အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောက်စီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်း အွန်လိုင်းမှဝယ်သူတို့ ငွေလိမ်ခံရ

ကိုဗစ်နိုင်တင်း(Covid-19) အရေးပေါ်လူနာများအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရှာဖွေဝယ်ယူရာတွင် ငွေလိမ်လည်မှုနှင့် ရင်ဆိုင်ရသူများ ရှိလာသည်။  

စစ်အာဏာသိမ်းပြီး ၅ လကျော်အကြာ ကိုဗစ်ဖြစ်ပွားမှုနှုန်း၊ သေဆုံးနှုန်းတို့ တစ်ဟုန်ထိုး မြင့်တက်လာသောကြောင့် အသက်ရှူကျပ်သည့် ကိုဗစ်လူနာများ အောက်စီဂျင်လိုအပ်ချက်မြင့်မားလာပြီး အိုးနှင့် ဆက်စပ်ပစ္စည်းကို ရနိုင်သည့်နည်းလမ်းဖြင့် အရေးပေါ်ဝယ်ယူရာတွင် လိမ်လည်ခံရခြင်း ဖြစ်သည်။

လိမ်လည်ရောင်းချသူ များပြားကြောင်းသိသော်လည်း လူနာအသက်ရှင်သန်ရေးအတွက် စိုးရိမ်စိတ်လွန်ကဲနေသဖြင့် လိမ်လည်ခံလိုက်ရကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“အရေးပေါ်လိုနေတာရယ်၊ ဘဏ်အကောင့်ပါပေးထားတာရယ်၊ နောက်ပြီး သူ့ပိုစ်အောက်မှာလည်း ရှေ့တစ်သုတ် မှာတဲ့သူတချို့ ရတယ်ဆိုတာရယ် မြင်ထားလို့ပါ။ အဲ့ဒါကြောင့် အရဲစွန့်ပြီး မှာခဲ့တာပါ” ဟု ငွေကျပ်သုံးသိန်းကျော် အလိမ်ခံခဲ့ရသည့် အဆိုပါအမျိုးသမီးက ပြောသည်။

“အောက်စီဂျင်အရေးပေါ်လိုအပ်သူများ” အမည်ရှိ Facebook group တွင် အောက်စီဂျင်အရည်အပါအဝင် ၁၅ လီတာအိုးနှင့် ပစ္စည်းအစုံအလင် ၂ လုံးကို ကျပ် ၆ သိန်းဖြင့် ရောင်းချပေးမည်ဟု ရေးသားထားသဖြင့် ဆက်သွယ်ပြီး ကြိုတင်ပေးချေခဲ့သည် ပစ္စည်းဖိုးကျပ် ၃ သိန်းနှင့် ဘဏ်ငွေထုတ်ခ ကျပ် ၂ သောင်း လိမ်လည်ခံရခြင်းဖြစ်သည်။  

မိသားစုဝင်နှစ်ဦး အသည်းအသန်ဖြစ်နေချိန်တွင် အောက်စီဂျင် ၄၀ လီတာတစ်လုံးသာ ရှိကြောင်း၊ အလိမ်ခံလိုက်ရချိန်တွင် အောက်စီဂျင် အရေးပေါ်မရနိုင်တော့ဘဲ အစ်မဖြစ်သူ အသက်ဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

အိုးနှင့် ဆက်စပ်ပစ္စည်းများကို လူနာရှင်များက အလုအယက်ဝယ်ယူနေခြင်း၊ ကပ်ရောဂါကူးစက်မှု ပျံ့နှံ့နေမှုကို စိုးရိမ်ရခြင်းတို့ကြောင့် ပစ္စည်းလက်ကျန်ရှိသည့် အရောင်းဆိုင်များ၊ စက်မှုဇုန်များ၌ သွားရောက်မဝယ်နိုင်ဘဲ အွန်လိုင်းမှ အဓိကရှာဖွေကြကြောင်း ၎င်းက ပြောသည်။

အွန်လိုင်းတွင် ဝယ်ယူပါက ပစ္စည်းတန်ဖိုးကို ရာနှုန်းပြည့် သို့မဟုတ် တစ်ဝက် ကြိုမပေးချေလျှင် ပစ္စည်းဝယ်၍ မရကြောင်း၊ လူနာအသက်လုနေရသည့်အခြေအနေတွင် အလိမ်ခံရနိုင်ခြေရှိသော်လည်း အရဲစွန့်ပြီး ဝယ်ယူကြရကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

“မိသားစုအသက်က အရေးကြီးလာတဲ့အခါ မျှော်လင့်ချက်တစ်မှုန်စာဆိုရင်တောင် ယုံကြည်လိုက်ကြတာမို့ပါ။ ငွေလိမ်တယ်၊ ဆေးဝါးပစ္စည်းတွေ လိမ်ရောင်းတယ်၊ လူ့အသက်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို လုပ်ရက်တာကိုတော့ ဗုဒ္ဓဘာသာနိုင်ငံမှာ နေထိုင်တဲ့သူတစ်ယောက်အနေနဲ့ အရမ်းကို ဝမ်းလည်းနည်း၊ အံ့ဩရပါတယ်” ဟု ၎င်းက ဆိုသည်။

