်မှစ၍ စစ်ကောင်စီ၏ တပ်မ(၆၆) မှ အင်အားရာချီသည့် စစ်ကြောင်းများက လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်များအတွင်း တောတောင်များအတွင်းထဲအထိ လှုပ်ရှားလာခဲ့ပြီး KNDF, KA တို့နှင့် တိုက်ပွဲဖြစ်ပွားလာခဲ့သည်။
KNDF က ထုတ်ပြန်သည့် တိုက်ပွဲသတင်းများအရ ဇူလိုင်တစ်လလုံး တိုက်ပွဲ ၅ ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လဆန်း ၆ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
ဩဂုတ် ၄ တွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူ (အထက်) ကျေးရွာကြားတွင် တပ်မ (၆၆) မှ အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို KNDF နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတပ်များမှာ ဖရူဆိုမြို့နယ်အတွင်းရှိသည့် တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန် ရောက်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တိုက်ပွဲသတင်း၊ စစ်ဘေးဒုက္ခသည်သတင်းတို့ကို ထုတ်ပြန်လေ့မရှိပေ။
ဘီသူရွာမှ ရွာသား ၃၀၀ ခန့် မှာ တိုက်ပွဲလွတ်သည့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီသူများက ပြောသည်။
လတ်တလောတွင် ကယားပြည်နယ်တစ်ခုလုံး၌ စစ်ရှောင်အရေအတွက် ရှစ်သောင်းမှ တစ်သိန်းကြားရှိမည်ဟု စစ်ရှောင်အရေးကူညီသူများက ခန့်မှန်းကြပြီး စစ်ရှောင်အများဆုံးရှိနေသည့် မြို့နယ်မှာ ဒီးမော့ဆိုမြို့နယ်ဖြစ်ကာ စစ်ရှောင်အရေအတွက် ၅ သောင်းခန့်ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။
စစ်ရှောင်အများစုမှာ စခန်းများ မတည်ဆောက်နိုင်ဘဲ နီးစပ်ရာကျေးရွာများရှိ ဘာသာရေးအဆောက်အအုံများနှင့် တောတွင်း၌ ရွက်ဖျင်တဲထိုးနေကြရပြီး နေရာအနှံ့ပြန့်ကျဲနေသည့်အတွက် စစ်ရှောင်အရေအတွက်ကို အတိအကျကောက်ယူရန်မှာ ခက်ခဲသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ဒီးမော့ဆိုမြို့အနောက်ဘက်မှာတော့ ကျေးရွာပေါင်း ၁၁ ရွာမှာ စစ်ရှောင် ၄,၀၀၀ ခန့် သောင်တင်နေပြီး အများစုမှာ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်များနှင့် ဒေါငံခါးရပ်ကွက်တို့မှဖြစ်သည်ဟု ဒီးမော့ဆိုအခြေပြု စစ်ဘေးရှောင်ကော်မတီ၏ တာဝန်ခံတစ်ဦးက ပြောသည်။
ယခင်က အလှူရှင်များ၏ ကူညီထောက်ပံ့မှုများရရှိခဲ့သော်လည်း ကိုဗစ်နိုင်တင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ဇူလိုင်လမှစ၍ အလှူရှင်များလျော့နည်းသွားသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ဘီသူရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးအနား ဘာဒိုရွာမှ စစ်ရှောင် ၁၅၀ ခန့် ရောက်ရှိလာ၍ စစ်ရှောင်အရေအတွက် ထပ်တိုးနိုင်ဖွယ်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“အခုကို တစ်ရွာနှစ်ရွာက စရှောင်နေကြပြီ၊ စစ်ကြောင်းထိုးလာပြီဆိုတော့ ရွာသူရွာသားတွေက ထွက်ပြေးနေရပြီ ။ နောက်လည်းထပ်လာဖို့ရှိနေတယ်” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်နှစ်ခုရှိ စစ်ရှောင်များကူညီရန်အတွက် လမ်းကြောင်းများ အခက်အခဲဖြစ်နေသလို စားရေးရိက္ခာများလည်း ခက်ခဲနေသည်ဟု စစ်ရှောင်ကူညီသူ ကိုခွန်အိုက်ကဖြူးက ပြောသည်။
ထို့အပြင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် ၂၅၀၀ ကျော်နေထိုင်သည့် ဆင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသူ အသက် ၁၆ နှစ်မှ ၁၂ နှစ်ကြားကလေးငယ် ၇ ဦးအထိရှိနေပြီး ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။
“အရေးမပေါ်တဲ့ မြို့နယ်က တစ်ခုမှမရှိဘူး၊ အကုန်လုံးအရေးပေါ်နေတယ် အခုက၊ မြို့နယ်အလိုက်ကလည်း လမ်းမကြီးတစ်လျှောက် တစ်ဆက်တည်းဖြစ်နေတော့ အကုန်လုံးအရေးပေါ်နေတယ်လို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု စစ်ရှောင်အရေးကူညီသူ ကိုခွန်းအိုက်ကဖြူးက ဆိုသည်။
ကယားပြည်နယ် မြို့နယ်တချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသလို စစ်တပ်က ကယားပြည်နယ်အတွင်း ထပ်မံထိုးစစ်ဆင်လာနိုင်သည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် ယခုရက်ပိုင်းအတွင်း KNDF က သတိပေးထားသည်။
ဩဂုတ် ၆ ၌ ကယားပြည်နယ်အတွင်း ယခင်လှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း (ခလရ) ၁၅၉ တပ်များအစား တိုက်ခိုက်ရေးတပ် ခြေမြန်တပ်ရင်းဖြစ်သော တပ်မ ၆၆ လက်အောက်ခံတပ်များဖြင့် တပ်အလဲအလှယ် ပြုလုပ်နေပြီး ရှမ်းပြည်နယ်ဘက်မှ စစ်ကား ၁၅ စီး၊ တပ်အင်အား ရာနှင့်ချီပြီးဝင်လာသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုသို့ဝင်လာသည့် တပ်မ ၆၆ လက်အောက်ခံတပ်များကို KNDF က ဖယ်ခုံမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တိုက်ပွဲတွေက ပိုများလာမယ်လို့ ကျွန်တော်တို့မှန်းထားတယ်၊ အကြောင်းရင်းက သူတို့ဘက်ကလည်း ထိုးစစ်တွေ၊ နယ်ကျွံတာတွေကလည်း ပိုများလာသလို ကျွန်တော်တို့ KNDF ရော KA ရောကလည်း နေရာချထားပြီးသားမို့လို့ ထိတွေ့မှုတွေက အရင်ကထက်စာရင် မကြာခဏပိုဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ကယားပြည်နယ်တစ်ခုလုံးတွင် စစ်တပ်က အင်အားထောင်နှင့်ချီကာ စစ်ဆင်ရေးပြုလုပ်နေသည်။ အဓိကအားဖြင့် တပ်မ ၆၆ လက်အောက်ခံတပ်များကို အသုံးပြုကာ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် စစ်ရေးလှုပ်ရှားလျက်ရှိကာ ထပ်မံအင်အားဖြည့်တင်းမှုများလည်း လုပ်ဆောင်နေသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။
ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။