ရန်ကုန်ဆင်ခြေဖုံးက ခြေမသန်တဲ့ ဆယ်ကျော်သက် မစံပယ် (အမည်လွှဲ)ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မိသားစုနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက အယုံသွင်းပြီး ဆိတ်ကွယ်ရာတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။
အမျိုးသမီးအဖွဲ့၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များရဲ့ ကွင်းဆင်းပညာပေးဆွေးနွေးပွဲတွေ တက်ရောက်ဖူးတဲ့ မစံပယ်ဟာ သူအန္တရာယ်ရှိနေပြီဆိုတာကို သိလိုက်တာနဲ့တစ်ပြိုင်နက် အဲဒီလူရဲ့ လက်ထဲကနေ ရှိသမျှခွန်အားသုံးပြီး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပါတယ်။
“သူက သမီးရဲ့ ရင်သားတွေကို ကိုင်လို့ သမီး သူ့လက်တွေကို ကုန်းကိုက်ပစ်တယ်၊ ရှိသမျှအားကုန်သုံးပြီး တွန်းထုတ်ပစ်တယ်” လို့ မစံပယ်က ပြောပါတယ်။
သူအိမ်ပြန်ရောက်တယ်ဆိုရင်ပဲ အကြောင်းစုံပြောပြတော့ မိဘတွေက မတရားပြုကျင့်ဖို့ ကြံစည်ကြိုးစားသူကို တရားစွဲဆိုခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အကူအညီယူပြီး တရားစွဲတာပါ။ ၂ နှစ်ကျော်ကြာ စစ်ဆေးမှုတွေ အပြီးမှာတော့ တရားရုံးက သက်သေခိုင်လုံတဲ့အမှု မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အားနည်းချက် သဖွယ် ထိုးနှက်တတ်တဲ့ လူမှုဝန်းကျင်မှာ မသန်စွမ်းသူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်ပေးမှု ရရှိဖို့က လွယ်လွယ်နဲ့ ဖြစ်မလာပါဘူး။
လိင်ပိုင်းဆိုင်ရာစော်ကားခံရ၊ စော်ကားဖို့ကြံစည်ခံရသူ အများစုဟာ ရင်ဖွင့်ပြောဆိုဖို့၊ တိုင်တန်းကြဖို့ ခဲယဉ်းလှပါတယ်။ မသန်စွမ်းသူတွေလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံရတဲ့အခါ တရားခွင်ကို ရောက်လာဖို့ဟာ တော်ရုံခံနိုင်ရည်နဲ့တော့ မရနိုင်ပါဘူးလို့ မသန်စွမ်းသူများအရေး လုပ်ဆောင်နေသူတွေက မှတ်ချက်ပြုကြပါတယ်။
ဒီအခြေအနေမှာပဲ မသန်စွမ်းသူတို့ အနိုင်အထက်ပြုခံရမှု ဘယ်လောက်ရှိတယ်ဆိုတာ မှတ်တမ်းတင်၊ စစ်တမ်းကောက်ယူမှု အားနည်းနေသေးတာ တွေ့နေရပါတယ်။
စိတ်ဒဏ်ရာ
ပညာအလင်းပွင့် မြန်မာ သုတေသနဖောင်ဒေးရှင်းက ကျား-မ ရေးရာ လုပ်ငန်းအစီအစဉ်မန်နေဂျာ မအေးလဲ့ထွန်းက တချို့မိဘတွေကိုယ်တိုင်က မသန်စွမ်းတွေကို ပစ်ပယ်ထားတာ ရှိတယ်၊ လာဘ်တိတ်တယ်၊ အလုပ်ရှုပ်တယ်၊ ရှက်စရာကောင်းတယ်လို့ ယူဆကြတယ်လို့ ဆိုပါတယ်။
“အခြားသားသမီးတွေနဲ့ အပြင်သွားချိန်မှာ မသန်စွမ်းကလေးတွေကို အိမ်မှာထားခဲ့တာ စတဲ့ ခွဲခြား ဆက်ဆံမှုတွေကို ကလေးဘဝကတည်းက ခံစားကြရတာကြောင့် မသန်စွမ်းအများစုမှာ စိတ်ဒဏ်ရာတွေ ရှိနေတတ်ပါတယ်” လို့ မအေးလဲ့ထွန်းက ပြောပါတယ်။
မသန်စွမ်းသူတွေဟာ အနီးစပ်ဆုံး အသိုင်းအဝိုင်းဖြစ်တဲ့ မိဘ၊ ဆွေမျိုးတွေရဲ့ ဖယ်ကြဉ်ထားမှု၊ လူစဉ် မမီသူတွေလို့ ပြောဆို ဆက်ဆံခံရမှုတို့ကြောင့် စာသင်ခန်းကို ကျောခိုင်းကြရပါတယ်။ မစံပယ်လည်း ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ဖူးသူပါ။
“သမီးကို ကျောင်းတက်တုန်းက သူငယ်ချင်း တွေက ‘အကျိုး…အကျိုး’ လို့ ဝိုင်းခေါ်ကြတယ်၊ သမီးသူတို့နဲ့ မကစားရဘဲ တစ်ယောက်တည်း နေရတယ်၊ စိတ်မကောင်းဘူး၊ ကျောင်းမနေချင်တော့ဘူး” လို့ ဆဋ္ဌမတန်းမှာ ကျောင်းထွက်ခဲ့သူ မစံပယ်က ပြောပြပါတယ်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း သန်း ၅ဝ ရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။