လိမ်လည်ရောင်းချသူ၏ လူမှုကွန်ရက်အကောင့်သည် အသစ်စက်စက်ဖွင့်ထားခြင်း မဟုတ်ဘဲ သုံးစွဲမှုကြာမြင့်သည့် မှတ်တမ်းရှိပြီး ဝိုင်ဖိုင်စက်များရောင်းချမှုရှိခဲ့ကြောင်း၊ ပစ္စည်းမှာပြီး ၃ ရက်အကြာတွင် အကောင့်ပိတ်သွားကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသူများအနေဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် ကုသရေးစင်တာများသို့ တက်ရောက်ရန်ခက်ခဲခြင်းကြောင့် နေအိမ်တွင် ကုသနေရပြီး အရေးပေါ်လူနာများကို အောက်စီဂျင်အသင့်ရှိရန် မဖြစ်မနေ အရေးကြီးလာသည်။

ထိုအခက်အခဲနှင့် ဘေးဒုက္ခကို အခွင့်ကောင်းယူကာ အွန်လိုင်းပေါ်မှ လိမ်လည်ကြခြင်းဖြစ်ကြောင်း၊ ဝယ်သူများအနေဖြင့် နေရာစုံတွင် ပစ္စည်းရှာမရသဖြင့် အရဲစွန့်ရာမှ လိမ်လည်ခံရသည်ဟု ငွေလိမ်ခံရသည့် ရန်ကုန်မြို့မှ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။

သွေးအတွင်း အောက်စီဂျင်ပါဝင်နှုန်း ၈၀ အောက်ကျဆင်းနေသော မိခင်ဖြစ်သူအတွက် အောက်စီဂျင်ပေးနိုင်ရန် ဓာတ်ငွေ့ချိန်ကိုက်ညှိမီတာ (Flow Meter) လိုအပ်သဖြင့် လူမှုကွန်ရက်၌ ရှာဖွေဝယ်ယူရာတွင် ၆၅,၀၀၀ ကျပ် အလိမ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ကုမ္ပဏီဝန်ထမ်း ထိုအမျိုးသမီးက ဆိုသည်။

အောက်စီဂျင်ပေးနိုင်ရန်အတွက် အိုး၊ ဓာတ်ငွေချိန်ကိုက်ညှိမီတာတို့မှာ ပြည်တွင်း၌ ပစ္စည်းပြတ်နေသည့်အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မှာယူလျှင်ပင် တစ်လကြာမြင့်မည်ဟု စုံစမ်းသိရှိရကြောင်း ပြောသည်။

“စိတ်ထဲက သိတယ်။ အရဲစွန့်ပြီးဝယ်လိုက်တာ။ နောက်နေ့ကျတော့ သူ့ရဲ့ဖုန်းနံပါတ်တွေ၊ သူရဲ့အကောင့်တွေ လုံးဝ ဆက်သွယ်လို့မရတော့ဘူး။ ကြည့်လို့မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

လိမ်လည်သူများ၏ လူမှုကွန်ရက်အကောင့်သည် ရေရှည်သုံးသည့် အစစ်အမှန်ပုံစံဖန်တီးထားပြီး အောက်စီဂျင်လိုအပ်သူများ၏ စိတ်ဆန္ဒစောမှုကို အသုံးချကာ ပိပိရိရိလိမ်လည်ကြောင်း ၎င်းက သုံးသပ်သည်။

၎င်းအနေဖြင့် Flow Meter ကို အခြားအသိမိတ်ဆွေများအကူအညီဖြင့် ငှားရမ်းအသုံးပြုကာ ဖြေရှင်းခဲ့ရကြောင်း သိရသည်။ 

ရန်ကုန်မြို့၌ -အောက်စီဂျင်အိုးဖြည့်သွင်းရန် တန်းစီစောင့်ဆိုင်းနေကြသည်ကို ဇူလိုင် ၁၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

အလားတူ ရန်ကုန်မြို့မှ အမျိုးသားတစ်ဦးလည်း အောက်စီဂျင်ကျနေသော မိခင်အတွက် Flow Meter ကို ဇူလိုင် ၂၅ ၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရာတွင် Thurein Oo အမည်ရှိ Facebook အကောင့်က ကျပ် ၃၅,၀၀၀ လိမ်လည်သွားခဲ့သည်။ 

ထိုသို့ ငွေကြေးလိမ်လည်ခံရမှုအများအပြားရှိကြောင်း Myanmar Now က ကာယကံရှင်တချို့ကို ဆက်သွယ်မေးမြန်းနိုင်ခဲ့သော်လည်း အရေအတွက်မည်မျှရှိသည်ကို သီးခြားအတည်မပြုနိုင်သေးပေ။ 

Flow Meter ဈေးနှုန်းများမှာ ကျပ် ၁၆၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ၊ အောက်စီဂျင်ဖြည့်သွင်းပြီးအိုး ကျပ် ၆ သိန်း မှ ကျပ် ၁၀ သိန်းအထိ ဈေးခေါ်ရောင်းချနေသည်။ 

