အသက် ၆၆ နှစ်အရွယ် အငြိမ်းစားအင်ဂျင်နီယာ Christopher Behn သည် ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
တရားရုံးက သူသည် “လိင်ခရီးသည်” ဖြစ်ကြောင်း၊ အကာအကွယ်ပေးရမည့်အရွယ်ဖြစ်သော ကလေးငယ်များကို သူ၏ ဓနအင်အားသုံးကာ ပစ်မှတ်ထားအနိုင်ကျင့်ခဲ့ကြောင်း မှတ်ချက်ပြုထားသည်။
သူက ကလေးများကို ပုံပေါင်း ၂၆၅ ပုံ ရိုက်ယူခဲ့သည်။
၂၀၂၀ တွင် ရဲက သူ့ကွန်ပျူတာကို သိမ်းယူစစ်ဆေးရာမှာ အသက် ၅ နှစ်မှ ၉နှစ်ကြား ယောက်ျားလေး ၁၁ ဦး အဝတ်ချွတ်နေပုံအဆင့်ဆင့်ကို ရိုက်ယူထားသည့် ပုံများ တွေ့ခဲ့ရသည်။
တစ်ယောက်ချင်းစီအတွက် ပုံပေါင်းများစွာ ရိုက်ယူခဲ့ခြင်းဖြစ်သည်။
ပုံတစ်ပုံတွင် Behn က လက်အိတ်ဝတ်ထားသည့် လက်တစ်ဖက်ဖြင့် ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားနေသည့်ပုံ ရိုက်ထားသည်။
Behn က ကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ၁ ကြိမ် စော်ကားမှု၊ ကလေးများကို လိင်ပိုင်းဆိုင်ရာ ကိစ္စတွင် ပါဝင်စေမှု ၈ မှု၊ ကလေးများကို မသင့်လျော်သည့် ဓာတ်ပုံများ ရိုက်ကူးမှု ၂ မှု ကျူးလွန်မိကြောင်း တရားခွင်တွင် ဖြောင့်ချက်ပေးခဲ့သည်။
Behn သည် တရားခွင်အစမှာပင် ချက်ချင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရှေ့နေ Kevin Toomey က ဆိုသည်၊
“သူက အသက်လည်း ကြီးနေပါပြီ။ အငြိမ်းစားလည်း ယူထားပါတယ်။ မိတ်ဆွေအများအပြားကိုလည်း သူဆုံးရှုံးသွားပါပြီ” ဟု ရှေ့နေက ပြောသည်။
“မြို့ထဲက သေနတ်ဝါသနာရှင်အဖွဲ့မှာ သူ အဖွဲ့ဝင်ဖြစ်ခဲ့တာ အနှစ် ၄၀ ရှိပါပြီ။ အခုတော့ သူ့လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်လည်း သိမ်းခံလိုက်ရပါပြီ”
“သေနတ်တွေဟာ သူ့ရဲ့နောက်ထပ်ဝါသနာတစ်ခုပါ။ အခုတော့ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သိမ်းခံလိုက်ရပြီဖြစ်တဲ့အတွက် အဲ့ဒီနယ်ပယ်က မိတ်ဆွေတွေအားလုံးကိုလည်း ဆုံးရှုံးလိုက်ရပါပြီ။ ဒါ သူ့အပြစ်မှန်းလည်း သူသိပါတယ်။ ဒီအပြစ်နဲ့ပဲ တစ်သက်လုံးသူနေသွားရတော့မှာပါ”
တရားသူကြီးက သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားတတ်သည့် အန္တရာယ်ကောင်အဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။ ထို့အပြင် သီးခြား ဆိုင်းငံ့ထောင်ဒဏ်လည်း ၆ နှစ် ချလိုက်သည်။
“အချက်အလက်တွေက သိသာပါတယ်။ ခင်ဗျားက လိင်ခရီးသည်တစ်ဦးအနေနဲ့လည်း ကျော်ကြားတာပဲလေ” ဟု တရားသူကြီးက ပြောသည်။
”ခင်ဗျား အာရှဘက်ကို ခရီးသွားတယ်၊ မြန်မာနိုင်ငံကိုမှ သွားခဲ့တာ။ မြန်မာနိုင်ငံဆိုတာ ဒီနှစ်တွေအတွင်း သတင်းတွေမှာ အမြဲမပြတ်ပါနေတဲ့ နိုင်ငံလေ”
“လူကြီးတွေရော ကလေးတွေကိုပါ သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးအနေအထားကြောင့် အကာအကွယ်ပေးရမယ့် အခြေအနေဖြစ်နေတဲ့ နိုင်ငံလေ”
“ခင်ဗျားကိုတော့ ချမ်းသာတဲ့ ခရီးသွားလို့ မြင်ခဲ့ကြ၊ မြင်နေကြမှာပေါ့”
“ခင်ဗျားဓာတ်ပုံတွေ ရိုက်ခဲ့၊ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာဟာ အသက် ၅ နှစ်နဲ့ ၉ နှစ်ကြားမှာ ရှိတဲ့၊ အလွန်ငယ်ရွယ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သေးတဲ့ ကလေးတွေပဲ”
“ခင်ဗျားကျူးလွန်ခဲ့တဲ့ အပြစ်တွေဟာ ခင်ဗျား လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်ဖို့အတွက်ဆိုတာ သိသာထင်ရှားနေတာကြောင့် လျှော့ရက်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့အရာရှိဆီမှာ အမှန်အတိုင်း ဝန်ခံရပါမယ်”
Behn သည် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုမကျူးလွန်ရန် တားမြစ်မိန့်ကို ချိုးဖောက်သူအဖြစ် လူသိများလာသည်။ လိင်စော်ကားမှုကျူးလွန်သူများမှတ်ပုံတင်စာရင်းတွင် သူ့အမည်ကို သူ့တစ်သက်တာ ထည့်သွင်းထားကြမည် ဖြစ်သည်။
Behn သည် ၁၉၈၇ ခုနှစ်ကလည်း ကလေးငယ်တစ်စုကို တောထဲ ခေါ်သွားပြီး ဓာတ်ပုံရိုက်ခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။
(ယူကေနိုင်ငံ Gazette News တွင် ဇူလိုင် ၈ ရက်နေ့က ဖော်ပြခဲ့သည့် Myanmar sex tourist used wealthy status to abuse 11 young boys သတင်းကို ဘာသာပြန်ထားခြင်း ဖြစ်သည်)



