သတင်း

ကိုဗစ်ဒဏ်သင့် ကချင်စစ်ရှောင်စခန်းများ အကူအညီလိုအပ်နေ

တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့် ကချင်ပြည်နယ် စစ်ရှောင်စခန်းအချို့တွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုမြင့်တက်နေပြီး အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူ ၄ ဦးက ပြောသည်။

မြို့တော် မြစ်ကြီးနား၏ တစ်ဖက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့၊ မိုင်းနား (RC) စစ်ရှောင်စခန်းတွင် ဩဂုတ် ၃ မှစ၍ ကိုဗစ်အတည်ပြုလူနာ ၅ ဦး စတင်တွေ့ရှိသဖြင့် ဝိုင်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ၎င်းတို့၏နေအိမ်များကို အသွားအလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း စခန်းတာဝန်ခံ ဦးလွန်းဇယ်က ပြောသည်။

“အကူအညီတွေလည်း အများကြီးလိုလာပါလိမ့်မယ်” ဟု ဦးလွန်းဇယ်က ပြောသည်။

၂၀၁၇ မှစ၍ ဝိုင်းမော်၊ ချီဖွေ၊ အင်ဂျန်းယန်၊ မံဆီ၊ ဖားကန့်မှ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ပြီး ၁၇၀၀ ဦးကျော်ရှိသည့် ၎င်း၏စခန်း၌  လူငယ်ပိုင်း အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး၊ အသက် ၆၃ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ကူးစက်ခံရခြင်းဖြစ်သည်။

ထို့အတူ ဝိုင်းမော်မြို့၌ပင်ရှိပြီး အိမ်ထောင်စု ၅၃၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ခန့် ခိုလှုံနေကြသည့် မိုင်းနား (KBC) စစ်ရှောင်စခန်းတွင်လည်း ဇူလိုင် ၂၄ ရက်မှစ၍ ကိုဗစ်အတည်ပြုလူနာများ တွေ့ရှိလာရပြီး ဩဂုတ် ၃ အထိ ၃၅ ဦးရှိပြီဟု တာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။

ပိုးတွေ့လူနာများထဲတွင် ၆ လအရွယ်ကလေးငယ်တစ်ဦး၊ ၁၀ နှစ်အောက်က လေးငယ် ၅ ဦးပါဝင်နေပြီး အများစုမှာ အသက် ၆၀ ဝန်းကျင်များဖြစ်သည်ဟု သိရသည်။ ဇူလိုင် ၂၁ ကတည်းက အသွားအလာကန့်သတ်ထားသည့် ၎င်းတို့စခန်းအတွက် အစားအသောက်နှင့် ကိုဗစ်ရောဂါကာကွယ်ရေးသုံးပစ္စည်း အခက်အခဲဖြစ်နေသည်ဟု ဦးဘရန်ဆိုင်းက ပြောသည်။

“ပိုးတွေ့လူနာက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးများလာတော့ Lock Down (အသွားအလာကန့်သတ်မှု) လည်း ဆက်လက်ရှည်ဦးမှာပဲ၊ အခုအချိန်မှာက အားလုံးလည်းခက်ခဲနေတယ်ဆိုပေမဲ့ ကျွန်တော်တို့က ပိုပြီး ခက်ခဲတဲ့အတွက်ကြောင့် အကူအညီကတော့ အများကြီးလိုအပ်မှာပဲလို့၊ ဆက်လက်ပြီးလည်း ကူညီကြပါဦးလို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပန်ကြားသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား (KBC) စစ်ရှောင်စခန်းတွင် ကိုဗစ်နိုင်တင်းကူးစက်မှုရှိမရှိ စစ်ဆေးရန် နမူနာရယူနေသည်ကို ဩဂုတ် ၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ထို့အပြင် ဗန်းမော်မြို့မှ လူဦးရေ ၃၈၀၀ ကျော် ခိုလှုံရာ ရောဘတ်စစ်ရှောင်စခန်းအတွင်း ဖျားနာမှုများရှိလာသဖြင့် ဩဂုတ်လမှစ၍ စခန်းကို Lock Down ချထားရသည်ဟု တာဝန်ခံတစ်ဦးဖြစ်သည့် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ထိန်နန်နော်က ပြောသည်။

