အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သုံးရက်အတွင်း ရာဇဝတ်သား နှစ်ထောင်ကျော် စစ်ကောင်စီလွှတ်ပေး 

အာဏာမသိမ်းမီက ရာဇဝတ်ပြစ်မှု ၁၁ မျိုးဖြင့် ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ရမည်ဟု စစ်ကောင်စီက ဇူလိုင် ၂၀ တွင် ကြေညာခဲ့ပြီးနောက် သုံးရက်အတွင်း နိုင်ငံအနှံ့ အကျဉ်းထောင်နှင့် ရဲစခန်းအသီးသီးမှ အချုပ်သားနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေးနှင့် ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်နှင့် ရဲစခန်းများမှ အချုပ်သား ၁၁၀၀ ကျော် လွှတ်ပေးပြီးဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၄) တွင် ထုတ်ပြန်ကြေညာခဲ့ပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာထားချက်များအရ ရန်ကုန်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အချို့သော အကျဉ်းထောင်များမှ လွတ်မြောက်လာသူ ၁၀၀၀ ကျော်ရှိသည်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်သူအရေအတွက်ကို စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အချုပ်သား ၁၀၀၀ ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ် ကျိုင်းတုံနှင့် တာချီလိတ်ရှိ အကျဉ်းထောင်များမှ ၂၃ဦး လွတ်မြောက်ခဲ့ကြောင်း ဒေသအခြေစိုက်သတင်းဌာနအချို့က ဖော်ပြထားသည့်နည်းတူ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ လွတ်မြောက်သူ ရာဇဝတ်သား ၁၉၅ ဦးရှိကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ခံတစ်ဦးက Myanmar Now ကို အတည်ပြုထားသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကို အကြောင်းပြကာ ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက် မှုစသည့် အမှုအမျိုးအစား ၁၁ ခုတွင် အကျုံးဝင်သည့် ရာဇဝတ်သားများကို စစ်ကောင်စီက လွှတ်ပေးနေခြင်းဖြစ်သည်။ 

ထိုသို့ကပ်ရောဂါကို အကြောင်းပြထားသော်လည်း အကျဉ်းဦးစီးဌာနသည် ပြန်လွှတ်ပေးလိုက်သူများကို ကိုဗစ်ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးပေးခဲ့ခြင်းမရှိကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ဆိုသည်။ 

“စာရင်းတိုက်ပြီးတော့၊ သုံးခါလောက်(စာရင်း)စစ်ပြီးတော့ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တယ်။ အပူချိန်လည်း မတိုင်းဘူး။ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာ။ မိသားစုတွေလည်း ဒီအတိုင်း လာကြိုကြတာပဲ။ အကုန်လုံး Mask တော့ တပ်ထားတယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ထိုသို့ ကိုဗစ်ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးမပေးဘဲ ပြန်လွှတ်ပေးသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အထက်ပါပြန်လည်လွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးက ဝေဖန်သည်။

“တကယ့်စိတ်စေတနာ မှန်တယ်ဆိုရင် ဒီကိုဗစ်ရောဂါ မပြန့်ပွားအောင် တကယ်သာ အားစိုက်ထုတ်ပြီးတော့ လုပ်ကိုင်နေတယ်ဆိုရင် ဒီဟာ(ကိုဗစ်စစ်ဆေးခြင်း)မျိုးတွေကအစ အကုန်စဉ်းစားရမယ်လေ။ စဉ်းစားပြီးတော့ ဘယ်လိုမျိုး စစ်ဆေးမလဲ။ ဘယ်လိုမျိုး ခွဲခြားပို့ဆောင်မလဲ။ လူတွေကို မထိတွေ့အောင် ဘယ်လိုဆိုပြီးတော့ စီစဉ်ပြီးလုပ်ပေးရမှာလေ”ဟု ၎င်းက ဆိုသည်။

အထက်ပါ အခြေအနေနှင့် ပတ်သက်၍ အင်းစိန်ထောင်အာဏာပိုင်များထံ Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

သို့သော် Myanmar Now က အဆက်အသွယ်ရရှိခဲ့သည့် အကျဉ်းဦးစီးဌာနအရာထမ်းတစ်ဦးကမူ အကျဉ်းထောင်များသို့ ရောက်ရှိလာချိန်တွင် ခွဲခြားကန့်သတ်စောင့်ကြည့်သည့် အစီအမံရှိသော်လည်း ပြန်လွှတ်ချိန်၌မူ ကိုဗစ်ကူးစက်ခံရမှု ရှိမရှိ စမ်းသပ်စစ်ဆေးမှုမရှိဟု ပြောသည်။

“ကျွန်တော်တို့ကလည်း တစ်ခါမှ ဘယ်သူမှလည်း မစစ်ကြဘူးလေ။ ကိုယ်အပူချိန်တိုင်းတယ်၊ Mask ပေးလိုက်တယ် ဒါပဲ”ဟု ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းတတိယလှိုင်းကြုံနေရချိန် ဇူလိုင်လဆန်းမှစ၍ အကျဉ်းထောင်အသီးသီးတွင် ရောဂါကူးစက်ခံထားရသူ ၃၇၅ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးသာရှိသေးကြောင်း စစ်ကောင်စီက ဇူလိုင် ၂၁ တွင် သတင်းထုတ်ပြန်ထားသည်။ ၎င်းတို့ထုတ်ပြန်သည့် သေဆုံးစာရင်းတွင် ပါဝင်သူတစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဖြစ်သည်။

သို့သော် ထိုသို့ အခြေအနေကြုံနေရချိန်တွင် ဆေးကုသခွင့်ပင်မရဟု နာမည်ဆိုးထွက်နေသည့် အင်းစိန်အကျဉ်းထောင်အတွင်း၌ တောင်းဆိုဆန္ဒပြမှု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button