သတင်း

ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် အဓိကပါဝင်ခဲ့သူဟု စွပ်စွဲခံထားရသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ထွက်ပြေးတိမ်းရှောင်စဉ် ပါဝင်ကူညီခဲ့သည့် ရဲထွဋ်လှိုင်ကို အမှုတွင် တရားခံ မဟုတ်ဘဲ တရားလိုပြသက်သေအဖြစ် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ တပ်မတော်ထောက် လှမ်းရေး အရာရှိဟောင်း ဇေယျာဖြိုး၏ညီဖြစ်သူ ရဲထွဋ်လှိုင်သည် အောင်ဝင်းခိုင်အား နေပြည်တော်ရှိ သူ၏ ရောင်ဝါဖြိုးကုမ္ပဏီရုံးရှိရာသို့  ဦးကိုနီလုပ်ကြံခံရပြီး နောက်တစ်နေ့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ရန်ကုန်မှ ကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး၊ အောင်ဝင်းခိုင်သည် ထိုရုံးတွင်ပင် ဖုန်းနှစ်လုံး၊ စာရွက် စာတမ်းများကို မီးရှို့ ဖျက်ဆီးခဲ့သည်။

ထို့နောက် ရဲထွဋ်လှိုင်ကပင် အောင်ဝင်းခိုင်ကို မကွေးမြို့သို့သွားရန် လိုက်ပို့ပေးစဉ်တွင် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် ရပ်တန့်စေပြီး ကားပေါ်မှ အောင်ဝင်းခိုင် ဆင်းသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဦးကိုနီလုပ်ကြံခံရမှုတွင် လိုက်ပါဆောင်ရွက်နေသူ ရှေ့နေကြီးဦးနေလက ရဲထွဋ်လှိုင်မှာ တရားခံလွတ်မြောက်ရေး အားပေးကူညီသူဖြစ်သည့်အတွက် အောင်ဝင်းခိုင်လွတ်မြောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ သူ့အား အဓိကသက်သေအဖြစ် စစ်ဆေးစေလိုကြောင်း ပြောသည်။

“ခု သူက တရားလိုသက်သေစာရင်းထဲမှာ ပါတယ်။ အဲဒီ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အခု စစ်ဆေးဖို့တင်ပြတဲ့ အခါမှာ ဥပဒေရုံးရဲ့ သဘောထားကတော့ ကျန်တဲ့ အမှုနဲ့ ဆက်လက်စစ်ဆေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ သဘောထားကတော့ အမှုအကြောင်းခြင်းရာမဟုတ်ဘဲနဲ့ တရားခံပြေးဖမ်းဆီးရမိရေးဖြစ်တဲ့အတွက်ကြောင့် တရားခံပြေးဖမ်းဆီးရမိရေးအမှုမှာ သက်သေအဖြစ် စစ်ဆေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ဦးနေလက ပြောသည်။

ဇွန်လ ၂၃ ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့သော ဦးကိုနီလုပ်ကြံခံခဲ့ရမှု ၁၂ ကြိမ်မြောက်ကြားနာမှုတွင် လူသတ်သမားကြည်လင်းနှင့် အပေါင်းအပါများတွေ.ရစဉ်။ (ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ဇွန်လ ၂၃ ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့သော ဦးကိုနီလုပ်ကြံခံခဲ့ရမှု စစ်ဆေးကြားနာသည့် ၁၂ ကြိမ်မြောက် ရုံးချိန်းတွင် မှုခင်းရဲတပ်ဖွဲ့ ရဲမှူးတင်မောင်ဆွေက အောင်ဝင်းခိုင်ကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေသော်လည်း ယခုအချိန်ထိ ဖမ်းဆီးရရှိမှု မရှိသေးဘဲ လွတ်မြောက်နေကြောင်း၊ ဖမ်းဆီးရမိရေးအတွက် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများရှိ ရဲတပ်ဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း တရားခွင်တွင် စာရွက်စာတမ်းများနှင့်တကွ ရှင်းလင်း တင်ပြသွား သည်။

၂၃ ရက်နေ့ တရားခွင်သို့ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အဓိက တရားခံများအဖြစ် ဖမ်းဆီးခံထားရသော ညီအစ်ကိုနှစ်ဦးဖြစ်သူ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်း၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့လေးဦးအား အင်းစိန်ထောင်မှ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

တရားခံပြေး အောင်ဝင်းခိုင်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် ညီအစ်ကိုတော်စပ်သူဖြစ်သည်။

ရှေ့နေဦးနေလက အောင်ဝင်းခိုင်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများ၊ ထွက်ဆိုချက်များအပေါ် အားရမှုမရှိကြောင်း ပြောသည်။

“ရဲတပ်ဖွဲ့ကနေပြီး တရားရုံးမှာ အောင်ဝင်းခိုင်ကို တရားစွဲဆိုပြီးတဲ့ကာလ၊ တရားမစွဲဆိုခင်ကာလမှာ အမှန်တကယ် ဖမ်းဆီးဖို့ရှာဖွေတဲ့ အပိုင်းကို တရားရုံးမှာ ထွက်ဆိုစေချင်တာ။

အဲဒီထွက်ဆိုချက်မရဘူးလို့ ပြောလို့ရတယ်။ အားလုံးဟာ ဝရမ်း အတည်ပြုပြီးတဲ့ အခါမှာ ဝရမ်းအရ လိုက်လံဆောင်ရွက်တဲ့ အပိုင်းကိုပဲ ထွက်ဆိုနေတာတွေ့ရတယ်။ အမှန်တကယ် ဘယ်လိုရှာဖွေခဲ့တယ်၊ စုံစမ်းခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ထွက်ဆိုချက်ပေးတာကို မတွေ့ခဲ့ရဘူး” ဟု ဦးနေလက ပြောသည်။

အောင်ဝင်းခိုင်နှင့် ဆက်စပ်သော လူသက်သေများ ဆင့်ခေါ်စစ်ဆေးရန်၊ စာရွက်စာတမ်း အထောက်အထားများ တရားရုံးမှတဆင့် ရရှိရန်လည်း ခက်ခဲနေကြောင်း ဦးနေလက ဆက်ပြောသည်။

တိမ်းရှောင်နေသော တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ဇွန် ၃ဝ ရက်နေ့ တရားခွင်တွင် တရားလို ရဲအုပ်မိုးနိုင်ကို စစ်ဆေးသွားမည်ဟု အထူးခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ ။

Show More

Related Articles

Back to top button