မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ဘုံဘေချစ်တီးထမင်းဆိုင်ပိုင်ရှင် ဇနီးမောင်နှံမှာ ယနေ့ (ဇူလိုင် ၂၇) နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ ဇနီးမောင်နှံမှာ အသက် ၃၀ ဝန်းကျင် စမီး (ခ) ကိုကောင်းမြတ်သူနှင့် မဝတ်ရည်တို့ဖြစ်ပြီး မည်သည့်အတွက်ကြောင့် လုပ်ကြံသတ်ဖြတ်ခံရသည်ကို သေသေချာချာ မသိရသော်လည်း အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မြို့ခံနှစ်ဦးက ပြောသည်။
ယနေ့ နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့အထွက် မန္တလေး − မြင်းခြံကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပျူစောထီးအဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဘုံဘေချစ်တီးထမင်းဆိုင်ပိုင်ရှင် ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်ခဲ့သည့် မြင်းခြံမြို့ခံနှစ်ဦးအနက် ပထမတစ်ဦးက “သူတို့က ပျူစောထီးရဲ့ ခြိမ်းခြောက်ခံရတဲ့ စာရင်းမှာ မပါဘူး။ နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် မလုပ်ဘူး။ လိုင်းပေါ်မှာ တင်တာလေးတွေရှိတယ်” ဟု ပြောသည်။
အဆိုပါဇနီးမောင်နှံကို လက်စွမ်းပြ လုပ်ကြံသတ်ဖြတ်ကာ ပြည်သူကို ခြိမ်းခြောက်သည့်အနေအထား သက်ရောက်နေသည်ဟုလည်း ၎င်းက ပြောသည်။
ကိုကောင်းမြတ်သူမှာ Facebook လူမှုကွန်ရက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အာဏာသိမ်းခေါင်းဆောင်များကို ဝေဖန်ရှုတ်ချကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံကြောင်း ရေးသားလေ့ရှိသူဖြစ်ကြောင်း မြို့ခံများက ဆိုပြီး ၎င်း၏ Facebook အကောင့်တွင်လည်း ထိုသို့ရေးတင်ထားသည်ကို တွေ့ရသည်။
သေဆုံးသူ ဇနီးမောင်နှံမှာ အိမ်ငှား၍ ချစ်တီးထမင်းဆိုင်နှင့် ကုန်စုံဆိုင်တို့ ဖွင့်လှစ်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ပြီး ၎င်းတို့တွင် ၇ နှစ်နှင့် ၂ နှစ်အရွယ် သားနှစ်ဦး ကျန်ရှိခဲ့သည်ဟု သိရသည်။
စမီး (ခ) ကိုကောင်းမြတ်သူမှာ မျက်လှည့်ဆရာ “မြိုင်ရာဇာ” အဖြစ် ကလေးများကို အခမဲ့ လိုက်လံဖျော်ဖြေပေးလေ့ရှိသူတစ်ဦးဖြစ်ကာ နာမည်ကျော်တီဗီရှိုးအစီအစဉ်တစ်ခုဖြစ်သည့် Myanmar’s GOT Talent တွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသည်ဟုလည်း သိရသည်။
“ပုဂ္ဂိုလ်ရေးအငြိုးအတေးကြောင့် လုပ်တယ်လို့ ထင်ပါတယ်။ ပျူစောထီးအဖွဲ့ Page (Facebook) တစ်ခုမှာသော်လည်းကောင်း အတိုက်အခံအငြိအစွန်းရှိလို့ ဖြစ်မယ်။ ဒီကလေးမှာ အဲဒီလောက်ထိ လုပ်ကြံရလောက်အောင် အပြစ်မရှိခဲ့ဘူး။ သူ့ထက် ထိရောက်အောင်လုပ်တဲ့သူ အများကြီးရှိတယ်” ဟု မြင်းခြံမြို့ခံ ဒုတိယတစ်ဦးက ပြောသည်။
မြင်းခြံအပါအဝင် ရန်ကုန်နှင့် ဒေသအချို့၌ စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်များ ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ထိုသို့တိုက်ခိုက်ခံရသူများကို ကာကွယ်ပေးမည်ဟု ကြေညာကာ ပျူစောထီးဆိုသောအဖွဲ့ ပေါ်ပေါက်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပါအဝင် NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် ပျူစောထီးအဖွဲ့က မြင်းခြံမြို့ခံ ၃၈ ဦး၏အမည်စာရင်းထည့်သွင်းထားသည့် စာတစ်စောင်ကို ဇွန်လကုန်ပိုင်းတွင် ကြေညာခဲ့သည်။
ထို့နောက် ဇူလိုင် ၂ ရက်တွင် မြင်းခြံမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်းများဖြစ်သည့် ဇနီးမောင်နှံနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ကျူရှင်ဆရာတစ်ဦးလည်းဖြစ်သူ ဦးမိုးဟိန်းနှင့် ဒေါ်စုစုလှိုင်ဇနီးမောင်နှံမှာ မြင်းခြံမြို့ရှိ နေအိမ်၌ပင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ပြီး သေနတ်ဖြင့် အနီးကပ်လုပ်ကြံသူများက “ပျူစောထီးအဖွဲ့က ပစ်တာကွ” ဟု အော်ဟစ်ကြုံးဝါးခဲ့သည်။



