သတင်း

အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ အင်းစိန်ထောင်အတွင်း၌ ယနေ့(ဇူလိုင်၂၃) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြလျက်ရှိကြောင်း လူမှုကွန်ရက်တွင် ရုပ်သံဖိုင်များတွေ့ရှိရသည့်နည်းတူ ထောင်ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကလည်း အတည်ပြုထားသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင် မှ ၈ နာရီကျော်အထိ ထိုသို့ကြွေးကြော်သံများ ထွက်ပေါ်ခဲ့ကြောင်း အင်းစိန်ထောင်အနီး၊ ရွာမအလယ်ရပ်ကွက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီး‌ နေထိုင်သူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“စစ်အာဏာရှင်ကျဆုံးရေး- ဒို့အရေး၊ ဒို့အရေး။ သပိတ် -သပိတ်၊ မှောက် မှောက်။ အရေးတော်ပုံ- အောင်ရမည်။ ပြည်သူ့အာဏာ-ပြည်သူ့ပြန်ပေး”စသည့် ကြွေးကြော်သံများဟစ်ကြွေးကြသလို သွေးသစ္စာသီချင်းသီဆိုသံကိုလည်း ကြားရကြောင်း ၎င်းက ဆက်ပြောသည်။

အင်းစိန်ထောင်၌ ထိုသို့ ကြွေးကြော်ဆန္ဒပြသံများ ကြားရပြီးနောက် စစ်ကားများဝင်ရောက်သွားသည်ဟု အဆိုပါ ရပ်ကွက်နေပြည်သူက ဆိုသော်လည်း အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ထို့ပြင် အင်းစိန်ထောင်အတွင်း ယနေ့နံနက်ပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြသူများတွင် အကျဉ်းကျနေသူများအပြင် ထောင်ဝန်ထမ်းများပါ ပါဝင်သည်ဟု အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရထားရသူများနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။ 

ကိုဗစ်တတိယလှိုင်းနှင့်ကြုံရချိန်တွင် အင်းစိန်ထောင်အတွင်း ဖျားနာနေသူများနေ၍ ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်ရရှိစေရန် တောင်းဆိုခြင်းဖြစ်ကြောင်း၊ ထောင်ဝန်ထမ်းအချို့ပါဝင်သည်ဟု ကြားသိထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း ပြောသည်။

“ထောင်ထဲမှာ ဖျားနာနေတာတွေရှိနေလို့ ကျန်းမာရေးစောင့်ရှောက်ခံခွင့်မရလို့ ရပိုင်ခွင့်ကို တောင်းဆိုနေကြတာလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အတူ ကြွေးကြော်ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်အတွင်းသို့ စစ်ကားများဝင်သွားသည်ဟု ထပ်မံကြားသိရသဖြင့် နှိပ်စက်ခံရမည်ကို စိုးရိမ်ကြောင်း ကိုဘိုကြည်က ပြောသည်။

“အကြမ်းဖက်ဖြိုခွင်းမှာကို စိုးရိမ်တယ်။ ပြဿနာကို ပြေပြေလည်လည်နဲ့ ကိုင်တွယ်စေချင်တယ်။ နောက်ပြီး ထောင်ဝန်ထမ်းတွေပါတယ်လို့ ကြားသိရပါတယ်။ သူတို့လည်း အကျဉ်းသားတွေနည်းတူ ခံစားနေရတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Facebook လူမှုကွန်ရက်တွင် ပေါ်ထွက်လာသည့် ရုပ်သံဖိုင်အချို့တွင် အင်းစိန်ထောင်အတွင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဆက်တိုက်ပေါ်ထွက်နေသည်ကို ကြားရသည်။ အဆိုပါ ရုပ်သံဖိုင်မှာ ထောင်၏ မည်သည့်အရပ်မျက်နှာဘက်မှ ရိုက်ကူးထားသည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ 

အင်းစိန်လမ်းပေါ်ရှိ အင်းစိန်ထောင်မကြီး မိန်းပေါက်ရှေ့တွင် နေထိုင်သူတစ်ဦးကမူ အကျဉ်းထောင်မျက်နှာစာဘက်၌ မည်သည့်အသံမျှမကြားရသော်လည်း စစ်ကားများရပ်တန့်ထားသည်ကို တွေ့ရသည်ဟု ဆိုသည်။ 

အင်းစိန်ထောင်အတွင်း ထိုသို့ကြွေးကြော်ဆန္ဒပြသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ရာဇဝတ်အကျဉ်းသားများလွှတ်မည်ဆိုသော စစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ အကြောင်းပြကာ အာဏာမသိမ်းမီက ပြစ်မှု ၁၁ မျိုးဖြင့် ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ရမည်ဆိုသော စစ်ကောင်စီ၏ လုပ်ရပ်သည် ရိုးသားမှုမရှိဟု ဝါရင့်ရှေ့နေတစ်ဦးက ဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အင်းစိန်ထောင်အာဏာပိုင်များထံ Myanmar Now က ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။

သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမည်။

Show More

Related Articles

Back to top button