အမြင်အာရုံချို့တဲ့သူပေါင်း ၁,၂၄၉,၇၃၇၊ အကြားအာရုံချို့တဲ့သူပေါင်း ၆၇၃,၁၂၆၊ ဉာဏ်ရည် မသန်စွမ်းသူပေါင်း ၈၃၅,၅၉၈၊ ခန္ဓာကိုယ်မသန်စွမ်းသူပေါင်း ၉၅၇,၇၃၆ ဦးရှိနေတာပါ။
တိုင်းပြည်ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေတဲ့ အများနဲ့ ကွဲပြား စွမ်းဆောင်နိုင်သူ မသန်စွမ်းတွေကို မလိုလားအပ်သူတွေ အဖြစ် မရှုမြင်ဘဲ လုပ်အား အဖြစ် တိုင်းပြည် တည်ဆောက်ရေးမှာ သူတို့ တတ်နိုင်တဲ့ နေရာကနေ ပါဝင် စေရမယ်၊ သူတို့ရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးရမယ် လို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတို့က ထောက်ပြကြပါတယ်။
လက်တွေ့မှာလည်း သူတို့အပေါ် အမြင်သစ်၊ အတွေးသစ်နဲ့ ပြုမူ ဆက်ဆံ နေရာပေးနိုင်ဖို့က တိုင်းပြည်မှာ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီထက်ပို ဆိုးနေတာကတော့ မသန်စွမ်းတွေ လိင်စော်ကားခံရမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နစ်နာမှုတွေက လူအများရဲ့ အာရုံစိုက်ခြင်း မခံရသေးတာပါပဲ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ မသန်စွမ်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းပြုထားတာ အားနည်းနေသေးတယ် လို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းအစီအစဉ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောပါတယ်။
“ကျွန်တော်တို့ မသန်စွမ်းအဖွဲ့တွေမှာ အချက်အလက်တွေ စနစ်တကျ ထိန်းသိမ်းထားတာ သိပ်မရှိဘူး” လို့ ဦးကျော်ကျော်က ပြောပါတယ်။
အမျိုးသမီးတစ်ယောက် မတရားကြံစည်ခံရရင် အနေအထိုင်၊ ဝတ်စားဆင်ယင်မှု၊ အသွားအလာ မဆင်ခြင်လို့ ဖြစ်ရတာဆိုပြီး ပြစ်တင်ပြောဆိုတာ ခံရတတ်ပါတယ်။
မသန်စွမ်းမိန်းကလေး မစံပယ်ဟာလည်း လိင်စော်ကားခံရတဲ့ဖြစ်ရပ်အတွက်နဲ့ ကဲ့ရဲ့ပြောဆိုတာကို ခံရမှာစိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ကလေးသူငယ်နဲ့ အမျိုးသမီးများ သင်တန်းက ဆရာ၊ ဆရာမတွေ လိုက်ပါ ကူညီပေးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့စိတ်နဲ့ တရားရင်ဆိုင် တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာစော်ကားမှု
ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်
မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို ၂ဝ၁၅ ခုနှစ်မှာ ပြဋ္ဌာန်းထားပြီးပါပြီ။ ဒီဥပဒေမှာ မသန်စွမ်းသူတွေဟာ နိုင်ထက်စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုအမျိုးမျိုး အပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ် ရထိုက်ခွင့်ရှိတယ်ဆိုပြီး ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။
ဒီဥပဒေကို လက်တွေ့ကျင့်သုံးရေးအတွက် နည်းဥပဒေ ထွက်လာဖို့ လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ လုပ်ငန်း အစီအစဉ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ထောက်ပြပါတယ်။
“ဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့ အမှုအခင်းတွေဖြစ်လာရင် တိုင်ကြားလို့ရမယ့် ယန္တရားကလည်း မရှိသေးဘူး” လို့ ဦးကျော်ကျော်က ပြောပါတယ်။
တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ ရာဇသတ်ကြီးဥပဒေတွေနဲ့ စွဲချက်တွေဟာလည်း ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာဖြစ်တယ်၊ မသန်စွမ်းတွေကို ဘယ်လိုမေးမြန်းရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ညွှန်ကြားထားဖို့ လိုနေသေးကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ ညွှန်ကြားရေးမှူး တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီကဆိုပါတယ်။
မသန်စွမ်းအမျိုးသမီးတွေကို မှုခင်းရေးရာ မေးမြန်း စစ်ဆေးမှုတွေအတွက် သီးသန့်လမ်းညွှန်ချက်များ ထုတ်ပြန်ထားသင့်တယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။
ရဲစခန်း၊ တရားရုံးစတဲ့ နေရာတွေက စစ်ဆေးမေးမြန်းမှုတွေဟာ သာမန်လူတွေအတွက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်၊ မျက်စိမမြင်သူ၊ နားမကြားသူ၊ စကားမပြောနိုင်သူ၊ ဉာဏ် ရည်မမီသူတွေ စတဲ့ မသန်စွမ်းသူတွေ ပိုပြီး ခက်ခဲကြောင်း မသန်စွမ်းသူများအရေးလုပ်ကိုင်နေသူတို့က ထောက်ပြကြပါတယ်။
လှိုင်သာယာမြို့နယ် မသန်စွမ်းသူများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်က တရားခွင်မှာ မသန်စွမ်းသူတွေ ကြုံရတတ်တဲ့ အခက်အခဲတွေထဲက အချို့ကို ပြောရာမှာတော့
“နားမကြားတဲ့ကလေးတွေဆိုရင် တရားခွင်မှာ အသုံးပြုလို့ရတဲ့ Sign Language (သင်္ကေတ စကားပြောနည်း) လည်း မတတ်ဘူး။ ဒါကိုသင်ပေးတာကလည်း တစ်နိုင်ငံလုံးမှာမှ ရန်ကုန်နဲ့ မန္တလေးမှာ တစ်ကျောင်းစီပဲရှိတယ်။ လွှမ်းခြုံမှု အရမ်းနည်းတော့ အများစုက မသိကြဘူး။ မိသားစုတွင်းမှာသုံးတဲ့ ခြေဟန်လက်ဟန်နဲ့ ပြောတာပဲရှိတယ်။ ဒါကို အနီးစပ်ဆုံး မိသားစုဝင်က ဘာသာပြန်ပေးတာကို တရားရုံးက လက်ခံနိုင်ဖို့ အခက်အခဲရှိတယ်” လို့ ဆိုပါတယ်။
တရားခွင်မှာ ဒီလို အခက်အခဲတွေ ရှိနေတာဟာ မသန်စွမ်းတွေကို အနိုင်ကျင့်စော်ကားဖို့ ချောင်းမြောင်းနေသူတွေအတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)ရဲ့ ညွှန်ကြားရေးမှူး ဒေါ်လှလှရီက ထောက်ပြပါတယ်။
“လက်ရှိကျူးလွန်နေကြတဲ့ မုဒိမ်းမှုတွေဟာ မသန်စွမ်းအမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးတည်ပြီး ကျူးလွန်နေသလားလို့ သံသယဖြစ်မိတယ်” လို့ ဒေါ်လှလှရီက ပြောပါတယ်။
မသန်စွမ်းတွေ မတရားခံရလို့ တိုင်တန်းပြီဆိုရင် ‘ဦးနှောက်က ပုံမှန်မဟုတ်လို့ လျှောက်ပြောနေတာ’ လို့ ယူဆသူများရှိတတ်ကြပြီး၊ မသန်စွမ်းတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေး ရမယ့်အစား ဖုံးဖိဖို့ ကြိုးစားနေကြသူများပင် ရှိနေတယ် ဆိုတာပါပဲ။
ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆန်အိတ်ဟောင်းတွေ ကာထားပြီး၊ သုံးထပ်သားပြား အပိုင်းလေးတွေ ဟိုတစ်စ ဒီတစ်စခင်းထားတဲ့ ခပ်နိမ့်နိမ့် ခပ်ယိုင်ယိုင် အိမ်လေးထဲမှာတော့ ဘယ်အရာတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ အမှန်တရားဆိုတာ တစ်နေ့ပေါ်မှာပါလို့ ယုံကြည်နေတဲ့ မသန်စွမ်းသူလေး မစံပယ် ရှိနေပါတယ်။
“သမီး မတရားခံရတာလေ။ သမီးမှာလည်း သိက္ခာနဲ့ပါ။ ဒီတရားရုံးမရရင် နောက်တရားရုံးတက်မှာပဲ။ သမီး ဘယ်တော့မှ အလျှော့မပေးဘူး” လို့ မစံပယ်က ပြောလိုက်ပါတယ်။ ။