ဇူလိုင်လ ပထမပတ်၌ ပိုးတွေ့လူနာတစ်ဦးရှိခဲ့ဖူးသည့် အဆိုပါစစ်ရှောင်စခန်းတွင် ယခုအထိ ရောဂါဖြစ်ပွားမှု ထပ်မတွေ့ရသေးကြောင်း၊ သို့သော် စခန်းနှင့် ပေ ၅၀ ခန့်အကွာတွင်ရှိပြီး ဦးရေ ၇၀ ကျော် နေထိုင်သည့် မိဘမဲ့ဂေဟာ၌ အသက် ၁၀နှစ် ဝန်းကျင် ကလေး ၄၇ ဦး ကူးစက်ခံထားရကြောင်း၊ ယင်းတို့အနက် အသက် ၁၃ နှစ်အရွယ် ၉ တန်းကျောင်းသားတစ်ဦး ဇူလိုင် ၃၁ တွင် သေဆုံးခဲ့ကြောင်း ဆရာတော်ထံမှ သိရသည်။

“အခုကတော့ ပိုးတွေ့လူနာတွေကို သီးသန့်ထားထားပါတယ်၊ ပင်စင်အငြိမ်းစားယူထားတဲ့ ဆေးဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီးတော့ အစွမ်းကုန်လုပ်ပေးနေပါတယ်။ အရမ်းဆိုးလာရင်တော့ အစိုးရဆေးရုံတွေပဲ သွားရမှာပေါ့” ဟု ဆရာတော် ထိန်နန်နော် မိန့်သည်။

လတ်တလောတွင် ပုဂ္ဂလိက လှူဒါန်းကူညီမှုအချို့ရထားသော်လည်း စစ်ကောင်စီ၏ ပံ့ပိုးပေးခြင်း မရှိသေးဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ  ဇူလိုင် ၃၁ မှ ဩဂုတ် ၁ (၂၄ နာရီ အတွင်း) ကချင်ပြည်နယ်တွင် ကိုဗစ်လူနာ ၁၅၈ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။

သို့သော် ကပ်ရောဂါတတိယလှိုင်းဖြင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတစ်ဝန်းတွင် ၎င်းတို့၏ စွမ်းဆောင်ရည်နိမ့်ပါးနေခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား အသက်မဝင်သည့် နယ်မြေများ ကချင်ပြည်နယ်တွင် ရှိနေခြင်းတို့ကြောင့် အထက်ပါ ကိန်းဂဏန်း၏ တိကျမှန်ကန်မှုကို မေးခွန်းထုတ်ရဖွယ်ရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) ဌာနချုပ်ရှိသည့် လိုင်ဇာမြို့အနီး စစ်ရှောင်စခန်းနှစ်ခုတွင်လည်း ကိုဗစ်အတည်ပြုလူနာများရှိလာသဖြင့် စခန်းများအပါအဝင် မြို့ကိုပါ ဇူလိုင် ၂၈ ရက်မှစ၍ အသွားအလာကန့်သတ်ထားရသည်ဟု သိရသည်။

လိုင်ဇာမြို့အထက်ဘက် ရပ်ကွက်(၁)တွင်ရှိသည့် ဝေကျိုင်စစ်ရှောင်စခန်းတွင် ၉ ဦး၊ ၅ မိုင်ခန့်ဝေးသည့် ဂျေယန်စစ်ရှောင်စခန်းတွင် ၁ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့ကို စခန်းပြင်ပတွင် သီးသန့်ခွဲထားကာ KIO ဌာနချုပ်မှ တာဝန်ယူစောင့်ရှောက်ပေးနေကြောင်း ဝေကျိုင်စခန်းမှ ခရစ်ယာန်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဂွမ်ဖန်လတ်က ပြောသည်။

ဩဂုတ် ၃ ရက်က လိုင်ဇာမြို့ရှိ ကိုဗစ်စင်တာတွင် ဆေးကုသခံနေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း KIO ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးအဖွဲ့က ဒေသတွင်းသတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။

လိုင်ဇာမြို့၊ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီကလည်း မြို့သူမြို့သားအားလုံးကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပေးမည်ဟု ဇူလိုင် ၂၇ ရက်တွင် ကြေညာထားသည်။

ထို့အပြင် KIA/KIO အခြေစိုက်သည့် လိုင်ဇာနှင့် အနီးရှိ မိုင်ဂျာယန်တို့တွင် နေထိုင်သည့် လူဦးရေ တစ်သောင်းဝန်းကျင်ကို တရုတ်နိုင်ငံက ကူညီသည့် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ လူဦးရေ သုံးသိန်းအထိ ထိုးပေးနိုင်ရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောထားသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ စတင်သည့် တစ်ကျော့ပြန်စစ်ပွဲများကြောင့် စစ်ရှောင်စခန်းပေါင်း ၁၈၀ ကျော်၊ ဦးရေ ၁၂၀,၀၀၀ ကျော်အထိရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့၏ စာရင်းများက ဆိုသည်။

Show More

Related Articles

Back to top button