ထိုသို့ ငွေလိမ်လည်မှုအပြင် CNG နှင့် အခြားဓာတ်ငွေ့အိုးများကို အောက်စီဂျင်အိုးဟုဆိုကာ လိမ်လည်ရောင်းချမှုများတွေ့ရကြောင်း မန္တလေးမြို့ စေတမန်နာမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆေးသုတ်ပြီးတော့ ဖျက်ထားတယ်။ CNG ကို ကျောက်စက်နဲ့ တိုက်ဖျက်ထားတယ်။ အိုးတွေကို လိမ်ရောင်းတာ၊ သုံးမရတော့ဘူး။ အတွင်းထဲဟာတွေနဲ့ နောက်ပြီးတော့ ‌သေချာမဆေးနိုင်ဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

အိုးနှင့် ဆက်စပ်ပစ္စည်းများဝယ်ရသော်လည်း အောက်စီဂျင်အရည်ဖြည့်ရန် ခက်ခက်ခဲခဲကြိုးစားနေရပြီး ပရဟိတအဖွဲ့အစည်းများနှင့် အောက်စီဂျင်စက်ရုံများက မှန်မှန်ကန်ကန်ရောင်းချပေးမှုရှိသလို ပွဲစားများ၊ လိမ်လည်သူများလည်းရှိကြောင်း အောက်စီဂျင်ဖြည့်သူများက ဆိုသည်။

အောက်စီဂျင်ဖြည့်ရန် တန်းစီပေးမည်ဟုဆိုကာ အိုးကို လိမ်လည်သွားသူများလည်းရှိကြောင်း ကြားသိရသည်။ 

ယခင်က ရောဂါသည်များသာ အသုံးပြုသည့် အောက်စီဂျင်ကို ယခုအခါ ကိုဗစ်လူနာနှင့် ဆက်စပ်သံသယရှိသူများက အရေးပေါ်အဖြစ် အသုံးပြုနေရချိန်တွင် စစ်ကောင်စီ၏ အောက်စီဂျင်ကို ကန့်သတ်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ ထို့ပြင် စစ်ကောင်စီက ကိုဗစ်သံသယဖြင့် သေဆုံးနှုန်းမြင့်မားနေသည့် ရန်ကုန်တွင် အောက်စီဂျင်ဖြည့်လိုပါက ထောက်ခံစာယူရမည့်စနစ်ကို အသက်သွင်းလျက်ရှိသည်။

စစ်ကောင်စီသည် အောက်စီဂျင်လိုအပ်ချက်ကို မဖြည့်ဆည်းသည့်အပြင် အများပြည်သူကို ဖြန့်ဖြူးပေးနေသည့် အောက်စီဂျင်စက်ရုံများကို လိုက်လံပိတ်ပင်နေပြီး အောက်စီဂျင်ဖြည့်ရာတွင် ကျန်းမာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ လူနာမှတ်ပုံတင်နှင် သန်းခေါင်စာရင်းတို့ဖြင့် ရောင်းချရန် စီစဉ်နေသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် အများပြည်သူ၏ လိုအပ်ချက်ဖြစ်သည့် ဘဏ်နှင့် ငွေထုတ်စက်များမှ ငွေသားထုတ်ယူမှုမှအစ အရေးပေါ်လူနာအတွက် အသက်ကယ်အောက်စီဂျင်အထိ ကန့်သတ်ထိန်းချုပ်လာပြီး ထိုအခက်အခဲကို အခွင့်ကောင်းယူကာ အကျိုးအမြတ်ရှာဖွေသူများ၊ လိမ်လည်သူများရှိလာကြခြင်း ဖြစ်သည်။

ရဲနှင့် ထောက်လှမ်းရေးများက အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်သူတို့ကိုသာ ပစ်မှတ်ထားနေချိန်တွင် ငွေကြေးလိမ်လည်သူတို့ ဖမ်းဆီးအရေးယူခြင်း မခံရဘဲ လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်နေကြသည်။

လက်ရှိကာလ၌ ပြည်သူများအနေဖြင့် အကာအကွယ်မဲ့နေပြီး ပြည်သူအချင်းချင်း ဖေးမရပ်တည်နေရကြောင်း၊ ဆုံးရှုံးနစ်နာမှုများကို မည်သူမှကူညီမပေးနိုင်ကြောင်း ငွေကျပ်သုံးသိန်းကျော် အလိမ်ခံခဲ့ရသည့် အမျိုးသမီးက ဆိုသည်။

“ဘာမှမတတ်နိုင်ဘဲ ဖြစ်သမျှကံပဲလို့ ပုံချရမည့်အခြေအနေမျိုးမှာ ကျွန်မတို့ နေနေကြရတာပါ။ ဘယ်သူကရော ဘာလုပ်ပေးနိုင်လို့လဲ” ဟု ၎င်းက ဆိုသည်။

Related Articles

Back to top button