
(စိတ်မချမ်းမြေ့ဖွယ် အသေးစိတ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (ဩဂုတ် ၂၅) တွင် စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးအပါအဝင် အရပ်သားများကို သတ်ဖြတ်ပြီး နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ဦးကင်းကြည်ရွာကို နံနက် ၇ နာရီဝန်းကျင်ခန့်က ဝင်ရောက်စီးနင်းစဉ် အသက် ၂၀ မှ ၅၀ ကြား ရွာခံအမျိုးသား ၅ ဦး ဖမ်းဆီးပြီး၊ ၎င်းတို့အနက် ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
သတ်ဖြတ်ခံရသူများထဲမှ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းက ရွာအနောက် တောင်ဘက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းပြီးတော့ ချက်ချင်းမသတ်သေးဘူး။ အိမ်တွေ မီးရှီု့ပြီးပြီဆိုမှ နံရိုးတွေကို ဓားနဲ့ထိုးလိုက်၊ သေနတ်နဲ့ ပစ်လိုက်ပြီးတော့ သေပြီဆိုမှ လည်လှီးပစ်တာ။ သုံးယောက်စလုံးကို အဲ့အတိုင်း တပုံစံတည်း သတ်လိုက်တာ” ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် ဒေသခံ အမျိုးသား ကပြောသည်။
“အလောင်းတွေက မြေကြီးပေါ်မှ ဖုန်တွေနဲ့လူးနေတာ။ ခေါင်းတခြား၊ ကိုယ်တခြားတော့ မဟုတ်ဘူး။ လှီးပဲလှီးခဲ့တာ။ မဖြတ်ခဲ့ဘူး”
စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသား၏ မီးသင့်ရုပ်အလောင်းကို ရွာအနောက်တောင်ဘက်ပိုင်းတွင်ပင် တွေ့ရှိခဲ့ရသည်၊ အဖမ်းခံရသူများထဲမှ အသက် ၄၀ ကျော်အရွယ် အမျိုးသား၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးဟု အထက်ပါ ဒေသခံကဆိုသည်။

နေ့လယ် ၂ နာရီဝန်းကျင်တွင် စစ်တပ်က ရွာမှထွက်သွားသည်၊ ညနေပိုင်းတွင် ဒေသခံများက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ ရုပ်အလောင်းများကို သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
ချပ်သင်းရွာမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဦးကင်းကြည်ရွာကိုမရောက်မီ မိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် ရွာအနောက်တောင်ဘက်မှတဆင့် ပစောက်ပုံ ဝိုက်ပြီး ဝင်ရောက်စီးနင်းချိန်တွင် ဒေသခံများကို ဖမ်းဆီးခြင်းဖြစ်သည်။
ရွာကို စီးနင်းပြီးနောက် ဆန်၊ ဆီ ၊ ရိက္ခာများကို ၎င်းတို့ တပ်စွဲထားရာ အနီးရှိ ချပ်သင်းရွာ ဘက်သို့ သယ်ဆောင်သွားသည်ဟု သိရသည်။
စစ်တပ်က ထိုရွာကို အကြိမ်ကြိမ်ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ဖူးသော်လည်း ယမန်နေ့က မီးရှို့မှုမှာ ပျက်စီးမှုအများဆုံးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့၊ ပစ္စည်းလုယူမှုများ ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်အင်တာနက်စာမျက်နှာတွင်လည်း ထိုဖြစ်ရပ်အကြောင်း သတင်းဖော်ပြခြင်း မရှိသေးပေ။
ယခင် အမှုများတွင်မူ စစ်တပ်က ၎င်းတို့ကျူးလွန်ခြင်း မရှိကြောင်း မကြာခဏ ငြင်းဆိုခဲ့ဖူးသည်။
အမှတ် ၃၆၁ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းသည် ဩဂုတ် ၂၀ ရက်တွင် ကန့်ဘလူမြို့မှ ထွက်လာပြီးနောက် မြို့မြောက်ဘက်ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထိုစစ်ကြောင်းကို ဩဂုတ် ၂၄ ရက်နေ့က ချပ်ကြီးရွာနှင့် ချပ်သင်းရွာကြားတွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုနှင့်နီးစပ်သည့် အထက်ပါ ဒေသခံက ပြောသည်။
ထို့နောက် ဩဂုတ် ၂၅ ရက်က ဦးကင်းကြည်ရွာမှ စစ်တပ်ပြန်လည်ထွက်ခွာလာချိန်တွင်လည်း တော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ကျွန်းလှမြို့နယ်မှတဆင့် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းသို့ စစ်ကြောင်းဝင်လာချိန်တည်းက အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ဘေးရှောင်ရန် တော်လှန်ရေး အင်အားစုက တိုက်တွန်းထားသည်။
သို့သော်လည်း စပါးစိုက်ချိန် ဖြစ်သောကြောင့် လယ်ယာလုပ်ငန်းခွင်ကို ဦးစားပေးနေရသည့် အချို့ ဒေသခံ များမှာ ရွာကိုစွန့်ပြီး စစ်ရှောင်ရန် အဆင်သင့် မဖြစ်ခဲ့ပေ။
ကောလင်း၊ ကျွန်းလှတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကန့်ဘလူမြို့သည် လက်နက်ကိုင်ခုခံမှု ပြင်းထန်သည့်နည်းတူ စစ်တပ်ကို အားပေးထောက်ခံသည့် ဦးဝါသဝ၏ ဦးဆောင်မှုအောက်တွင် ပြည်သူ့စစ်အားကောင်းသည့် ကျေးရွာပေါင်း ၄၀ ထက်မနည်းရှိနေသည်။
ကန့်ဘလူနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် ကန့်ဘလူမြို့နယ်တွင်လည်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က ကျေးရွာများကို ခပ်စိတ်စိတ် စစ်ကြောင်းထိုးလာသည်။
ဇူလိုင်လကုန်ပိုင်းတွင် အမှတ် ၃၆၁ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ထိုစစ်ကြောင်းသည် ကန့်ဘလူမြို့ တောင်ဘက်ခြမ်းကို လှည့်လည်စစ်ကြောင်းထိုးချိန်တွင် ပစ်ခတ်မှု၊ ဖျက်ဆီးမှုများကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး အိမ်ခြေ ၂၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။
လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ကသာခရိုင်တို့ပါဝင်သည့် ဒေသကို “က”သုံးလုံးဒေသဟုလည်း ခေါ်ကြသည်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မဟာဗျူဟာအရ အရေးပါသည့် ဒေသဖြစ်သည်။
ကောလင်းခရိုင်၊ ပင်လည်ဘူး၊ ကသာခရိုင် အင်းတော်နှင့်ထီးချိုင့်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကစပြီး တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေး အင်အားစုများက မြို့သိမ်းပိုက်ထိန်းချုပ် နိုင်ရေးအတွက် ကြိုးပမ်းနေသည်။
မကြာသေးမီက ကန့်ဘလူနှင့်နယ်မိချင်းနီးကပ်သည့် တကောင်းမြို့နှင့် သပိတ်ကျင်း မြို့၊ စဉ့်ကူးမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။