အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူတွင် ပြည်ခိုင်ဖြိုးပါတီဝင်တို့၏ရန်ကြောင့် ရွာခံများ ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၀င်များက  လက်နက်ကိုင်ခြိမ်းခြောက်ခဲ့သဖြင့် တိမ်းရှောင်နေရသည့် ရွာခံတချို့မှာ နေရပ် မပြန်ရဲကြသေးဘဲ ထပ်မံထွက်ပြေးနေရသူများလည်း ရှိနေသည်။

ဇွန် ၁၆ တွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ခိုင်ဖြိုးပါတီဝင် ၅၀ ခန့်က  သေနတ်၊ တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ထိုကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ခေါင်းဆောင် ၄ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်ကြသည်ဟု ရွာခံအမျိုးသမီးနှစ်ဦးထံမှ သိရသည်။ 

ထို့ကြောင့် ကျေးရွာခေါင်းဆောင်ပိုင်းတချို့နှင့် နီးစပ်သူတချို့အပါအဝင် လူ ၃၀ ခန့်သည် အနီးအနား ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။

ဩဂုတ် ၂ ညဉ့်သန်းခေါင်တွင် ရွာလယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် အသက် ၅၀ အရွယ် ဦးဘိုတာ၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်ခံရပြီး မီးလောင်သွားကြောင်း၊ ထန်းကုန်းရဲစခန်းတွင်  သွားရောက်တိုင်တန်းခံရသူ အိမ်နီးချင်း ၂၀ ကျော်ထဲမှ  အသက် ၇၀ ဝန်းကျင် သက်ကြီးရွယ်အိုများ အပါအဝင် ၁၀ ဦး တိမ်းရှောင်ကြကြောင်း  NLD ပါတီ ထောက်ခံသူ ရွာခံ အမျိုးသမီးက ပြောသည်။ 

၎င်းကိုယ်တိုင်လည်း တစ်လဝန်းကျင် တိမ်းရှောင်ပြီး ဇူလိုင် ၂၀ ခန့်တွင် ရွာသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်မတို့ အိမ်ပြန်နေတော့ သူတို့ (ပြည်ခိုင်ဖြိုးပါတီဝင်များ) ကတော့ ပြောပါတယ်။ ညည်းတို့ကို ဘာမှမလုပ်ဘူး။ ကိုယ့်အိမ်ကိုယ်လာနေ၊ အဲဒီလိုတွေပြောတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။ 

“သူတို့ (USDP ပါတီဝင်များ)  လက်နက်တွေ မကိုင်တော့ပါဘူး။ လက်နက်တွေက ပြန်သိမ်းသွားပါပြီ။ လက်နက်တွေက စစ်တပ်က ပြန်ယူသွားတယ်လို့ ကျွန်မတို့ ကြားနေရတယ်။  သူတို့ NLD ဝန်းရံသူတွေပေါ်မှာ ရန်လုပ်တာ မရှိတော့ပါဘူး။ ရွာထဲမှာတော့ ဆန္ဒပြခေါင်းဆောင်ပိုင်းတွေတော့ ပြန်ဝင်လို့ မရသေးဘူး။ သူတို့ကတော့ အဲဒီလူတွေပြန်လာရင် ဖမ်းပေးမှာလို့တော့ သတင်းတွေ လွှင့်နေတယ်”  

လက်ရှိအချိန်တွင် ပြန်လာရန်ကြောက်ရွံ့နေသောကြောင့် တိမ်းရှောင်နေရဆဲဖြစ်သူ ၁၅ ဦးခန့်ရှိနေသည်ဟု အထက်ပါ ရွာခံအမျိုးသမီးက ဆိုသည်။

Google Map တွင် တွေ့ရသည့် ကန့်ဘလူမြို့နှင့် အနီးဝန်းကျင် ဒေသ

တိမ်းရှောင်နေရသည့် NLD ခေါင်းဆောင်ပိုင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ရွာသို့ ပြန်ဦးမည်မဟုတ်ဟု ပြောသည်။

“အခုချိန်ထိ ရွာနားကပ်လို့မရသေးဘူး။ အချို့လူတွေကတော့ ခေါင်းဆောင်မဟုတ်တော့ ပြန်နေလို့ရတယ်။ ကျွန်မတို့က ခေါင်းဆောင်သမီးဖြစ်နေတော့ ကပ်လို့မရသေးဘူး။ သူတို့က လက်နက်တွေကိုင်ပြီး အနိုင်ကျင့်တာ။ မိသားစုတွေကိုတွေ့ရင် သတ်ပစ်မယ်၊ ဖမ်းပစ်မယ် အဲဒီလိုတွေပြောတော့ ကျွန်မတို့လည်း ကြောက်တာပေါ့” ဟု ထိုအမျိုးသမီးက ဆိုသည်။  

လက်နက်ပြ ခြိမ်းခြောက်ခြင်း၊ နေအိမ်မီးရှို့ဖိက်ဆီးခြင်းများ ပြုလုပ်ခဲ့မှုသည် UDDP ပါတီဝင်များ ပိုင်ဆိုင်သည့် ကွမ်းခြံများ ဇွန် ၁၅ ည တွင် မီးလောင်ကျွမ်းခဲ့မှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းရက်များအတွင်းက  NLD ထောက်ခံသူများက  Myanmar Now သို့ ပြောခဲ့သည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုရွာမှ USDP ပါတီတာဝန်ရှိသူများနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း တယ်လီဖုန်း လက်ခံဖြေဆိုခြင်း မရှိပေ။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ကန့်ဘလူမြို့နှင့် ၇မိုင်အကွာရှိ ရီးဒွေးကျေးရွာသည် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် စစ်ကောင်စီတပ်က ၅ ကြိမ် ဝင်ရောက်စီးနင်းရှာဖွေခံရသော ရွာ ဖြစ်သည်။ 

ကန့်ဘလူမြို့အနီးတွင် အမှတ် (၂) ထောက်ပို့တပ်ရင်းနှင့် တင့်ကားတပ်ရင်း (၆၀၀၆)  စသည့် တပ်ရင်းများ အခြေစိုက်ကြောင်း သိရသည်။ 

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီကို ခုခံနေသည့် နိုင်ငံအနှံ့မြို့များအနက် တစ်ခုဖြစ်ပြီး ဇွန် ၂ က ဝါးညိုတောင်အနီး၌ ရဲနှင့် စစ်ကားများကို ဒေသခံလက်နက်ကိုင်အဖွဲ့က လက်လုပ်မိုင်း၊ လက်လုပ်တူမီးသေနတ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ရဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button